အင်္ဂလိပ်မွေးရက်ကပြောသောသင့်အကြောင်း

Astrology
အင်္ဂလိပ်မွေးရက်ကပြောသောသင့်အကြောင်း

အင်္ဂလိပ်လ မည်သည့်လတွင်မဆို ဒီရက်တွေမှာမွေးခဲ့ရင်…

(1) ရက် နေ့တွင် မွေးဖွားသူများသည် စိတ်ဓာတ် ကြံ့ခိုင် သူဖြစ်၏။ ရည်ရွယ်ချက်၊ရည်မှန်းချက် ပြင်းထန်သူ တစ်ဦး ဖြစ်သည် ။ ပြတ်သားသောထက်မြက်သောစိတ်ဓာတ်ရှိသည် ။ လမ်းရိုးလမ်းစဉ်ကို မလိုက်တတ်ဘဲ ၊ ဆန်းသစ် တီထွင်မှုစွမ်းရည် ရှိသည် ။ တစ်ယူသန်ခေါင်းမာသော စိတ်ဓာတ်မျိုးလည်းရှိသည် ။ လက်တွေ့ဆန်ဆန်ပြုမူတတ်သော်လည်း တစ်ခါတစ်ရံ စိတ်ကူးယဉ်လွန်းသည် ။ အကျိုးအကြောင်းပေါ်မူတည်ပြီး ဖြေရှင်းတတ်သည် ။ သို့သော် အတ္တဆန်သည် ။ တစ်ကိုယ်ကောင်း စိတ်ရှိတတ်သည် ။

(2) ရက်နေ့တွင် မွေးဖွားသူများသည် စိတ်မတည်ငြိမ်မှုရှိသည် ။ စိတ်လှုပ်ရှားလွယ်သူဖြစ်သည် ။ အများနှင့်ဆက်ဆံရေး၌ ကောင်းမွန်သည် ။ လိမ္မာပါးနပ်သည် ။ အရာရာတိုင်း၌ အမှားမကျုးလွန်မိစေရန် အစဉ်အမြဲသတိနှင့်နေတတ်သည် ။ ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှုခံရသူဖြစ်သည် ။ သို့သော် စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းတို့ကို ဖျောက်ဖျက်နိုင်စွမ်း မရှိကြချေ ။ မည်သို့ပင်ဆိုစေ ၎င်းတို့သည်ကောင်းကျိုးပြုတတ်သည့် ရည်မှန်းချက်မျိုးရှိပြီး ၊ စိတ်ကူးစိတ်သန်းကောင်းမွန်ခြင်း ၊ ခံစားချက်ရှိခြင်းတို့ကြောင့် ကဗျာဆရာ ၊ သီချင်းရေးဆရာ စသည်တို့ဖြစ်တတ်ကြသည် ။

(3)ရက်နေ့တွင်မွေးဖွားသူသည် လက်ရှိအခြေအနေတွင် ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သည် ။ ၎င်းတို့သည် အမြဲပင် အလုပ်ရှုပ်နေတတ်မည် ။ အချိန်ကိုအားလပ်ခွင့်မပေးတတ်ဘဲ တစ်ခုမဟုတ်တစ်ခုဖြင့် လှုပ်ရှားအသုံးချနေတတ်သည်။ သို့သော် တစ်ခုထူးခြားသည်မှာ ၎င်းတို့သည် ဆန့်ကျင်ဘက်ကိစ္စတို့၌ စိတ်ဝင်စားနေတတ်သည်။ ဥပမာ အားကစားလိုက်စားရင်း လိင်မှုကိစ္စ၌ စိတ်ပါနေမှုမျိုးဖြစ်သည် ။

ဆက်ဆံရေးကောင်းမွန်ပါသည် ။ စကားပြောလည်းကောင်း ပြီး သူတစ်ပါးအား ဆွဲဆောင်နိုင်စွမ်းရှိသည် ။သို့သော် အပြောင်းအလဲ လှုပ်ရှားမှုတို့ကို နှစ်သက်ခြင်းကြောင့် ဘဝအရေးအခင်းတို့တွင် အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်ပြောင်းလဲတတ်သည်။ ခိုင်မြဲသော စိတ်ဓာတ် ထားနိုင်ဖို့ လိုအပ်သည် ။ စိတ်ကူး စိတ်သန်းတို့မှုကောင်းမွန်ပါသည် ။ သူတစ်ပါး၏ ခုတုံးအသုံးချခံရမှု အခွင့်အရေးယူခံရမှု သစ္စာဖောက်ခံရမှုမျိုးရှိသည် ။

