နဂါးအကြောင်း

Astrology
နဂါးအကြောင်း

နဂါးကို ပါဠိလို နာဂ-ဟုခေါ်၏၊ ထိုပါဠိ နာဂမှ နဂါးဟုဆင်းသက်လာတာဖြစ်ဟန်တူ၏၊ နဂါးကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရှုမြင်သုံးသပ်ပုံခြင်းမတူကြ၊ မြန်မာတို့ကတော့ နဂါးဆိုတာ နဂါးရုံဘုရား အရှင်မဟာမောဂ္ဂလ္လာန် မြင်းမိုရ်တောင်ပတ်ပြီး နဂါးကိုဆုံးမနေတဲ့ နဂါးစတဲ့ ပန်းချီ ပန်းပု နဂါးအသွင်ဖြင့် မှတ်ယူကြ၏၊ အင်္ဂလိပ်စာပေနှင့် အခြားနိုင်ငံတွေကတော့ မြွေဟု ယူဆလိုကြ၏၊ မြန်မာတို့အနေနဲ့ နဂါးကို မြွေလို့ယူဆပါက နဂါးရဲ့ဂုဏ်သေးသိမ်သလိုဖြစ်နေသည့်အတွက် မြွေဟု မယူဆလိုကြပေ။

အိန္ဒိယ၌ မြွေကို နာ့ဂ်-ဟု ခေါ်၏၊ သီရိလင်္ကာ၌ မြွေကို နယားဟုခေါ်၏၊ သီရိလင်္ကာသားတွေ မြွေကို နယားဟုခေါ်သောအခါ မိမိအနေနဲ့ မြန်မာ့ဆိုင်းဝုိင်းကြီးတွေမှာ အတောင်ပန်တပ်ထားတဲ့ ကျောက်စီ တိုးနယားအရုပ်ကြီးတွေကို ပြေးမြင်မိပေ၏၊ ဘာပဲဖြစ်ဖြစ် မြွေ နဂါး အားလုံးတို့သည် ပါဠိ နာဂ သဒ္ဒါနှင့် ဆက်စပ်လျက်ရှိ၏။

မြန်မာယူဆသော နဂါးနှင့်ပတ်သက်၍ စဉ်းစားမိတာတွေရှိ၏ မြန်မာတို့သည် အရုပ်နဂါးနှင့်ရင်းနှီးလာသူတွေဖြစ်သဖြင့် နဂါးဟုဆိုလိုက်တာနဲ့ အရုပ်နဂါးအသွင်သာ ဥာဏ်ထဲထင်မြင်လာကြပေ၏၊ အဘယ့်ကြောင့်ဆိုသော် ဘုရား ကျောင်းကန် ပန်းချီ ပန်းပုအရုပ်များနှင့် ငယ်စဉ်ကထဲက ရင်းနှီးခဲ့ကြသောကြောင့်ဖြစ်သည်၊ ပန်းချီ ပန်းပုဆရာတို့သည်လည်း ရှေးရှေးသော မိမိတို့ဆရာအစဉ်အဆက်ရေးခဲ့ကြသော ရုပ်အသွင်တွေကိုသာ အနုပညာလက်ရာရောစပ်လျက် အစဉ်အဆက်ဆွဲခဲ့ကြခြင်းဖြစ်၏၊

ဥပမာ ခြင်္သေ့ဆိုကြပါစို့ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ဟိုဘက်ကလူတော်တော်များများ တီဗွီကလဲ မပေါ်သေးသဖြင့် ခြင်္သေ့ကို မမြင်ဘူးကြချေ၊ ခြင်္သေ့ရုပ်ကို ဘုရားမုခ်ဦးတွေမှာသာမြင်ဘူးကြ၏၊ ခွေးတို့၏သဘာ၀ ကြောက်သောခွေးတို့သည် အမြှီးကုပ်ကြ၍ ရဲရင့်သောခွေးတို့သည် အမြှီးကော့နေအောင်ထောင်လေ့ရှိကြ၏၊ ထို့ကြောင့် ပန်းရံဆရာတို့က ရဲရင့်သောခြင်္သေ့အမြှီးကို ကော့နေအောင်ထောင်ပေးလိုက်ကြလေ၏၊ တကယ်တော့ ခြင်္သေ့သည် အမြှီးထောင်သော သတ္တဝါမဟုတ်ချေ၊ ထို့ကြောင့် ရှေးရှေး ပန်းချီ ပန်းပုဆရာတို့အတုလိုက်လျက် နောက်နောက် ပန်းချီ ပန်းပုဆရာတို့သည် အနုပညာဖြင့်ရောလျက် ခြင်္သေ့အမြှီးကို ထောင်ပေးလိုက်ကြလေ၏၊ မိမိတို့သည်လည်း ခြင်္သေ့သည် ထိုပုံစံပဲလို့ စိတ်ထဲမှာမှတ်ယူထားလိုက်ကြတော့၏၊

