ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တဆိုင်ရာ ကိရိယာတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိ

International News
ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တဆိုင်ရာ ကိရိယာတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိ

အာရေဗီနဲ့ ဟီဘရူးဘာသာစကားတွေ ရေးထွင်းထားတဲ့ ၁၁ ရာစုမှ အစ္စလာမ် နက္ခတ္တဆိုင်ရာ ကိရိယာတစ်ခုဟာ ကမ္ဘာ့ရှေးအကျဆုံး နက္ခတ္တကိရိယာတစ်ခုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အဲဒီနက္ခတ္တကိရိယာကို အီတလီနိုင်ငံကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အီတလီ၊ စပိန်၊ မြောက်အာဖရိတိုက်မှာ နေထိုင်တဲ့ အစ္စလာမ်၊ ဂျူး၊ ခရစ္စယာန်တွေက ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြတဲ့အပြင် ဘာသာပြန်ဆိုတာ၊ ပြုပြင်ပြောင်းလဲတာတွေ လုပ်ခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ကမ်းဘရစ်ချ်တက္ကသိုလ်မှ ဒေါက်တာ ဂီဂန်တေးဟာ ဗီရိုနာမြို့ ပြတိုက်ရဲ့ ဝက်ဘ်ဆိုက်ပေါ်ကနေ နက္ခတ္တကိရိယာရဲ့ ဓာတ်ပုံကို အမှတ်မထင် တွေ့ရှိခဲ့ပြီး စုံစမ်းမေးမြန်းခဲ့တာပါ။ ” ပြတိုက်က ဒီပစ္စည်းကို ဘာမှန်းမသိဘူး။ အတုဖြစ်မယ်လို့ ထင်နေကြတယ်။ အခုတော့ ဒီပစ္စည်းက သူတို့ပြတိုက်ရဲ့ အရေးပါဆုံးပစ္စည်းတစ်ခု ဖြစ်နေပါပြီ။ ပြတိုက်ကို ရောက်သွားပြီး အနီးကပ်ကြည့်တော့ အာရေဘီစာလုံးတွေ လှလှပပ ထွင်းထားတယ်။ ဟီဘရူးစကားလုံးတွေလည်း ခပ်ရေးရေးမြင်ရတယ်” လို့ ဒေါက်တာဂီဂန်တေးက ဆိုပါတယ်။

ဒေါက်တာ ဂီဂန်တေးဟာ အစ္စလာမ်နက္ခတ္တဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး ယခင်က အစ္စလာမ်ဆိုင်ရာ သိပ္ပံပစ္စည်းပြတိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ နက္ခတ္တဆိုင်ရာ ပစ္စည်းတွေဟာ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းနဲ့ ခိုင်းနှိုင်းလို့ရပြီး တွက်ချက်မှုအတွက် အသုံးပြုတဲ့ပစ္စည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

နက္ခတ္တဆိုင်ရာ ကိရိယာဟာ စကြဝဠာကို လက်ထဲထည့်ထားရသလို ဖြစ်စေပြီး ကြယ်တွေရဲ့ တည်နေရာကို ပုံစံချထားပါတယ်။ အချိန်နဲ့ အကွာအဝေးကို တွက်ချက်နိုင်ပြီး ဇာတာစစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ စာသားတွေ ရေးထွင်းထားတဲ့ပုံစံနဲ့ ကျောဘက်က နေရာချထားပုံ အချိုးအစားအရ ၁၁ ရာစုအတွင်း စပိန်နိုင်ငံမှ အစ္စလာမ်တွေ အုပ်စိုးတဲ့ ဒေသ Al-Andalus မှာ လုပ်တဲ့ပစ္စည်းတွေနဲ့ ပုံစံတူတာကြောင့် ဒီကိရိယာဟာ အန်ဒါလူဆီယန် (Andalusian) ဒေသမှ ကိရိယာဖြစ်မယ်လို့ ဒေါက်တာ ဂီဂန်တေးက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...