(4)ရက်နေ့တွင်မွေးဖွားသူသည် စိတ်ဓာတ်တည်ကြည်မှုရှိသည် ။ လုပ်ငန်းဆောင်တာ ဆောင်ရွက်ရာ၌ စည်းစနစ်ကြီးပြီး ပီပီပြင်ပြင် လုပ်ကိုင်တတ်သည် ။သို့သော် တစ်တရံ ရှေးဆန်သော အတွေးအခေါ် လုပ်ဆောင်ချက်များရှိသည် ။ မိသားစုနှင့် ချစ်ခင်သူ အပေါ် သံယောဇဉ် ကြီးသည် ။ ၎င်းတို့၏ ယုံကြည်ချက် ၊ထင်မြင်ချက် ၊ အယူအဆတို့ကို ဇွတ်လက်ခံတတ်သည် ။ခေါင်းမာသည် ။တယူသန်သည် ။ တာဝန်နှင့်ဝတ္တရားကိုမှု ခေါင်းမရှောင်တတ်ဘဲ လျင်မြန်စွာ ပြီးမြောက်သည် အထိ လုပ်ကိုင်တတ်သည် ။

(5)ရက်နေ့တွင်မွေးဖွားသူသည် ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သည် ။စိတ်ဓာတ်အားဖြင့် မှုမတည်ငြိမ်တတ်ချေ ။ ပြောင်လဲခြင်း ၊လှုပ်ရှားမှုတို့ကိုနှစ်သက်သည် ။ စိတ်ထဲပါရာ ပြုလုပ်ချင်သည် ။ အရာတစ်ခုကိုသာ ကြိုးစားလုပ်ကိုင်တတ်သည် ။ ဆန္ဒ မရှိလျှင် မလုပ်ကိုင်တတ်ချေ ။ ဆက်ဆံရေးကောင်းမွန်သဖြင့် အပေါင်းအသင်းမိတ်ဆွေ ပေါများသည် ။ အဝတ်တန်ဆာကို အထူးဂရုပြုတတ်သူဖြစ်သည် ။ ယောက်ျားဖြစ်က မိန်းမများ နှင့် အရှုပ်အရှင်းဖြစ်တတ်သည် ။

(6)ရက်နေ့တွင်မွေးဖွားသူသည် သည်းခံမှုရှိပြီး စိတ်ရှည်ရှည် နေထိုင်တတ်သူများ ဖြစ်ကြသည် ။ စိတ်ဓာတ်ကြံ့ခိုင်မှုလည်း ရှိကြသည် ။ တာဝန်နှင့်ဝတ္တရားကိုလည်း သိနားလည်ခံယူသူများ ဖြစ်ကြသည် ။ စိတ်တိုင်းကျရွေးချယ်ပြီးမှသာ ပေါင်းသင်းတတ်သဖြင့် သူငယ်ချင်းအသိုင်းဝိုင်း နည်းပါးသည် ။ စိတ်လှုပ်ရှားလွယ်သော်လည်း တော်တော်နှင့် မပြေတတ်ချေ ။ ငွေရေးကြေးရေး ကံကောင်းတတ်သည် ။ သားသမီးအပေါ် သံယောဇဉ်ကြီးမားသော်လည်း သားသမီးအကျိုးမခံစားရတတ်ချေ ။