လမ်းပန်းဆက်သွယ်ရေးကောင်းလာလို့ အချို့သောသူများ ရန်ကုန်တိရစ္ဆာန်ရုံရောက်ပြီး တကယ့်ခြင်္သေ့ကို တွေ့သောအခါ ဟာ-ဒါ ခြင်္သေ့အစစ်မဟုတ်ပါဘူး ခွေးခြင်္သေ့ကြီးတွေပါကွာဟု အထင်သေး အမြင်သေးဆိုကြလေတော့၏၊ မိမိတို့စိတ်ကူးထဲကခြင်္သေ့လောက် မခန့်ငြားသည်ကို အားမလို အားမရဖြစ်ကြရလေ၏။ ထို့အတူ ဟင်္သာ သည် မြန်မာတို့၏စိတ်ကူးထဲ၌ အတော်ခန့်ငြားသော်လည်း အိန္ဒိယစာပေ၌ ဟင်္သာကို ငန်း (ဘဲငန်း) ပုံဆွဲကြလေ၏။ လက်တွေ့ပုံရိပ်တို့သည် စိတ်ကူးပုံရိပ်လောက် ခန့်ငြားခြင်းမရှိကြပေ။

လောကဝိသယော အစိန္တိယော-ဆိုသလို လောကကြီးထူးဆန်းပုံကားလိုက်လို့ မမှီနိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် တချို့ တချို့သောအဖြစ်အပျက်တို့သည် နှစ်တစ်ရာမှတစ်ခါ နှစ်ငါးထောင်လောက်ကြာမှ တစ်ခါဖြစ်တတ်သောအရာတို့ ရှိတတ်သည် ထိုအရာတို့ကို လူတို့ လိုက်မမှီနိုင်ကြပေ၊ နဂါးကို မြွေဟုအယူအဆများသော်လည်း ရံဖန်ရံခါ မြန်မာတို့ယူဆထားတဲ့ နဂါးနှင့်တူသော နဂါးများ တွေ့ရတတ်ပေသည်။

နဂါးသည် တကယ်တော့ မိမိတို့အတွေးထဲရှိ ပုံများထက် များစွာထူးဆန်းသော (နတ်တပိုင်း)သတ္တဝါဖြစ်ပေသည်၊ နဂါးသည် တိရစ္ဆာန်ဘုံ၌ အကြုံး၀င်သဖြင့် လူတွေလောက် ဘုံအားဖြင့်အဆင့်မမြင့်ပေ၊ ဒါပေမဲ့ စည်းစိမ်ချမ်းသာကား နတ်ပြည်လိုဖြစ်သဖြင့် လူတွေထက်အဆပေါင်းများစွာသာလွန်နေပေတော့သည်၊(ဝိရူဠှက၊ဝိရူပက္ခနတ်မင်းတွေဆိုတာ နဂါးမင်းတွေပင်ဖြစ်သည် နတ်နဂါးဟုဆိုရလေမည်လော) လူတို့သည် ကိုယ်ရောင်ဖန်ဆင်းနိုင်သော တံခိုးမရှိ နဂါးတို့ကား ကိုယ်ရောင်ဖန်ဆင်းနိုင်သော တံခိုး ကမ္မဇိဒ္ဓိ ရှိ၏၊

တခါက နဂါးတစ်ကောင်သည် လူ့အသွင်ယူလျက် ရဟန်း၀တ်ကာ ရဟန်းများနှင့်အတူနေထိုင်လေ၏ တစ်နေ့သောအခါ ထိုရဟန်းအသွင်ယူထားသောနဂါးသည် လွတ်လွတ်လပ်လပ်အိပ်ပျော်သွားသဖြင့် နဂါးခန္ဓာကိုယ်ကြီးဖြစ်သွားလေ၏ ထိုနဂါးကိုမြင်လိုက်သောအခါ အတူနေရဟန်းများ လန့်ဖြန့်ပြီး အော်ကြသဖြင့် ရဟန်းအများစုရုံးရောက်ရှိလာပြီး ဆူညံဆူညံဖြစ်သောအခါ နဂါးလန့်နိုင်းသဖြင့် ချက်ချင်း ရဟန်းအသွင်ယူလိုက်လေ၏၊

