ရောဂါ X တကမ္ဘာလုံး ပြန့်လာရင် ဘယ်လို လုပ်ကြမလဲ
အနာဂတ်မှာ သိပ္ပံပညာရှင်တွေက လက်ရှိပေါ်ပြီးသား “ကာကွယ်ဆေး”တွေကို ခပ်မြန်မြန် အဆင့်မြှင့် ပြောင်းလဲ နိုင်သင့်
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်က ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ကျန်းမာရေး ကဏ္ဍဆိုင်ရာ ခေါင်းဆောင်တွေဟာ နောက်ထပ် တကမ္ဘာလုံး ပျံ့နှံ့ဖြစ်ပွားနိုင်တဲ့ ရောဂါတခု ဖြစ်လာရင် လုပ်ရမှာ တွေကို ကြိုတင်ပြင်ဆင် စီစဉ်ထားဖို့ က အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ပညာရှင်တွေကတော့ ဒီမသိသေးတဲ့ ရောဂါကို “ရောဂါ အိတ်စ်” (Disease X) လို့ နာမည်ပေးထားပါတယ်။
ကိုဗစ်-၁၉ တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့အချိန်တုန်းကလို ကျန်းမာရေး စနစ်တွေက မထိန်းချုပ် နိုင်ခဲ့တာ၊ စီးပွားရေးပိုင်းမှာ ဒေါ်လာ ထရီလျံနဲ့ချီပြီး ရှုံးခဲ့ကြတာ စတာတွေ အပါအဝင် အားလုံးမြင်လိုက်ရတဲ့ အဆုံးအရှုံးတွေ လျှော့ချနိုင်အောင် ကြိုတင် ပြင်ဆင်ထားဖို့က အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရင်ကာလတွေကတည်းက သတိပေးထားပါတယ်။
ရောဂါ အိတ်စ် (Disease X) ဆိုတာ ဘာလဲ
ဒါက တကယ့်ရောဂါ မဟုတ်သေးသလို ဒီနာမည်နဲ့ ရောဂါဆိုတာလည်းမရှိသေးပါဘူး။
ဒါက အခုလက်ရှိထိ မပေါ်ပေါက်သေးပေမဲ့ ကူးစက်ပျံ့နှံ့နိုင်တဲ့ ဒါမှမဟုတ် နိုင်ငံတွေ၊ တိုက်ကြီးတွေကို ပျံ့နှံ့သွားပြီး ကမ္ဘာ့ကပ်ရောဂါအထိ ဖြစ်သွားနိုင်တဲ့ ကူးစက်ရောဂါတခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ခေါ်ဝေါ်တဲ့ အသုံးအနှုန်း တခုပါ။
ကိုဗစ်-၁၉ ကမ္ဘာ့ရောဂါကပ်မတိုင်မီကတည်းက ဒီအသုံးအနှုန်းက ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှာ WHO က ထုတ်ပြန်တဲ့ ဦးစားပေးစောင့်ကြည့်ရမယ့် ရောဂါစာရင်းထဲမှာ ရောဂါ အိတ်စ် လည်း ပါဝင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကမကထပြုမှုနဲ့ ကျွမ်းကျင်သူတွေ စုပေါင်းကာ ရေးဆွဲ ထားတဲ့ စီမံချက်ဟာ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာဖြစ်ပြီး အဲဒီထဲမှာ ကပ်ရောဂါ ပျံ့နှံ့ လာချိန်အတွင်း သုတေသနနဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်အောင် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