(7)ရက်နေ့တွင်မွေးဖွားသူသည် ဥာဏ်ကောင်းသည် ။ ထက်မြက်သည် ။ အရာရာကိုတွေးတောဆင်ခြင် သုံးသပ်မှုဖြင့် ပိုင်းခြားဝေဖန် တတ်မှုကြောင့် အောင်မြင်မှုရသည် ။ ခေါင်းမာသည် ။တယူသန်သည် ။ သူတစ်ပါးထင်မြင်ချက်ကို အရေးမထားတတ်ချေ ။ စိတ်လှုပ်ရှားလွယ်သော်လည်း ခံစားမှုမရှိတတ်ချေ ။ စိတ်ဓာတ်အားဖြင့်မားသူတစ်ဦးဖြစ်သည် ။ ၎င်းတို့ တွင် အရည်အချင်းကောင်း တစ်ခုစီရှိကြသည် ။ သွားလာလှုပ်ရှားမှုကို နှစ်သက်ပြီး ဤကဲ့သို့ အလုပ်အကိုင်မျိုးနှင့် နီးကပ်နေတတ်သည် ။ အရာရာကို ဂရုစိုက် လေ့လာတတ်သည် ။

(8)ရက်နေ့တွင်မွေးဖွားသူသည် ရုပ်ဝတ္ထုဆန်ဆန် တွေးတောလုပ်ကိုင်တတ်သည် ။ လိုချင်သည့် အရာတစ်ခုကို တမ်းတမ်းစွဲကာ ရအောင်ကြိုးစားတတ်သည် ။ ဇွဲရှိသည် ။ စီးပွားရေးနှင့်ပက်သက်၍ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်သော အရည်အချင်းရှိခြင်းကြောင့် ငွေရေးကြေးရေးတွင် အောင်မြင်မှုရတတ်သည် ။ တီထွင်လုပ်ကိုင်တတ်သည် ။ အပေးအယူရက်ရောသည် ။ လူတကာက သူတို့အပေါ် ယုံကြည်စေလိုသော်လည်း မကြာခဏ အထင်အမြင်လွဲခံရတတ်သည် ။ တစ်ဦး တစ်ယောက်တည်းကြံဆောင် လုပ်ကိုင်တတ်သည် ။ သို့သော်အားငယ်တတ်သည် ။ အားနည်းသူဘက်မှ ကိုယ်ချင်းစာ၍ ရပ်တည်ပေးတတ်သည် ။
(9)ရက်နေ့တွင်မွေးဖွားသူသည် ခံစားတတ်သူ စိတ်ထိခိုက်တတ်သူဖြစ်သော်လည်း စိတ်ခိုင်သည် ။ စိတ်ဆိုးလွယ်သည် ။ ဒေါသဖြစ်လွယ်သည် ။ စိတ်ကြီးသလောက် ဇွဲလည်းကြီးသည် ။ ချုပ်ချယ်မှုကိုမလိုလားဘဲ လွတ်လပ်မှုကိုနှစ်သက်သည် ။ စိုးမိုးမှု နှင့် သြဇာပေးမှုကိုကြိုက်နှစ်သက်သည် ။ စိတ်မြန်လက်မြန်သမားဖြစ်သည် ။ အသုံးအဖြုန်းရက်ရောသည် ။ မိဘ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးတို့နှင့် အဆင်မပြေမှု ၊ စကားများမှုများ မကြာခဏ ဖြစ်တတ်သည် ။

(10)ရက်နေ့တွင်မွေးဖွားသူသည် ပျော်ပျော်ရွှင်ရွှင်နေတတ်သော စိတ်ဓာတ်ရှိသည် ။ စိတ်ခိုင်မာသည် ။ ဆုံးဖြတ်ချက်ပြတ်သားသည် ။ကျန်းမာရေး ခံနိုင်ရည်စွမ်းရှိသည် ။ တီထွင်တတ်သော အသစ်အဆန်းရှာဖွေတတ်သောစိတ်ရှိသည် ။ သူတစ်ပါးအပေါ် စေတနာထားရှိမှု ကူညီတတ်မှုရှိသော်လည်း တုံ့ပြန်မှုအကျိုးကျေးဇူး မခံစားရတတ်ချေ ။ အထူးသဖြင့် ဆွေမျိုး သားချင်းများ၏ ဂရုပြုမှု ၊ အလေးထားမှု ၊မခံစားရတတ်ချေ ။