ထိုအခါ ရဟန်းများက ကိုယ်တော် နဂါးလားဟု ဝုိင်း၀န်းမေးကြလေ၏ နဂါးကလည်း ဟုတ်မှန်ကြောင်း ဝံခံသဖြင့် ဘုရားရှင့်ထံခေါ်သွားရာ ဘုရားရှင်က သင်ဟာ တိရစ္ဆာန်ဖြစ်နေသည့်အတွက် ဒီဘ၀ မဂ် ဖိုလ် မရနိုင် နဂါးပြည်ပြန်၍ ဒါနပြု သီလဆောက်တည်လျက် ကောင်းမွန်ရာဘဝရောက်အောင် ကြိုးစားပါလေဟု မိန့်ကြားလိုက်ရာ ငါဟာ မဂ် ဖိုလ် ရနိုင်သော ဘ၀မဟုတ်ဖူးတဲ့ဟု ၀မ်းနည်းစွာ ငိုကြွေးလျက် နဂါးပြည် ပြန်သွားရရှာလေသည်၊(သနားဖွယ်) ထိုအချိန်မှစ၍ ရဟန်းတော်များ ရဟန်းခံတဲ့အခါ သင်ဟာ လူသားစင်စစ်ဖြစ်ရဲ့လားဟု မေးခွန်းထုတ်ပြီး လူဖြစ်ကြောင်းဝံခံမှ ရဟန်းခံပေးရတော့သည်။(ဝိ၊၃၊၁၂၀)

တခါက ရသေ့ညီနောင်နှစ်ပါးရှိရာ အစ်ကိုရသေ့က ညီငယ်ရသေ့နှင့်တွေ့သောအခါ မင်း ပိန်လှပါလား ဘယ်လိုဖြစ်တာလဲဟုမေးလေ၏၊ နဂါးတစ်ကောင်က (ကြည်ညိုသဖြင့်)သူ့ထံအမြဲလာရောက်ကြောင်း၊သူခန္ဓာကိုယ်ဖြင့်ရစ်ပတ်လေ့ရှိကြောင်း၊နဂါးကို ကြောက်လှသဖြင့် စားမ၀င် အိပ်မပျော် ပိန်နေကြောင်းပြောလေ၏၊

ဒါဆို မင်းနဂါးမလာခြင်းကိုအလိုရှိသလောဟုမေးလေ၏ မလာစေချင်ကြောင်းပြောတဲ့အခါ ဒါ-လွယ်ပါတယ် သတ္တဝါတိုင်းလိုလိုဟာ တောင်းရင်မကြိုက်ကြဘူး၊ တောင်းရင် မုန်းတတ်ကြတယ် မင်း နဂါးဆီက ဘာပစ္စည်းမြင်ထားသလဲမေးရာ နဂါးရွဲလုံးမြင်ထားကြောင်းပြောရာ ဒါဆို နောက်ရက် နဂါးလာတဲ့အခါ အဲဒီရွဲလုံးတောင်းကွာဟု အကြံပေးလေ၏၊ နောက်ရက် နဂါးလာသောအခါ ရွဲလုံးတောင်းရာ နဂါးက အပေါက်၀မှ လှည့်ပြန်ထွက်သွားလေ၏၊ဒုတိယအကြိမ်တောင်းတော့လဲ ပြန်လှည့်ထွက်သွားလေ၏၊
တတိယအကြိမ်တောင်းသောအခါ အရှင်ဘုရားဟာ အားကောင်းမောင်းသန်လူတစ်ယောက်က ဒါးထက်ထက်နဲ့ တပည့်တော်ကိုခုတ်သတ်မယ်လို့ကြိမ်းဝါးပြောဆိုသကဲ့သို့ တောင်းခြင်းဖြင့် နှိပ်စက်ပေ၏ အရှင်ဘုရားထံ နောက်နောင် ဘယ်တော့မှမလာတော့ဟုဆိုကာထွက်သွားလေတော့၏၊ နဂါးလုံး၀မလာပြန်တော့လဲ ထိုရဟန်းမှာ နဂါးကိုလွမ်းသလိုလိုခံစားနေရလေ၏၊ လာနေကျအချိန်တွေမှာ ရောက်မလာတော့ သတိရကာမျှော်နေမိပေ၏၊ သူပြောမိတာမှားလေပြီဟု နောင်တရလျက် လွမ်းအားပိုကာ ပိန်သထက် ပိုပိန်သွားလေ၏။(ပါရာဇိက ၂၂၀)

