နေစရာအိမ်ဆောက်မယ်ဆိုရင်

Astrology
နေစရာအိမ်ဆောက်မယ်ဆိုရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေစရာအိမ်ဆောက်မယ်ဆိုရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေစရာအိမ်ဆောက်မယ်ဆိုရင်

အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ် ။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက~~~~

“အိမ်သစ်ဆောက်လိုများလူဗိုလ် ၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ ၊
နှစ်မူသူကြွယ်သား ။
လေးခုကြွင်းငြား၊ရွှေလှေခါး၊
ငါးကားရွှေပြဿဒ် ။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ် ၊
အိမ်သစ်မဆောက်အပ်တဲ့ ။
လင်္ကာရဲ့သဘောကဒီလိုပါ ။”

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ ။
{၁}=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို ၊
{၂}=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါ…သတဲ့ ။
{၄}=ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး ၊
{၅}=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ် ။
၃၊ ၆ ၊ ၇ နဲ့ ၀ ကြွင်းရင်တော့ ဒီအသက် ၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး ။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ ၊ စီးပွားပျက်တာ ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ် ။

အိမ်သစ်ဆောက်မယ့် မြေရွေးရဦးမယ် ။

အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင် ၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ် ။ စနစ်တကျရွေးချယ်မှ အိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ် ။

မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

စီးပွားဖြစ်တတ်စွာ ။
အဆင်းနီလွင်မြေဘုရင် ၊ အဆင်းဖြူငြားမြေပုဏ္ဏား ၊မင်းလျှင်ဖြစ်တတ်ပါ ။
အဆင်းနက်ကမြေဒါသ ၊ ဒုက္ခဘေးတွေ့ရာ ။
အဆင်းဝါဘိမြေပကတိ ၊ သုခိအဝေရာ ။
အဆင်းပြာလျှံ ၊ ကေသပံ ၊ နိုင်ငံတည်ထောင်ရာ ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊
ဆောက်ထားဇရပ်သာ ။
မြေဒါသမှာဥယျာဉ်သာ ၊
လယ်မှာလုပ်လေပါ ၊
မြေပကတိကိုရဟန်းဆို ၊
နေလို့ကောင်းလေစွ ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ် ၊ ကျောင်း ၊ ဇရပ် ၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ် ။

ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာ စီးပွားတက်မယ် ။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ် ။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ် ။

အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ် ။ ဒီမြေမှာ အိမ်မဆောက်သင့်ဘူး ။ ဘေးရန်များတတ်တယ် ။

ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါ…သတဲ့ ။

အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး ဆောက်သင့်တယ်လို့ယူဆရပါ ။ နိုင်ငံအကြီးအကဲတွေရဲ့အရေးပါတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။

မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။ ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။

ဒီလမှာ အိမ်သစ်ဆောက်ပါလ။ အိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ ၊ ဆောက်သင့်တဲ့ မြေလဲရပြီ ၊ ကဲ အိမ်သစ်ဆောက်ကြစို့ ။ အဲ…တစ်ခု ကျန်သေးတယ် ။ ဘယ်လမှာ ဆောက်မလဲ ။

လင်္ကာလေးကို ဖတ်ကြည့်ပါဦး ။

“လတန်ခူးမှာ အိမ်ဆောက်ခါ ၊ ချမ်းသာပြည့်ကြွယ်၀ ။
လကဆုန်မှာဆန်စပါး ၊ ပေါများကြွယ်တက်လှ ။
ဝါခေါင် နတ်တော်လတွင်အိမ်ဆောက်လျှင် ၊
ငျလမှာအိမ်ဆောက်ခါ ၊ ဥစ္စာတိုးပွားရ ။
ပေါ်ထင် ကျော်စောစွ ။
ပြာသိုလမှာလူတကာ ၊ များစွာချီးမွမ်းရ ။
တပေါင်းလ၀ယ် ၊ ချမ်းသာကြွယ် ၊ ဆောင်းဖွယ်
ဤခြောက်လ ။

လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော် ၊ အကျဉ်းရုံးပြောရရင် တန်ခူးလ ၊ ကဆုန်လ ၊ ဝါခေါင်လ ၊ နတ်တော်လ ၊ ပြာသိုလ ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ် ။ ဆောက်ရင် ကောင်းတယ် ။ သူ့လနဲ့သူစီးပွားတက်တာ ၊ စပါးထွက်တာ ၊ ချမ်းသာတာ ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ် ။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ ၊ ဝါဆိုလ ၊ ဝါဆိုလ ၊ တော်သလင်း ၊ သီတင်းကျွတ် ၊ တန်ဆောင်မုန်း ၊ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး ။ လရွေးပြီးရင် နေ့လဲရွေးပေးဦး ။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီး ဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ် ။

လင်္ကာကလေးကဒီလိုပါ ။
“တနင်္ဂနွေတွင်အိမ်ဆောက်လျှင် ၊ မရွှင်စိတ်သောက ။
နေ့တနင်္လာလွန်ချမ်းသာ ၊ အင်္ဂါ လာဘ်ကြီးရ ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ ၊ ရံခါ ချမ်းသာရ ။
ကြာသပတေးမှာအိမ်ဆောက်ခါ ၊ ရောဂါကင်းစင်ပ ။
နေ့ကားသောကြာအေးကြည်စွာ ၊ ရံဖန်ပူပင်ရ ။
စနေနေ့မူအိမ်ဆောက်သူ ၊ ဗိုလ်လူညှင်းပမ်းကြ ။”

ဒီလင်္ကာသဘောအရ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး ။ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ ၊ တနင်္ဂနွေမှာတော့ လုံး၀မကောင်းနိုင်ဘူး ။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့ ၊ အင်္ဂါနေ့ ၊ ကြာသပတေးနေ့ တို့ပါပဲ ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ ။

မြေကျစ်အားက ဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကို ဗေဒင်ဟောတတ်ပါ…သတဲ့ ။

ဟောပုံက-

“အိမ်ကျောင်းဆောက်ရာ ၊ မြေကိုသာ ၊ သေချာမှတ်ပြီးမှ ။ ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း ၊ ချိန်နော်ကြည့်အပ်လှ ။ တစ်ကျပ် ပြည့်လတန် ၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ ။
သုံးကျပ်လေးကျပ် ၊ မတောင်းတတ် ၊ ငါးကျပ်မေတ္တာမျှ ။ ခြောက်ကျပ်မှာ လာဘ် ၊ ခုနှစ်ကျပ် ၊ အရပ်ပြောင်းရွေ့ရ ။ ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ ၊ ကိုးမွာ သိဒ္ဓိကပ် ၊
တစ်ဆယ်ဘေးမှတ် ၊ ဆယ့်တစ်ကျပ် ၊ တိုးတက်သက်ဇီ၀ ။ ဆယ့်နှစ်ဆယ့်သုံး ၊ ချိန်ကျပ်နှုန်း ၊ ရွှင်ပြုံးချမ်းသုခ ။
ဆယ့်လေးချစ်ခင် ၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ ။
ဆယ့်ခြောက်ကောင်းစွန် ၊ တစ်ဆယ့်ခွန် ၊ အလွန်မျက်ထွက်စွ ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ ၊ ဆောက်ခါနေထိုင်ကြ ။ ကြံတိုင်းလည်းအောင် ၊ သိဒ္ဓိဆောင် ၊ လူ့ဘောင်ကျော်ဇောလှ…တဲ့ ။

ဒီလင်္ကာကို (Burmese to Burmese)ဘာသာပြန်ရရင်~~
အိမ်တို့ ၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန် ၊ ပန်း ၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ် ၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ် ။

