မူးယ-စ်ဆေးဝါးရဲ့သားကောင်ဖြစ်ခဲ့လို့ အနုပညာလောကရဲ့ အဝေးရောက်ခဲ့ဖူးတဲ့ ခင်လှိုင်
ကိုယ်ကိုယ့်ကိုယ်ဖျက် သံချေးတက်ဆိုတဲ့အတိုင်း လောကမှာ ကောင်းခြင်း၊ ဆိုးခြင်းဟာ ကိုယ့်အပေါ်မှာပဲ အဓိကမူတည်နေတာ ဖြစ်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့စကားအတိုင်း လောကကြီးမှာ ကိုယ်စိုက်ပျိုးတာကိုပဲ ကိုယ်ရိတ်သိမ်းကျရတာ ချည်းပါပဲ။
လူသားတွေကို ဖျက်ဆီးနေကြတဲ့ နတ်ဆိုးများစွာရှိနေပြီး အဲဒီအထဲမှာ မူးယစ်ဆေးဝါးကတော့ လူတွေအတွက် အဆိုးရွားဆုံး သားကောင်ပါပဲ။ အထူးသဖြင့် အနုပညာနယ်ပယ်နဲ့ မူးယစ်ဆေးဝါးဆိုတာ ကျောင်းသားနဲ့ ကျောပိုးအိတ်လို ဖြစ်နေတာပါ။ အနုပညာရှင်တော်တော်များများက မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် လွဲမှားတဲ့ခံယူချက်တွေ ရှိတတ်ကြပါတယ်။ တချို့မူးယစ်ဆေးဝါးတွေဟာ သူတို့အနေနဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ mood ပိုဝင်တယ်လို့ ခံယူချက်လွဲမှားပြီး သုံးစွဲကြတာတွေ ရှိကြပါတယ်။ အဆိုတော်ဆိုရင်လည်း မူးယစ်ဆေးဝါးလေး သုံးလိုက်မှ သီချင်းရေးလို့ပိုပြီးဖီးလ်လာတာလို့ အယူမှားတတ်ကြသလို သရုပ်ဆောင်တွေဆိုရင်လည်း မူးယစ်ဆေးဝါးလေး သုံးလိုက်မှ သရုပ်ဆောင်ရတာ ပိုပြီးmood ဝင်တယ်လို့ အယူမှားလေ့ရှိပါတယ်။
အဲဒီကနေစပြီး တဖြည်းဖြည်း မူးယစ်ဆေး စွဲသွားကြပြီး နောက်ဆုံးမှာ ကိုယ့်ဘဝပျက်စီးသွားတတ်ကြတဲ့ အခြေအနေမျိုးတွေအထိ ရင်ဆိုင်လာခဲ့ကြရတာပါ။ အနုပညာနယ်ပယ်ကို ကြည့်လိုက်ရင်လည်း မူးယစ်ဆေးဝါးကြောင့် ဘဝပျက်သွားပြီး အောင်မြင်မှုမှေးမှိန်သွားကြသူတွေကို တွေ့ရမှာပါ။ ဒါပေမယ့် တချို့တွေကတော့ အမှားကိုအမှားမှန်းသိကာ မူးယစ်ဆေးဝါးနွံ့ထဲကနေ အကောင်းဆုံး ရုန်းထွက်ပြီး ပြန်လာနိုင်ခဲ့ကြသူတွေ ရှိနေပါတယ်။ အဲဒီအထဲမှာမှ အဆိုတော် ရက်ပါ ကြက်ဖက အထင်ရှားဆုံး သာဓကပါပဲ။
မြန်မာ့ဟစ်ဟော့လောကရဲ့ အကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်တဲ့ ကြက်ဖကလည်း အောင်မြင်မှုဒဏ်ကို မခံနိုင်ခဲ့ဘဲ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြက်ဖဟာ မူးယစ်ဆေးနွံ့ထဲကနေ အကောင်းဆုံး ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ အခုအခါမှာလည်း နာမည်ကျော် ဟာသ သရုပ်ဆောင်ခင်လှိုင်က သူ့အနေနဲ့ မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ခဲ့ဖူးတဲ့အကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