(11)ရက်နေ့မွေးဖွားသူသည် စိတ်လှုပ်ရှားမှုကြီးမားသည် ။ စိုးရိမ်ပူပင်တတ်သည် ။ ထို့ကြောင့် သေးငယ်သော ကိစ္စများကို ပူပင်တတ်လွန်းသည် ။ စိတ်ဓာတ်မကြံ့ခိုင်မှု မတည်ငြိမ်မှုတို့ကြောင့် ဆုံးဖြတ်ချက်များ လုပ်ဆောင်ချက်များပြောင်းလဲတတ်သည် ။ တုံ့ပြန်မှုမြန်သည် ။

(12)ရက်နေ့တွင်မွေးဖွားသူသည် လက်တွေ့ဆန်ဆန် ကျင့်သုံးတတ်သည် ။ စိတ်တည်ငြိမ်မှုရှိသည် ။ ဆက်ဆံရေးပြေပြစ်သည် ။ ထို့ကြောင့် အပေါင်းအသင်းမိတ်ဆွေများသည် ။ သို့သော် တစ်ခါတရံ တည်ကြည်လေးနက်မှု အားလျော့သည် ။ ခေါင်မာသည် ။ ဆုံးရှုံးမှုကို သိမြင်တတ်သည် ။ သုံးသပ်တတ်သည် ။ မြင့်မားသော ရည်ရွယ်ချက်ထားရှိသည် ။ အနုပညာအရည်အသွေး ရှိသည် ။ စကားပြောကောင်းပြီး တန်ဆာဆင်အောင် ပြောတတ်ဆိုတတ်သူဖြစ်သည် ။ သစ္စာဖောက်ခံရမှု ၊ ခုတုံးလုပ်ခံရမှုမျိုး ကြုံရတတ်သည် ။

(13)ရက်နေ့တွင်မွေးဖွားသူသည် စိတ်ရှည်သည် ။လုံ့လဝိရိယရှိသည် ။ သို့သော်ခေါင်းမာတတ်သည် ။ ၎င်း၏သဘောထားအမှန်ကို သိသာထင်ရှားအောင် ဖော်ပြလေ့မရှိချေ ။ ထို့ကြောင့် ၎င်းနှင့် ပေါင်းသင်းဆက်ဆံရန် ခဲယဉ်းတတ်၏ ။ သို့သော် သစ္စာရှိတတ်ပြီး ၊ ကိုယ်ချင်းစာနာတတ်သူဖြစ်သည် ။ သုန်သုန်မှုန်မှုန် နေတတ်ခြင်း ၊ မိတ်ဆွေများနှင့်ကင်းကွာစွာ နေတတ်ခြင်းက ၎င်း၏ ထူးခြားချက်ပင်ဖြစ်သည် ။

(14)ရက်နေ့တွင်မွေးဖွားသူသည် အလုပ်ကိုကြိုးစားသည် ။ စကားအပြောအဆို အပြုအမှုပြတ်သားသည် ။ ပြောသလိုလည်း တကယ်လုပ်တတ်သူဖြစ်သည် ။ သို့သော် ငြင်းခုံခြင်း ၊ စကားအခြေအတင် ပြောဆိုခြင်းကိုနှစ်သက်သည် ။ အချို့မှာ လောင်းကစားမှု ၊ ပျော်ပါးမှုကိုနှစ်သက်သည် ။ တစ်ခါတရံ ထိုင်းမှိုင်း ၊ လေးကွေးစွာ နေတတ်သော်လည်း အများအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည် ။ မိသားစုအပေါ် သံယောဇဉ် ကြီးသော်လည်း ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင်ရေးအရာကို မခံစားရတတ်ချေ ။ ရောဂါတစ်ခု၏ ဖိစီးခြင်းကိုခံရတတ်သည် ။ ကံကြမ္မာအတက်အကျ အကွေ့အကောက်ကို အများဆုံး တွေ့ကြုံရသော ဇာတာရှင်ဖြစ်သည် ။