ပြီးရင်တူရွင်းနဲ့ မြေကို တစ်ကော်ကော်လိုက်ရမယ် ။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ် ။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး ။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ ။

ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ~~
တစ်ကျပ်သားရှိရင်ဆင်းရဲမယ် ။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ် ။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး ။
ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ် ။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ် ။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ် ။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ် ။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ် ။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ် ။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ် ။
ဆယ့်နှစ်ကျပ် ၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ် ။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ် ။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ် ။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ် ။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ အမျက်ထွက်တာတွေ ဖြစ်မယ် ။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ

ဒီလိုမြေကို စနစ်တကျရွေး ၊ အိမ်ဆောက်မယ့် ၊ နှစ်၊ လ ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ် ။ ပူဇော်ရာမှာ တင်လှူရတဲ့ ၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ် ။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။

“ဥုံ ဘုမ္မိရာဇာ ၊ မြေသင်္ချာကို ၊ အစိုးရသည့် နဂါး သနင်း ၊ မြေနတ်မင်း ၊ ကောင်းခြင်းတိုင်မြဲ ၊ ပန္နက်သဲက ၊ စသည်ရုံပေါင်း ၊ ခြပုန်းတောင်ပို့ ၊ ဤသို့တစ်ကြောင်း ၊ ရှေးသူဟောင်းတို့ ၊ မကောင်းချွတ်လွဲ ၊ မြေထဲလားမြုပ် ၊ အရုပ်ဆင်းချ ၊ ဆိုရေးစသား ၊ ဒေါသကင်းရေး ၊ ကောင်းရာဆေးလော့ ၊ သူ့သွေးသွန်ရာ ၊ ဆရာပြုဟောင်း ၊ မကောင်းတစ်ဆေ ၊ နေ့တွင်သည်ကား ၊ ဝေးဝေးရှား၊ ဘုရားရုပ်တု ၊ ဆင်းတုမလွတ် ၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း ၊ ကော်ရော်ရိုညွတ် နတ်တကာတို့ ၊ မပါစေကြောင်း ရေကြောင်းဆေးမည် ။

အလျှံတည် ၊ အရောင်ညီးညီး ၊ လင်ပန်းကြီး နှင့် ၊ ပွဲကြိုနတ်ယကာ ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ ၊ ဆေးကားလက်ဝဲ ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ် ၊ ယွင်းချွတ်သော်လည်း ၊ နတ်ရှင့်ပွဲတော် ၊ စားတော်ခေါ်လော့ ၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ် ။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ် ။

တိုင်ထူရင် ရှောင်ရမယ့်အသား

အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ် ။ အဲဒီအသားတွေကတော့ မိချောင်း ၊ မအူ ၊ သခွပ် ၊ သျှိသျှား ၊ သီးသား ၊ သပြေသား ၊ သစ်ဆိမ့်သား ၊ ရေသာသား ၊ ကေလာသား ၊ လက်ပံသား ၊ လဲဝါတို့ဖြစ်ပါတယ် ။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ် ။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ် ။

ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ် ။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ် ။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ် ။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ် ။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ် ။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ် ။

ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ် ။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ် ။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ် ၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး ။
ဒါတွေလဲရှောင်ရဦးမယ် ။

အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ –
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး ။ ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး ။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ် ။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး ။ ရှိနေရင် ဖြတ်ပစ်ရမယ် ။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး ။ ထုတ်တွေ ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး ။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ် ။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး ။

အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ် ။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ် ။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ် ။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ် ။

အိမ်အကာအကွယ်

အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ် ။
ကာကွယ်ပုံမှာ…..
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။

အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ –
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ် ။

ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည် ၊ ငွေရည် ၊ စိန်ရည် ၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ် ။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း ၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ် ၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက် ၊ ရှောင်ကြ ၊ ဆောင်ကြတဲ့အချက်တွေပါ ။ ခေတ်နဲ့ လျော်ညီစွာရှိတယ် ၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...