“ဘုရားဆွမ်းတော်စားသင့်ပါသလား?”

Astrology Religion
“ဘုရားဆွမ်းတော်စားသင့်ပါသလား?”

ဘုရားဆွမ်းတော်နှင့်ပတ်သတ်၍ တချို့ကစားသင့်သည်ဟု ယူဆကြသလို ၊ တချို့က
မစားသင့်ကြောင်း ၊ စားလျှင် ဘုန်းကံနိမ့်ကြောင်းအမျိုးမျိုးထင်မြင် ယူဆကြပြန်၏ ။

မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူခါနီး၌စုန္ဒရဲ့ဝက်ပျိုသားဟင်းကို ဘုဉ်းပေးသုံးဆောင်တော်မူခဲ့၏ ။ ကျန်ရှိနေသော ဝက်ပျိုသားဟင်းများကို မည့်သူ့ကိုမှ စားသုံးစေခြင်းမပြုဘဲ မြေထဲတူးမြှပ်ဖို့ရာ အမိန့်ရှိခဲ့ဖူးသည် ။ ထိုအချက်ကိုကြည့်ပြီး တချို့သောသူများကဘုရားဆွမ်းတော်ကိုမစားသင့်ကြောင်း ပြောဆိုနေကြခြင်းဖြစ်သည် ။

တကယ်တော့ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူခါနီးဖြစ်သည့်အတွက် နတ်အများက နတ်ဩဇာများထည့်ပေးထားသောကြောင့် ကျန်ရှိသောဝက်ပျိုသားဟင်းများကို ရဟန်းရှင်လူအများက စားသုံးကြလျှင် အစာကြေနိုင်ဖွယ်မရှိချေ ။ ထိုအချက်ကြောင့်သာ မြတ်စွာဘုရားက မစားသုံးမိစေရန် မြေထဲ တူးမြှပ်စေခြင်းသာ ဖြစ်သည် ။ ယနေ့ခေတ်မှာတော့ ဘုရားဆွမ်းတော်ကို ဘယ်နတ်မှလည်း နတ်ဩဇာများလာထည့်မည်
မဟုတ်တော့ချေ ။ ထို့ကြောင့် ❝ဘုရားဆွမ်းတော် မစားသင့်ဘူးဟူသောအချက်သည် မှန်ကန်မှုမရှိနိုင်ပါ ❞

ဒုတိယအချက်အနေဖြင့် ❝ဘုရားဆွမ်းတော်စားလျှင်ဘုန်းနိမ့်တယ် ❞ ဟူ၍ပြောဆိုနေကြသောအချက်ဖြစ်၏ ။ တကယ်တော့ ဘုရားဆွမ်းတော်စားရင်ဘုန်းနိမ့်တယ်
ဆိုတဲ့စကားက ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကအကြောင်းအရာကိုအခြေခံပြီး ပြောဆိုနေကြခြင်းသာဖြစ်၏။

သထုံဘုရင်မနူဟာမင်းကို ပုဂံပြည့်ရှင်အနော်ရထာမင်းက ဖမ်းဆီးခေါ်ဆောင်ပြီးနောက်ပိုင်း မနူဟာမင်း၏ အာခံတွင်းမှစကားပြောသည့်အခါအရောင်ဝါအလင်းတွေထွက်နေသည်ကိုမြင်တွေ့ကြရသည်။

တစ်နည်းအားဖြင့် ဘုန်းကံမြင့်သည်ဟုဆိုရမည်ဖြစ်သည်။ထိုအခါမှာ အနော်ရထာမင်းသည် မနူဟာမင်းကိုဘုန်းကံနိမ့်သွားအောင် ဘုရားဆွမ်းတော်ကိုကျွေးတော့မှ အရောင်ဝါတွေမထွက်တော့ကြောင်းရာဇဝင်၌ဆို၏ ။ ထိုရာဇဝင်စကားအရ ဆွမ်းတော်တင်စားရင် ဘုန်းနိမ့်တယ်ဟူ၍ပြောဆိုနေကြခြင်းသာဖြစ်သည် ။ ( ဆွမ်းတော်တင်ကို ခွေးစာခွက်နဲ့ ထည့်ကျွေးသည်ဟု လေ့လာသိရှိရသည် ။ ဆွမ်းတော်တင် စားလို့ မဟုတ်ပါ ။ )