(15)ရက်နေ့တွင်မွေးဖွားသူသည် ကြင်နာတတ်သည် ။ သိမ်မွေ့စွာနေတတ်ပါသည် ။ သို့သော် အမှား(ဝါ) အမှန်ကို တင်းကြပ်စွာ လက်ခံထားသူဖြစ်သည် ။ ပျော်ရွှင်စွာနေတတ်သော်လည်း ပူပင်သောကရောက်တတ်ခြင်းကြောင့်ဘဝကို မကျေနပ်မှုများ ဖြစ်နေတတ်၏ ။ သို့သော်စာနာထောက်ထားတတ်၏ ။ ရက်ရောကြင်နာတတ်၏ ။ တကိုယ်ကောင်းမဆန်တတ်ချေ ။ ဆက်ဆံရေး ကောင်းမွန်သော်လည်း မပြေလည်မှု မကျေနပ်မှုဖြစ်ပါက မျက်နှာလွဲ ခဲပစ်လုပ်သွားတတ်၏ ။ စိတ်ကောက်တတ်၏ ။

(16)ရက်နေ့တွင်မွေးဖွားသူသည် ထူးခြားသော အသွင်အပြင် ဟန်အမှုရာမျိုးမထားတတ်ချေ ။ တည်တည်ငြိမ်ငြိမ်နှင့် နေထိုင်တတ်သော်လည်းအတွင်းစိတ်၌ မအေးချမ်းချေ ။ ဒေါသဖြစ်လွယ်မှုစိတ်တိုတတ်မှုရှိသည် ။ အဆုံးအဖြတ်ပြုရာ၌၎င်း ၊ လုပ်ကိုင်ရာ၌၎င်း ၊နှေးကွေးသည် ။ မှန်မှန်နေ မှန်မှန်စားတတ်သူ ဖြစ်သည် ။၎င်း၏ အကြံအစည် အလုပ်အကိုင် အားနှောက်ယှက်ဟန့်တားမှုပြုပါက အလွန်ပင်မုန်းတီးတတ်သူ ဖြစ်သည် ။ မိသားစုအပေါ် ကြင်နာမှု သံယောဇဉ်ထားမှု လွန်ကဲတတ်၏ ။

(17)ရက်နေ့မွေးဖွားသူသည် ကိုယ့်ကိုကိုယ် အားကိုးလိုသောစိတ်ရှိသည် ။ မိမိမှတစ်ပါး အခြားသူများကို အထင်ကြီးလိုသော စိတ်မရှိချေ ။ ထို့ကြောင့်ကြွားဝါထောင်လွှားသောအသွင်အပြင်မျိုးရှိနေတတ်၏ ။ သို့သော် ဥာဏ်ထက်မြက်၍ လိမ္မာပါးနပ်သူတစ်ဦးဖြစ်သည် ။ ဗဟုသုတကျယ်ပြန့်မှုကို လေ့လာလိုက်စားတတ်၏ ။ စိတ်ကြည်မှုနည်းပြီး လှုပ်ရှားပြောင်းလဲတတ်၏ ။ စာပေရေးသားမှုတွင်ပြောင်မြောက်ထူးချွန်တတ်၏ ။

(18)ရက်နေ့မွေးဖွားသူသည် ဗဟုသုတကြွယ်ဝသည် ။ နားလည်သည် ။ ဇွဲဝီရိယရှိသည် ။ သို့သော် စိတ်လှုပ်ရှားလွယ်သည် ။ စကားအခြေအတင်ပြောမှု ၊ ငြင်းခုံရမှုကိုနှစ်သက်သည် ။ မိမိချစ်ခင်သူဘက်မှနေ၍ ရပ်တည်ပြောဆိုပေးတတ်၏ ။ အရာရာကိုပိုင်နိုင်စွာ ထိန်းချုပ်နိုင်မှုကိုနှစ်သက်သည် ။ လွတ်လပ်စွာနေတတ် ၊ ဆုံးဖြတ်တတ်သည် ။ အခြားသူများက သတိပေးခြင်း ၊ တားမြစ်ခြင်းကို မနှစ်သက်ချေ ။