ဒီအစီအစဉ်တွေဟာ ရောဂါပိုးရှိမရှိ သိဖို့လုပ်တဲ့ ဆေးစစ်မှုတွေ၊ ကာကွယ်ဆေးတွေ၊ ကုသမှုဆေးဝါးတွေကို စွမ်းဆောင်ရည်ရှိရှိနဲ့ ခပ်မြန်မြန်လုပ်ဆောင်နိုင်ပြီး လူတွေရဲ့ အသက်ကို ကယ်နိုင်ဖို့၊ အကျပ်အတည်း အကြီးအမားဆိုက်မှာကို ရှောင်ရှားနိုင်ဖို့ စတာ တွေ အတွက် ရည်ရွယ်တာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ဥပမာ – ဆားစ် ရောဂါ (Sars – Severe Acute Respiratory Syndrome)၊ ဝက်တုပ်ကွေး (Swine flu) ၊ မားစ် (Mers – Middle East Respiratory Syndrome), အီဘိုလာ ရောဂါ (Ebola)၊ ကိုဗစ်-၁၉ စတဲ့ရောဂါတွေ ကမ္ဘာမှာ ပျံ့နှံ့ ကူးစက်ခဲ့ပါတယ်။
နောက်ထပ် ကမ္ဘာကပ်တခု ရောက်လာနိုင်တာ နဲ့ အဲဒီရောဂါဟာ ကိုဗစ်-၁၉ ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ထက် ဆိုးဝါးနိုင်တယ်ဆိုတာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ် ထိတ်လန့်နေပါတယ်။
ဒါးဗို့စ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒေါက်တာ တက်ဒရို ဆန်ဒါနွန် ဂက်ဘရီရီးဆပ်စ်က အမှာစကား ပြောခဲ့
ရောဂါ အိတ်စ် က ကမ္ဘာ့ကပ်တခု ဖြစ်လာမလား
ရောဂါ အိတ်စ်က လောလောဆယ်မှာ မပေါ်ထွန်းသေးပေမယ့် သုတေသီတွေ၊ သိပ္ပံပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ဒီလို ဗိုင်းရပ်စ် မျိုးပေါ်လာရင် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ အစီအစဉ် နဲ့ အဲဒီ ကမ္ဘာ့ကပ်ကို ရင်ဆိုင်နိုင်ဖို့အရေး ကျန်းမာရေးစနစ်ကို ဘယ်လို စီစဉ်ထားရမလဲဆိုတာတွေကို ကြိုကြိုတင်တင် လုပ်ဆောင်ထားနိုင်ဖို့ မျှော်လင့် နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့စ် ဆန်ဒါနွန် ဂက်ဘရီရီးဆပ်စ် ဦးဆောင်ခဲ့ပြီး “ရောဂါ အိတ်စ် အတွက် ပြင်ဆင်ခြင်း” လို့အမည်ရတဲ့ ကြားဖြတ်ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ကြကာ “ရှေ့မှာ ဖြစ်လာမယ့် စိန်ခေါ်မှု အများအပြားအတွက် ကျန်းမာရေး စနစ်တွေကို ပြင်ဆင်ဖို့ရာမှာ လိုအပ်တဲ့ အားထုတ်ဆောင်ရွက်မှု” တွေကို ဆွေးနွေးခဲ့ကြပါတယ်။
“ဒါက ကြောက်ရွံ့မှုတွေကို ဖြစ်သွားစေမယ်လို့ တချို့လူတွေက ပြောတာပေါ့” လို့ ဒေါက်တာ တက်ဒရို့စ်က ဆို ပါတယ်။