တကယ်တော့ ❝ ဘုရားဆွမ်းတော်စားလို့ဘုန်းကံနိမ့်တယ်ဆိုပြီး စာပေမှာ အခိုင်အမာဖော်ပြထားခြင်းမရှိပါ ❞သို့သော် ❝ဘုရားဆွမ်းတော်ကိုအလွယ်တကူ
ယူစားလို့တော့မရပါဘူး❞ မည်သို့စားသုံး သင့်သလဲဆိုတာကိုတော့ အဌကထာမှာ ဘုရားပစ္စည်းစားသုံးနည်းနဲ့ပတ်သတ်ပြီး ဖွင့်ဆိုထားခြင်းတော့ရှိ၏ ။

ဘုရားကျောင်းဆောင်၊ဘုရားဝင်း၊ရင်ပြင်တော်စသည်မှာ တံမြက်စည်းလှဲခြင်းစတဲ့ ဗုဒ္ဓဝေယျာဝစ္စတခုခုကို လုပ်ပြီးမှသာ ဘုရားလှူထားတဲ့ဆွမ်းတော်ကို စားသုံးသင့်ပါသည် ။ အရင်စားပြီးမှ ဝေယျာဝစ္စပြုလုပ်မယ်ဆိုရင်လည်းရ၏ ။

ထို့ကြောင့် ❝ ဘုရားဆွမ်းတော်စားမယ်ဆိုရင် ဗုဒ္ဓဝေယျာဝစ္စပြုလုပ်မှသာ စားသုံးကောင်းတယ်လို့ မှတ်ရပါမည် ။ ဘုန်းကြီးပစ္စည်း ၊ ကျောင်းပစ္စည်းတွေကို ယူသုံးမယ်ဆိုရင်လည်း ထိုနည်းလည်းကောင်း မှတ်ယူရပါမည် ❞

တတိယအချက်အနေဖြင့် ❝ ကိုယ်တင်တဲ့ဆွမ်းကို ကိုယ်တိုင်တော့စွန့်ပြီးတော့ စားဖို့မသင့်တော်ပေ ❞အဘယ့်ကြောင့်ဆိုသော် ❝ ငါပဲစွန့်စားမှာပဲ ❞ ဟူသည့် အသိလေးဝင်လာနိုင်သောကြောင့်ပင်ဖြစ်၏ ။ ဥပမာ-ဒီဝက်သားဟင်းလေး ၊ ဒီကြက်သားဟင်းလေးဟာ ကုန်သွားတာမှမဟုတ်တာ ၊ ဘုရားက တကယ်ဘုဉ်းပေးတာမှမဟုတ်တာ ၊ ခဏလောက်ဘုရားကို ကပ်လှူပြီးပြန်စွန့်ပြီး စားလိုက်လည်းရတာပဲ စသည်ဖြင့် ဟင်းအပေါ်တွယ်တာစိတ်နဲ့လှူတာက ဒါနအရာမမြောက်ပါဘူး ။

ဒါနအရာမြောက်ဖို့ရာ…..
ပေးလှူချင်တဲ့စေတနာ
လှူဖွယ်ပစ္စည်း
အလှူခံပုဂ္ဂိုလ်
တကယ်ပေးလှူခြင်း ဟူသောအင်္ဂါလေးချက်လိုအပ်ပါသည် ။

နောက်ပြီး ဘုရားက တကယ်ဆွမ်းဘုဉ်းပေးတာမဟုတ်တော့ ဆွမ်းတော်ကပ်တာက ကုသိုလ်ရော ပြည့်ပြည့်ဝဝ ရပါ့မလားဆိုပြီး ယုံမှားသံသယဖြစ်ကြသူများရှိကြပေလိမ့်မည် ။

ထိုသံသယအားဥပမာအနေဖြင့်ဖြေရှင်းရသော် ❝ဘုန်းကြီးတစ်ပါးကို သင်္ကန်းလှူလိုက်တဲ့အခါမှာ ထိုဘုန်းကြီးက သင်္ကန်းကိုဝတ်မှ ဒါနမြောက်တာမဟုတ်‌ပေ ။ထိုသင်္ကန်းကို သေတ္တာထဲပဲ သိမ်းထားထား ၊ တခြားသူကိုပဲ ပြန်ပြီးတော့ပဲ ပေးပေး ဒါနကမြောက်ပြီးသားပင်ဖြစ်၏ ။❞ ထို့ကြောင့် ဘုရားဆွမ်းတော်ကပ်ခြင်းသည်လည်း အထက်ပါအင်္ဂါလေးချက်နှင့်ပြည့်စုံနေရင်ကုသိုလ်ပြည့်ပြည့်ဝဝရမည်သာဖြစ်သည် ။တစ်နည်းအားဖြင့် မိမိရဲ့စိတ်အပေါ်မှာ မူတည်နေသည်ဟု ဆိုလိုခြင်းဖြစ်သည် ။