(19)ရက်နေ့တွင်မွေးဖွားသူသည် ၎င်းအား အကဲခတ် ၊ ဝေဖန်ရန်ခက်ခဲသည် ။ အများနှင့်လည်းတူယှဉ်တွဲ၍ မနေတတ် ၊ မလုပ်တတ်သူဖြစ်ပြီး တစ်ဦးတည်းနေတတ်သည် ။ လွတ်လပ်စွာတွေးခေါ်နေတတ်သည် ။ သည်းခံတတ်သော်လည်း ခေါင်းမာတတ်သည် ။ ၎င်းတို့တွင် ပြောင်းလဲ၍ရသော အရည်အသွေးများရှိသည့်နည်းတူ ၎င်းတို့၏ ကံကြမ္မာသည်လည်း ပြောင်းလဲနေတတ်သည် ။ အပြောင်းအရွှေ့များမည် ။ ၎င်းတို့တွင်သာ မဟုတ်သေးဘဲပတ်ဝန်းကျင်၌ပါ ထူးခြားစွာ ပြောင်းလဲမှုများကို မကြာခဏ တွေ့ကြုံရမည် ။

(20)ရက်နေ့မွေးဖွားသူသည် ယုံကြည်မိသူ လေးစားမိသူအပေါ် စွဲလန်းမှု ချစ်ခင်မှုအားကြီးသည် ။ အစစအရာရာကို သတိထား ဂရုပြုနေတတ်သည် ။ ရဲရင့်စွာ ဦးစီးဦးဆောင်ပြုရမှု တာဝန်ယူရမှုကို ရှောင်တိမ်း၍ ပူးပေါင်းလုပ်ဆောင်တတ်သည် ။ စိတ်ဆုံးဖြတ်မှုခိုင်မာ သလောက် ပြောဆိုလုပ်ကိုင်ရာ၌ မပြတ်သားချေ စကားပြောဆိုခြင်းထက် စာပေရေးသားမှု၌ ပိုတော်သည် ။

(21)ရက်နေ့တွင်မွေးဖွားသူသည် ပျော်ရွှင်အေးချမ်းစွာ နေတတ်သူဖြစ်သည် ။ ဆက်ဆံရေးကောင်းခြင်းကြောင့် ၎င်းနှင့်မိတ်ဆွေဖြစ်လွယ်သည် ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်သူဖြစ်သည် ။ မည်သူ့ကိုမှအလွယ်တကူယုံကြည်ခြင်းမရှိဘဲ သံသယ အမြင်ဖြင့် ကြည့်မြင်တတ်သည် ။ စကားပြောကောင်းသည် ။ အများအားဖြင့် နေရာဌာန ၊ အလုပ်အကိုင်မကြာခဏ ပြောင်းလဲတတ်သည် ။

(22)ရက်နေ့တွင်မွေးဖွားသူသည် သူတစ်ပါးကိုအကျိုးပြုတတ်သည် ။ သို့သော် စိတ်နောက်ကိုယ်ပါ ပြုမှုတတ်ခြင်း ၊ စိတ်လှုပ်ရှားမှုရှိခြင်း ဖြစ်နေတတ်၏ ။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် မိတ်ဆွေအပေါင်းအသင်းများကြားတွင် တစ်ဦးတည်းဖြင့် သီးခြားနေထိုင်ပြီး မိတ်ဆွေနည်းပါး နေတတ်၏ ။ သို့သော် သစ္စာရှိတတ်သည် ။အနည်းငယ် စိတ်ပူပင်တတ်သည် ။

(23)ရက်နေ့တွင်မွေးဖွားသူသည် လွတ်လပ်စွာနေထိုင်တတ်ပြီး ၊ စိတ်မတည်ကြည်မှုဖြစ်တတ်သည် ။ ဓလေ့ထုံးစံနှင့် အစဉ်အလာကို မနှစ်သက် ။ တိကျမှု ၊ စည်းစနစ်ကျမှုတို့ကို မလိုလားချေ ။ အထက်တန်းကျကျ နေလိုတတ်သည် ။ စိတ်ဝင်စားမှုမြန်မည် ။ နာမည်ကျော်ကြားတတ်မည် ။