“ဒီလို ကပ်မျိုးတွေ ဖြစ်လာမှာကို ကြိုတင်မှန်းထားတာက ပိုကောင်းတယ်၊ ဘာ့ကြောင့် လဲဆိုတော့ ကျွန်တော်တို့ သမိုင်းမှာ အကြိမ်များစွာ ဖြစ်ခဲ့ပြီးပြီလေ၊ ဒီတော့ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။”
ကမ္ဘာက၊ လူအတော်များများက ကိုဗစ်-၁၉ ကပ်ကို အတော် အံ့အားသင့်ခဲ့ကြပါတယ်၊ ၂၀၂၁ မှာ BBC Future ဌာနက “ကမ္ဘာတလွှားကို ပျံ့နှံ့မယ့် ကပ်ဘေးတခုအတွက် ကျန်ုပ်တို့ ပြင်ဆင်ထားကြဖို့ ကူးစက်ရောဂါပျံ့နှံမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာရှင်တွေ၊ တခြားကျွမ်းကျင်သူတွေက သတိပေးနေတာ နှစ်အတော် ကြာကြာကတည်းကပါ” လို့ ရေးဖူးပါတယ်။
အဲဒီကျွမ်းကျင်သူအများစုက တိရိစ္ဆာန်တွေဆီကနေ ကပ်ရောဂါ စတင်နိုင်တယ် ဆိုတာကို စိုးရိမ်ခဲ့ကြပါတယ်။
တကယ်တော့ အသစ်ပေါ်လာတဲ့ ရောဂါတွေထဲက ၇၅% ဟာ ဇူးနော်တစ် (zoonotic) လို့ ခေါ်ကြတဲ့ တိရိစ္ဆာန်ကနေ လူတွေဆီကို ကူးစက်ပျံ့နှံ့လာတဲ့ ရောဂါတွေပါ။
တရုတ်နိုင်ငံတွင်း တိရိစ္ဆာန်အရှင်တွေရောင်းတဲ့ စျေးတခုက လင်းနို့တွေဆီကနေ အစပြုလာတာလို့ ယူဆရတဲ့ ကိုဗစ်-၁၉ ရောဂါဟာလည်း ဒီလို ရောဂါမျိုးထဲက တခုပါ။ ဒါပေမဲ့ ကိုဗစ်-၁၉ လို ဇူးနော်တစ် ရောဂါဟာ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ပိုပြီး အန္တရာယ်များသွားတယ်လို့ မှတ်ယူနိုင်ပါတယ်။
ရာသီဥတုအပေါ် လူသားတွေရဲ့ သက်ရောက်မှုတွေ၊ သဘာဝတောရိုင်းနေရာတွေကို လူသားတွေက ဝင်ယူလာတာတွေ၊ ကမ္ဘာအနှံ့ကို လူတွေ ခရီးသွားကြတာတွေ၊ စတာတွေက တိရိစ္ဆာန်ကြောင့် စဖြစ်လာတဲ့ ရောဂါကို ပိုပျံ့နှံ့စေပါတယ်။
၂၀၂၀ ဒီဇင်ဘာလအစောပိုင်းမှာ လူတွေကို ကိုဗစ် – ၁၉ ကာကွယ်ဆေး စတင်ထိုးပေးနိုင်
နောင်လာမယ့် ကမ္ဘာ့ကပ်အတွက် ကမ္ဘာက ဘယ်လို ပြင်ဆင်ထားနေလဲ
နောက်ထပ် ကမ္ဘာ့ကပ်အတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ လုပ်ဆောင်မှုတွေကို WHO အနေနဲ့ စပြီး အကောင်အထည်ဖော် လုပ်ဆောင်နေပြီလို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကြားဖြတ် ဆွေးနွေးပွဲမှာ ဒေါက်တာ တက်ဒရို့စ်က ပြောပါတယ်။
အဲဒီလုပ်ဆောင်မှုတွေထဲမှာ ကမ္ဘာ့ကပ် ရန်ပုံငွေတခုနဲ့ တောင်အာဖရိကမှာ “နည်းပညာ လွှဲပြောင်းပေးတဲ့ ဆုံရပ်ဌာန” တခုတို့ ပါဝင်ပြီး အဲဒါတွေက ကာကွယ်ဆေးတွေ ဒေသတွင်းမှာ ထုတ်လုပ်နိုင်မှာ ဖြစ်သလို ဝင်ငွေမြင့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေအကြား ကာကွယ်ဆေး လက်လှမ်းမီနိုင်မှု ကွာဟချက်တွေကို ကျော်လွှား နိုင်ရေးမှာ အထောက်အကူ ဖြစ်လာမှာပါ။