ဆက်လက်၍ မိမိတင်သည့်ဘုရားဆွမ်းတော်ကို မိမိကိုယ်တိုင်စွန့်၍ စားသုံးပါက ဘုရားအမည်ခံသက်သက်သာဖြစ်သွားပေလိမ့်ဦးမည် ။ ဒါနဆိုသည့် သဘောတရားသည် တပ်မက်စွဲလန်းမှုတွေ၊တွယ်တာမှုတွေမရှိတော့ဘဲ လောဘကိုတိုက်ဖျက်လိုက်တဲ့သဘောဖြစ်၏ ။ ထို့ကြောင့် ကိုယ်တိုင်ကပ်လှူထားတဲ့ ❝ ဘုရားဆွမ်းတော်ကို စွန့်ပြီးလျှင် ကုသိုလ်ဆင့်ပွားရရှိရန် အလို့ငှာ ပတ်ဝန်းကျင်ရှိ ကျေးငှက်စသည့်တိရစ္ဆာန်များ ၊ကလေးသူငယ်များကို ကျွေးခြင်းက မှန်ကန်အသင့်လျော်ဆုံး❞ဖြစ်ပေ၏ ။

နောက်ဆုံးအချက်အနေဖြင့် ဘုရားဆွမ်းတော်တင်ရာမှာထန်းလျက်ခဲလေးတစ်လုံး ၊ သကြားလေးတစ်ဇွန်းလောက်ဖြူးပြီး ကပ်လှူတာက အများအမြင်မှာလည်းမတင့်တယ်ပေ ။ ကိုယ်တိုင်က မတတ်နိုင်လို့ လှူဒါန်းတာက အကြောင်းမဟုတ်ပေမယ့် တတ်နိုင်ရင်တော့ ကိုယ်စားမယ့်စားဦးစားဖျားထဲကကပ်လှူတာကအကောင်းဆုံးသာဖြစ်သည် ။ ထိုသို့မဟုတ်ဘဲတာဝန်ကျေ ကပ်လှူလိုက်တာက ထိုက်သင့်တဲ့ အကျိုးရလဒ်လည်း ရမည်မဟုတ်တော့ပေ ။

ဒါ့အပြင် သစ်သီးကပ်လှူတဲ့အခါမှာလည်း သက်ရှိထင်ရှား မြတ်စွာဘုရားကိုရည်မှတ်၍ လူတွေစားသလိုတစ်လုပ်စာလောက် အတုံးလေးတွေ ပြုလုပ်စီမံပြီး ကပ်သင့်၏ ။ သို့သော် လက်တွေ့တွင်မူ ဈေးထဲမှ ငှက်ပျော်သီးအစိမ်း ၊ သရက်သီးအစိမ်း ၊ သင်္ဘောသီးအစိမ်း ၊နာနတ်သီးအစိမ်းစတဲ့သစ်သီးအစိမ်းတွေကိုဝယ်ပြီး ဘုရားကျောင်းဆောင် အပေါ်တင်ထားလိုက်၏ ။ မှည့်ပြီးဆို ချက်ချင်းစွန့်ပြီး စားကြတော့၏ ။ ဒါကိုပဲ ကုသိုလ်လည်းရဝမ်းလည်းဝ ဆိုပြီး ခေါင်းစဉ်တပ်လိုက်ကြ၏ ။

တကယ်တော့ ထိုအချက်ဟာ ဘုရားကိုလှူတာလို့
မဆိုထိုက်ပေ ။ သက်ရှိထင်ရှား မြတ်စွာဘုရားကိုရည်မှတ်ပြီး လှူတဲ့ပုဂ္ဂိုလ်သည်လည်း ထိုကဲ့သို့ ဘုရားဆွမ်းတော်ကို ဖြစ်သလို မလေးမစားလှူဒါန်းလိမ့်မည်မဟုတ်ချေ ။

ဒါ့ကြောင့်ဘုရားဆွမ်းတော်ကပ်တာကို ဖြစ်သလိုမကပ်ဘဲ သက်ရှိထင်ရှား မြတ်စွာဘုရားကိုရည်မှတ်၍ ဆွမ်း ၊ ပန်း ၊သစ်သီးစတာတွေကို တရိုတသေနဲ့စနစ်တကျနည်းလမ်းမှန်မှန် ကပ်လှူဖို့ရာ တိုက်တွန်းလိုက်ရပေသည် ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ အဆင့်မြင့်သော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ ။

Crdမူရင်းတင်သူအားဂါဝရပြုပါသည် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။