(24)ရက်နေ့မွေးဖွားသူသည် အလုပ်ကိုကြိုးစားသလောက် ပျော်ရွှင်မှုကိုလည်း လိုက်စားတတ်၏ ။ သို့သော် လုပ်ငန်းနှင့်ကိုယ်ရေးကိုယ်တာကို စည်းဖြင့်ခြားတတ်၏ ။ အရာရာကိုတွက်ဆ လုပ်ကိုင်တတ်၏ ။ ရည်ရွယ်ချက်မြင့်သလောက် တစ်ခါတရံ စိတ်ကူးယဉ်လွန်းသည် ။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသည် ။ အယူအဆ ၊ ထင်မြင်ချက်ကို တယူသန်လက်ခံတတ်၏ ။ စိတ်ချမ်းသာမှု ၊ စိတ်ဆင်းရဲမှုတို့ကို သိုဝှက်မထားတတ်ချေ ။ သို့သော်စိတ်ဓာတ်ကျနေတတ်သည် ။

(25)ရက်နေ့မွေးဖွားသူသည် ဆုံးဖြတ်ချက်မပြတ်သားချေ ။ စိတ်ဓာတ်မခိုင်မာချေ ။ သို့သော် အများအားဖြင့် တီထွင်တတ်သော အရည်အချင်းရှိသည် ။ တစ်ခါတရံလျင်မြန်စွာ ကျင့်ကြံလှုပ်ရှားတတ်သော်လည်း တစ်ခါတရံ တုံဆိုင်းတုံ့ဆိုင်းနှင့် ဆုံးဖြတ်ချက်ခက်ခဲသဖြင့် အလွန်ကြိုးပမ်းနိုင်မှသာ တော်ရုံကျမည် ။ အချို့၌ ထူးဆန်းသော စေ့ဆော်အား ၊ သမထအားကို ပိုင်ဆိုင်ကြ၏ ။

(26)ရက်နေ့မွေးဖွားသူသည် အချိုးကျကျ၊စတိုင်ကျကျ နေတတ်သော်လည်း ပျော်ပျော်ရွှင်ရွှင်မနေတတ်ချေ ။ စိတ်ပူပန်တတ်သည် ။ ကြီးကျယ်မှု ၊ ခမ်းနားမှု စသော အပိုအလိုများကိုမနှစ်သက်ချေ ။ ငယ်ငယ်ရွယ်ရွယ် နှင့်အိမ်ထောင်ကျပြီး ၊ ဒုက္ခများနှင့် ရင်ဆိုင်ရတတ်သည် ။

(27)ရက်နေ့မွေးဖွားသူသည် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချသူဖြစ်သည် ။ မိမိမှတစ်ပါး မည်သူ့ကိုမျှ အားကိုးမှီတင်းနေလိုသော စိတ်မရှိချေ ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်တတ်သူဖြစ်သည် ။ လွတ်လပ်စွာနေလိုသော ဆန္ဒရှိသော်လည်း သူတစ်ပါးအား စိုးမိုးလိုခြင်း ၊ သြဇာအာဏာပေးလိုခြင်းရှိသည် ။

ရည်ရွယ်ချက် ရည်မှန်းချက်ကြီးသူပီပီ သူတစ်ပါးလက်အောက်၌ ကြာရှည်စွာ မနေတတ်ပါ ။ အရာရာကို ကျွမ်းကျင်နိုင်နင်းစွာ ပြုလုပ်နိုင်စွမ်းရှိသည် ။ ပေါင်းသင်းဆက်ဆံရေး ကောင်းပါသည် ။ သို့သော် ယုံကြည်ချက် ၊ ယူဆချက်ကို တရားသေမှတ်ယူတတ်သည် ။

(28)ရက်နေ့မွေးဖွားသူသည် ပင်ကိုယ်အရည်သွေးတစ်ခုကို ထူးခြားစွာ တွေ့မြင်နိုင်သည် ။ ကြံစည်ဆုံးဖြတ်သည့်အခါ၌၎င်း ၊ လုပ်ကိုင်ဆောင်ရွက်ရာ၌၎င်း ပြတ်သားသည် ။ ဇွဲ ဝိရိယရှိသည် ။ ယုံကြည်ချက်ပြင်းထန်မည် ။