ကပ်ရောဂါတခုအတွက် နောက်ထပ် စနစ်အသစ်တွေ လုပ်ဆောင်မယ့်အစား ရှိပြီးသား စနစ်တွေကို ပိုအားကောင်းအောင်လုပ်ကြဖို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဥရောပစင်တာ က ၂၀၂၂ ခုနှစ်အတွင်း ထုတ်တဲ့ အစီရင်ခံစာတခုထဲမှာ အကြံပြုထားပါတယ်။
ကပ်ရောဂါအသစ်တခု မရောက်ခင် စနစ်အသစ်တွေကို စမ်းသပ်ကြည့်ထားကြဖို့ အတွက်လည်း သူတို့က အားပေးပါတယ်။
ကျန်းမာရေးဆိုင်ရာ ဒေတာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စုဆောင်းတာ၊ ဆန်းစစ်တာ၊ အဓိပ္ပာယ်ပြန်တာတွေကို ဆက်တိုက်နဲ့ စနစ်တကျလုပ်ဆောင်ရေးကို ပိုတိုးမြှင့်ဖို့ အားပေးတဲ့ အကြံပြုမှုပေါင်း ၁၀ ခုကို WHO က ၂၀၂၂ ဇွန်လမှာ ထုတ်ပြန်ခဲ့ ပါတယ်။
“ရောဂါတခု မပျံ့နှံ့မီ၊ အသက်တွေ မဆုံးရှုံးမီ၊ ထိန်းသိမ်းရခက်ခဲတဲ့ အခြေအနေ မရောက်မီ၊ ရောဂါဖြစ်ပြီဆိုတာကို ဆောလျင်စွာ သိရှိနိုင်ရေးအတွက် စွမ်းဆောင်ရည် မြင့်တဲ့ ကူးစက်ရောဂါ စောင့်ကြည့်ရေး စနစ်တခု မရှိမဖြစ်လိုအပ်ကြောင်း” အဲဒီ အကြံ ပြုချက်တွေက ထောက်ပြထားပါတယ်။
ရောဂါတခု ရုတ်တရက်ဖြစ်ပွားလာတာရင် ကိုယ်သိရှိသတ်မှတ်ပြီးသား အကြောင်းရင်းတခုကြောင့် ဖြစ်တာလို့ မတွက်ဆနိုင်ကြောင်း WHO က လက်ခံထားပြီး “လောလောဆယ် မသိထားကြသေးတဲ့ ရောဂါပိုး တခုကနေ လူတွေ ရောဂါရလာနိုင်တယ်” ဆိုတာကို အသိအမှတ်ပြုထားပါတယ်။
ကာကွယ်ဆေးဆိုင်ရာ နည်းပညာပိုင်းတွေမှာလည်း နောက်ထပ် တိုးတက်မှုတွေ မြင်ရမယ်လို့ လူအများစုက မှန်းဆမျှော်လင့်ထားကြပါတယ်။
ကိုဗစ်ရောဂါ စတင်ဖြစ်ပွားပြီး တနှစ်အတွင်း ကမ္ဘာတလွှားမှာ အမျိုးမျိုးသော ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိလာနိုင်တာဟာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အောင်မြင်မှု တခုပါ။
အနာဂတ်မှာတော့ လူတွေကို အကာအကွယ်ပေးဖို့အတွက် ကာကွယ်ဆေး အသစ်တွေ ဖော်တဲ့နေရာမှာ သိပ္ပံပညာရှင်တွေအနေနဲ့ ရှိနှင့်ပြီးသား “ကာကွယ်ဆေးတွေ” ကို ဖြစ်လာတဲ့ရောဂါနဲ့ အညီ မြန်မြန်ဆန်ဆန် အဆင့်မြှင့်ပြောင်းလဲ နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။