နဂါးတို့သည် တိရစ္ဆာန်ဖြစ်နေသောနဂါးဘ၀ကို ငြီးငွေ့စက်စုပ်တတ်ကြ၏၊ ထို့ကြောင့် ထိုဘ၀မှလွတ်မြောက်ရန် လူ့ပြည်သို့ လူ့အသွင်ယူလျက် ဥပုသ်လာစောင့်လေ့ရှိကြ၏၊ လူသားတို့သည် များသောအားဖြင့် မိခင်၀မ်းမှမွေးဖွားရသော ဇလာဗုဇများသာဖြစ်ကြသော်လည်း နဂါးတို့မှာကား အဏ္ဍဇခေါ် အဥမှလည်းပေါက်ကြသည်လည်းရှိ၏၊ ဇလာဗုဇခေါ် သားအိမ်မှလည်းပေါက်ကြပေါက်ကြသည်လည်းရှိ၏၊ သံသေဒဇခေါ် အညှိမှလည်းပေါက်ကြသည်လည်းရှိ၏၊ သြပပါတိကခေါ် နတ်ကဲ့သို့ ဘွားခနဲလဲဖြစ်သွားကြသည်လည်းရှိ၏။

ထိုနဂါးတို့ ဥပုသ်လာစောင့်ကြတဲ့အခါ ဘာ့ကြောင့် ဥပုသ်စောင့်ကြတာလဲမေးတော့ တပည့်တော်တို့ အရင်ဘ၀တုန်းက ကာယကံ ၀စီက မနောကံတွေနဲ့ ကုသိုလ်လဲလုပ်ဖြစ်ခဲ့ကြတယ် အကုသိုလ်လဲ လုပ်ဖြစ်ခဲ့ကြတယ်ဘုရား ဒါ့ကြောင့် နဂါးဖြစ်ရ၍ နောက်နောင်ဘ၀ ကောင်းရာသုဂတိရောက်ဖို့ ဥပုသ်လာစောင့်ကြတာပါဘုရားဟုလျှောက်ထားကြလေသည်။ (သံ၊၂၊၂၀၂)

နဂါးမတို့သည် ကိုယ်၀န်ရှိသောအခါ ဂဠုန်များမရောက်နိုင်သော လှိုဏ်ဂူများသို့၀င်ရောက်၍ နဂါးငယ်များမွေးဖွားကြရသည်၊ နဂါးငယ်တို့ အရွယ်ရောက်သောအခါ ရွှေလှေ ငွေလှေဖန်ဆင်း၍ မြစ်ကြီးငါးသွယ်မှတစ်ဆင့် သမုဒ္ဒရာထဲသို့၀င်ရောက်သွားကြလေသည် (သံ၊ဋ္ဌ၊၃၊၁၇၁)

တခါက ဘုရင်ကြီးတစ်ပါးသည် သူ့သားကို ငါနတ်ရွာစံပြန်လာပြီးမင်းလုပ်လော့ဟုဆိုကာ သမုဒ္ဒရာကမ်းနားသို့စေလွှတ်လိုက်လေသည်၊မင်းသားသည် ရသေ့၀တ်လျက်သင်္ခန်းကျောင်းလေးနှင့်နေလေသည်၊ ထိုစဉ် နဂါးပြည်မှ နဂါးမတစ်ယောက်သည် လင်သေသဖြင့် စိတ်ပျက်လက်ပျက် ခြေဦးတည့်ရာသွားရင်း လူ့ပြည် သမုဒ္ဒရာကမ်းနားသို့အရောက်တွင် မင်းသား၏ခြေရာကိုမြင်သဖြင့် ခြေရာအတိုင်းလိုက်လာရာ မင်းသားနှင့်တွေ့လေသည့်် သင်ဘယ်သူလဲမေးရာ နဂါးမဖြစ်ကြောင်းဆိုလေ၏၊

မင်းသားကိုလည်း သင်ဘယ်သူလဲမေးရာ ဗာရာဏသီမင်းကြီး၏သားတော်ဖြစ်ကြောင်းပြောကြပြီး အချင်းချင်းချစ်ကြိုက်ကာ အတူပေါင်းသင်းလျှက် သားတစ်ယောက် သမီးတစ်ယောက်ဖွားမြင်ခဲ့သည် ဤဇာတ်လမ်းသည် အလွန့်အလွန်စိတ်၀င်စားစရာကောင်းလှ၏ ရှည်လျားလွန်းသဖြင့်မရေးသာပြီ စာဝါသနာပါသူများ ဘူရိဒတ်ဇာတ်တော်ကို ရှာဖတ်ကြပါ။ (ဇာ၊ဋ္ဌ၊၇၊၁)