ခင်လှိုင်ဆိုတာ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး လူရွှင်တော်တွေထဲကတစ်ယောက်ဖြစ်သလို ဟာသပိုင်းနဲ့ပတ်သက်ရင် အလွန်ထူးချွန်သူတစ်ယောက်ပါ။ ဒါပေမယ့် ခင်လှိုင်ဟာ ဖြတ်သန်းလာတဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ လောကဓံလှိုင်းဒဏ်ကို ကြမ်းကြမ်းတမ်းတမ်း ခါးစီးခံခဲ့ရပါတယ်။ ဒါကတော့ ခင်လှိုင်အနေနဲ့ မူးယစ်ဆေးရဲ့သားကောင်ဖြစ်သွားပြီး အားလုံးရဲ့အဝေးကို ရောက်ရှိလာခဲ့ရတာပါ။ မူးယစ်ဆေးဒဏ်ကြောင့် ရုပ်ရှင်လောကအတွင်း သူ့ကို ဘယ်သူ့မှ မလိုလားတဲ့အထိဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ အနုပညာနယ်ပယ်ကနေ ၂ နှစ်လောက်အထိ အနားယူခဲ့ရကြောင်း ခင်လှိုင်က ဖွင့်ဟခဲ့ပါတယ်။
၂၀၀၀ ကျော်ကျော်၊၂၀၀၁ လောက်ကနေစပြီး တော်တော်လေး ပျက်စီးခဲ့ပါတယ်။ ၂၀၀၄၊ ၂၀၀၅ လောက်အထိ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်နေခဲ့ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်နယ်ပယ်အတွင်း ကျွန်တော့်ကို ဘယ်သူ့မှ မလိုလားကြတော့ဘူး။ ကတိတွေလည်း မတည်တော့ဘူး။ အချိန်တွေလည်း နောက်ကျတယ်။ ပြီးတော့ သရုပ်ဆောင်တာတွေလည်း တလွဲတွေလုပ်ခဲ့တယ်။ ဆေးစွဲနေတဲ့အခါကျတော့ လုပ်ချင်တာတွေ လျှောက်လုပ်တာပေါ့။ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် အမှန်လို့ထင်တာပေါ့။ အဲဒါကြောင့် အနုပညာ လောကကနေ (၃) နှစ်နားလိုက်ရတယ်။ နားလိုက်တယ်ဆိုတာက ကိုယ့်ဟာကိုယ် နားလိုက်တာပေါ့နော်”လို့ ခင်လှိုင်က တစ်ချိန်တုန်းက အမှားတွေနဲ့ ပတ်သက်ပြီး ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။
အဲဒီလိုဖြစ်ပြီး ရုပ်ရှင်လောကရဲ့ အပြင်ကို ရောက်ရှိသွားပြီးနောက် ခင်လှိုင်ဟာ သူ့ကိုယ်သူ မှားနေပြီဆိုတာသိပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြန်လည်သုံးသပ်မိသွားခဲ့ပါတယ်။ အဲဒီနောက် သူ့အနေနဲ့ ကိုယ့်ရဲ့မာန်မာနတွေကို လျှော့ချပြီး အကောင်းဆုံး ပြန်လည်တည်ဆောက်ခဲ့ရကြောင်း ခင်လှိုင်က ဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါးနွံ့ထဲကနေ အကောင်းဆုံး ရုန်းထွက်လာခဲ့ပြီးနောက် ခင်လှိုင်ဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။
ဒါကြောင့်လည်း လက်ရှိအချိန်မှာ ခင်လှိုင်အနေနနဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ တန်ကြေးအကြီးဆုံးဖြစ်လာတဲ့အထိ အောင်မြင်မှုတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ခင်လှိုင်ဟာ သရုပ်ဆောင်သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေကို ရှာဖွေနိုင်နေပြီ ဖြစ်ပါတယ်။ သူ ရိုက်ကူးတဲ့ ဟာသဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲအောင်မြင်မှု ရရှိနေတာပါ။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဒီအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်နေရင်လည်း အမြန်ဆံးုး ရုန်းထွက်နိုင်ဖို့ လိုအပ်လှပါတယ်။
ရေးသားသူ –One Daily Channel
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။