စိတ်စွမ်းအင်ကြီးမားမည် ။ သို့သော် ၎င်း၏ အတွင်းစိတ်အခြေအနေကို ထုတ်ဖော်မပြတတ်ပေ ။ ထို့ကြောင့် ပတ်ဝန်းကျင်၏ အထင်အမြင်လွဲခံရမှုမျိုး မကြာခဏတွေ့ကြုံရမည် ။ မိမိခေါင်းထဲတွင်ရှိနေသော အကြံအစည် ၊ မိမိယုံကြည်နေသော အတွေးအခေါ်တို့ကိုသာ မဖြစ်ဖြစ်အောင် ရုပ်လုံးဖော်တတ်သည် ။ အခြားမည်သူ့ကိုမှ မယုံကြည်အားမကိုးချေ ။

(29)ရက်နေ့မွေးဖွားသူသည် လွတ်လပ်စွာနေလိုသော ဆန္ဒရှိသည် ။ မိမိအိမ်တွင်နေခြင်းကိုမပျော်ပိုက်ဘဲ ၊ ပြင်ပလောကတွင်သာ အချိန်ဖြုန်းနေတတ်သည် ။ ခံစားမှု ၊ တုန့်ပြန်မှု မြန်ဆန်ပါသည် ။ ဘဝကံဇာတာတွင် အများအားဖြင့် ကံကောင်းနေတတ်သည် ။ စာနာတတ်သော စိတ်ရှိသော်လည်း အခြားသူများအား ကူညီခြင်းကြောင့် အခက်အခဲများကို တွေ့ရတတ်သည် ။

အမျိုးသမီးတစ်ဦးအနေဖြင့် ဘဝခရီးတွင် အတက်အကျ အမျိုးမျိုးကိုကြုံတွေ့ရကာ အိမ်ထောင်ရေး မသာမယာတတ်ချေ ။

(30)ရက်နေ့မွေးဖွားသူသည် ၎င်း၏ သဘောအမှန်ကို သိရန်ခက်ခဲသည် ။ အချို့သောသူတို့သည် သစ္စာရှိပြီး ၊ ကြင်နာတတ်သူဟု အပြင်ပန်းက ထင်ရသော်လည်း အနည်းငယ်သာမှန်ပေသည် ။ အချို့မှာ ဆိုးမိုက်ရမ်းကားသည်ဟုထင်ရသော်လည်း သစ္စာရှိနေတတ်ပါသည် ။ မည်သို့ဆိုစေ ၎င်းသည် မည်သည့်ကိစ္စတွင်မဆို တိကျပြတ်သားစွာ ပြုမှုသည် ။ သို့သော် စိတ်ဝင်စားမှုများပြီး ၊ စိတ်ဓာတ်အားဖြင့် မငြိမ်မသက်ဖြစ်တတ်သည် ။ လက်တွေ့ကျကျ ပြုလုပ်တတ်ခြင်းကြောင့် အခက်အခဲတွေ့ပါက ကျော်လွှားနိုင်စွမ်းရှိ၏ ။

(31)ရက်နေ့တွင်မွေးဖွားသူသည် ပြဿနာ အရပ်ရပ်၏ ဇစ်မြစ် ၊ အမှန်တရားကို သိမြင်တတ်သည် ။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိသည် ။ အမှား အမှန်ခွဲခြားနိုင်သည် ။ ငယ်ရွယ်စဉ်၌ပင် ဆန့်ကျင်ဘက်လိင် ကိစ္စများကို တွေ့ကြုံရတတ်သည် ။ တစ်ဦးတည်းမနေတတ်ကြချေ ။ ထို့ကြောင့် မိတ်ဆွေများအပေါ် အလွန်ဂရုစိုက် ချစ်ခင်တတ်၏ ။ ယေဘုယျအားဖြင့် မိတ်ဆွေ အသိုင်းအဝိုင်းပေါ်၌ ကောင်းမွန်စွာ ပြုမှုဆက်ဆံတတ်သော်လည်း ဆွေမျိုးရင်းချာများနှင့်မှု အဆင်မပြေတတ်ကြချေ ။ ခရီးသွားလာနေမှုကိုနှစ်သက်သည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...