တခါက နဂါးမင်းသည် ကသ္မိရဂန္ဓာရတိုင်းမှာ စပါးမှည့်ချိန် မိုးသီးများရွာချလျက်ကောက်နှံတွေဖျက်ဆီးခဲ့ဘူးသည်၊ မဇ္စျန္တိကမထေရ်က ကောင်းကင်ခရီးဖြင့် နဂါးများနေရာ ရေအိုင်ပေါ်သို့လမ်းလျောက်ခြင်း ထိုင်ခြင်း အိပ်ခြင်းများပြုလုပ်နေနေလေ၏၊ နဂါးလုလင်တို့က ရဟန်းတစ်ပါးဤကဲ့သို့ပြုလုပ်နေကြောင်း နဂါးမင်းထံသတင်းပို့ရာ နဂါးမင်းဒေါသထွက်ပြီး ရဟန်းကြောက်လန့်သွားအောင် လေပြင်းမုန်တိုင်းတွေတိုက်ခတ် သစ်ပင်တွေကျိုး တောင်စွန်းတွေပြတ်ကျ လျှပ်စီးတွေလက် မိုးကြိုးတွေပစ် အခိုးအလျံတွေလွှတ်စသည် ကြောက်မက်ဖွယ်အမျိုးမျိုးလုပ်လေ၏ ထိုအရာအားလုံးကို မထေရ်က တံခိုးဖြင့်တားမြစ်လိုက်ရာ နဂါးမင်းအစွမ်းကုန်လျက် စိတ်ညစ် အရှုံးပေးရပြီး မထေရ်ထံ၀ပ်စင်းခစား တရားနာကြည်ညိုပြီးနောက် သရဏဂုံ သီလတည်သွားလေသည်။ (ဝိ၊ဋ္ဌ၊၁၊၄၈)

မောင်ပေါက်ကျိုင်းရာဇ၀င်၌ ထောင်ပေးလို့ဆုပ် ရာပေးလို့ချုပ်၊ ချစ်သူ၏အရိုးကိုဆံတိုးလုပ် ဟူသော စကားကြီးသုံးခွန်းကိုလည်း ကျမ်ဂန်၌ တွေ့ဘူးသလိုလိုရှိ၏ မမှတ်မိတော့ပေ၊ တစ်ခါက အဘွားကြီးတစ်ယောက်ထံ ညညအခါ မြွေကြီးတစ်ကောင်က သူ့အနားလာလာအိပ်ပြီး မနက်စောစောထွက်သွားလေသည်ကို ပထမ ကြောက်လန့်သော်လည်း နောင်သောအခါ မြွေကြီးရဲ့အပြုအမူသည်thayသွားသော သူ့ယောက်ျား၏အပြုအမူတွေနှင့်တူနေသဖြင့် သူ့ယောက်ျားပဲဟုစိတ်ထဲစွဲမှတ်ကာ အမြဲသူ့နားမှာအိပ်ခွင့်ပြုလေ၏ဟုဆို၏၊ ထိုအဖြစ်အပျက်မျိုး အိန္ဒိယက အဘွားကြီးတစ်ယောက်လည်းဖြစ်ခဲ့ဘူးကြောင်း သူ့သားတွေသိရင် ရိုက်thetကြမှာစိုး၍ အိမ်မှာ လူမရှိတဲ့အခါမှ မြွေကြီးကို အပြင်ထွက်စေကြောင်း ဖတ်ဖူးပေ၏။၊

မရီးနဲ့ မတ် လင်ကိုသတ် လေးဇာတ်တိုင်ခဲ့ပြီ-ဆိုတဲ့ဇာတ်လမ်းထဲမှာ မယားကိုစွဲသေသူဟာ မြွေဖြစ်ပြီ အိမ်ခေါင်းမိုးပေါ်မှ သူ့မယားပေါ်ခုံ ခုံချကြောင်းလည်း ရှိခဲ့ဘူးသည် (အံ၊ဋ္ဌ၊၂၊၁၈၉)

နဂါးအကြောင်းအရာကား များလွန်းလှပေ၏၊ စိတ်၀င်စားစရာလည်း ကောင်းလှပေ၏၊စာလည်းရှည်သွားပေပြီ၊ ဒီလောက်ဆို နဂါးအကြောင်းရေးပေးပါဟုတောင်းဆိုသူတို့ ကျေနပ်လောက်ပြီဟုယူဆမိပါသည်။

#Crdဦးနန္ဒာစာရမုံရွာ

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။