ကြက်ဥခွံကို ဘာကြောင့် အပင်တွေမှာ အသုံးပြုကြတာလဲ.

Health Knowledge
ကြက်ဥခွံကို ဘာကြောင့် အပင်တွေမှာ အသုံးပြုကြတာလဲ.

ကြက်ဥခွံမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ် နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်သလို အပင်ကြီးထွားမှုကို ကူညီပေးပြီး ဆဲလ်နံရံတွေကို သန်မာစေပါတယ်။ ကြက်ဥခွံက ကောင်းစွာ ပြိုကွဲပြီးနောက်မှာတော့ အပင်အမြစ်မှ စုပ်ယူနိုင်သည့် အရေးကြီးတဲ့ သတ္တုဓာတ်တွေကိုလည်း ပံ့ပိုးပေးပါတယ်။ ဥယျာဉ်ခြံနဲ့ စိုက်ခင်းတို့အတွက် ထိရောက်ပြီး ဈေးသက်သာတဲ့ သဘာဝ မြေသြဇာတစ်မျိုးပါပဲ။

ကြက်ဥခွံကို ကြိတ်ချေပြီး အပင်ခြေရင်းမှာ ပုံထားရင် အပင်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိစေပါတယ်။ ကယ်လ်ဆီယမ်က အသီးအရွက်တွေကို ‌ကောင်းမွန်တဲ့ အနံ့အရသာတစ်မျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။

အပင်စတင်,စိုက်ပျိုးချိန်ကတည်းက ကြက်ဥခွံကို ထည့်ထားတာက အပင်ကြီးထွားမှုကို ပံ့ပိုးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့အပင်တွေမှာ နှစ်ပတ်ခြားတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

ကြက်ဥခွံက ဥယျာဉ်ခြံသီးနှံ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ဆလတ်၊ ခရမ်းချဉ်၊ နှင်းဆီ၊ ငရုတ်တို့အတွက် ကောင်းမွန်တဲ့ ‌သဘာဝ မြေဩဇာတစ်မျိုးပါပဲ။

ကြက်ဥခွံတွေက အပင်ပေါက်ရန် မျိုးစေ့ပျိုးဖို့ အကောင်းဆုံး သဘာဝမြေဩဇာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဥခွံထဲကို မြေဆွေးထည့်ပြီး မျိုးစေ့ကို ပျိုးထားနိုင်ပါတယ်။ မျိုးစေ့ပျိုးထားတဲ့ ကြက်ဥခွံတွေကို ကြက်ဥကပ်ခွံထဲမှာ ထည့်ပြီး ပျိုးကြတာတွေလည်း ရှိပါတယ်။ ပျိုးပင်ကို ရွှေ့ပြောင်းစိုက်ချင်တဲ့အခါတော့ ပျိုးထားတဲ့ ကြက်ဥအခွံအတိုင်းကို မြေကြီးထဲမှာ မြှုပ်ပြီး စိုက်ပျိုးနိုင်ပါတယ်။

မြေဆွေးလုပ်တဲ့အခါ ကြက်ဥခွံ ထည့်ခြင်းက မြေဆွေးရဲ့ မြေချဉ်ငံဓာတ်ကို ထိန်းညှိပေးပါတယ်။ ကြက်ဥခွံက အပင်များစုအတွက် အကျိုးပြုပါတယ်။ ပန်းသီး၊ စတော်ဘယ်ရီ၊ ဆလတ်၊ သခွားသီး၊ ခရမ်းသီးတို့လို အသီးအနှံမျိုးစိတ်နဲ့ ဟင်းသီးဟင်းရွက်များအတွက် ကူညီပံ့ပိုးပေးနိုင်တဲ့အပြင် နှင်းဆီနှင့် ဂန္ဓမာလို ပန်းတွေမှာလည်း သုံးနိုင်ပါတယ်။

အပင်အတွက် ကြက်ဥခွံ သုံးခြင်း၏ အကျိုးသက်ရောက်မှုများ…

ကြက်ဥခွံက မြေဆီလွှာအချဉ်ဓာတ်ကို လျော့နည်းစေတဲ့အပြင် ကြက်ဥခွံရှိ ကယ်လ်ဆီယမ်ကာဗွန်နိတ်က မြေဆီလွှာရဲ့ pH အဆင့်ကို နိမ့်ကျစေပြီး အက်စစ်ဓာတ်ထက် အယ်ကာလီကို ဖြစ်စေပါတယ်။ ကြက်ဥခွံက အမြစ်ကြီးထွားမှုကို အားပေးပြီး ကယ်လ်ဆီယမ်ကာဗွန်နိတ်က အပင်အမြစ်ကို ဖွံ့ဖြိုးစေရန် ကူညီပေးတာကြောင့် အပင်ကြီးထွားမှုမြန်ပြီး သန်မာစေပါတယ်။

ကြက်ဥခွံသုံးခြင်းက အပွင့်ပုပ်ခြင်းကို သက်သာစေတဲ့အပြင် ပိုးမွှားကျရောက်တာကိုလည်း ထိန်းချုပ်ပေးပါတယ်။

ခရမ်းချဉ်ပင်လို ကယ်လ်ဆီယမ်ချို့တဲ့ခြင်းကြောင့် အသီးအနှံတွေမှာ အမဲစက်တွေ (blossom end rot- အသီးပုပ်တာတို့) ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကြက်ဥခွံမြေသြဇာသုံးပြီး ကယ်လ်ဆီယမ်ကို ပေါင်းထည့်ခြင်းက အသီးအနှံများ ရှင်သန်ကြီးထွားစေပြီး အပွင့်ပုပ်ခြင်းကို လျော့နည်းစေပါတယ်။

ကြက်ဥခွံကို အမှုန့်ကြိတ်ပြီး စိုက်ခင်းထဲက အပင်တွေရဲ့ အမြစ်နားမှာ ပုံထားပေးရင်လည်း စိုက်ခင်းတွေကို ဖျက်ဆီးတတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ ကျိုင်းကောင်လို ပိုးမွှားတွေကိုလည်း နှိမ်နင်းပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်အပြင် ဆီဒီယမ်အနည်းငယ်ပါဝင်တာကြောင့်လည်း အပင်တွေကို အားဖြည့်ပေးနိုင်ပါတယ်။

ကြိတ်ချေထားတဲ့ ကြက်ဥခွံအမှုန့်တွေကို မြေဆွေးပုံထဲ ထည့်ပြီး မြေဆွေးနဲ့လည်း ရောသုံးနိုင်ပါတယ်။ အများစုကတော့ အာဟာရဓာတ်ပိုမိုရရှိစေရန် နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ကော်ဖီစေ့တွေကို ပေါင်းထည့်ပြီးလည်း နည်းလမ်း အမျိုးမျိုးနဲ့ သုံးကြပါတယ်။

ကြက်ဥခွံတွေကို ခရမ်းချဉ်ပင်မှာ သုံးရင် အပင်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပေါပေါများများ ပံ့ပိုးပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ကြက်ဥခွံကို အမှုန့်ဖြစ်အောင် ချေမွပြီး ခရမ်းချဉ်ပင်ရဲ့အမြစ်နားမှာ တွင်းတူးပြီး ‌ထည့်လိုက်လို့ ရပါတယ်။

ကြက်ဥခွံကို အပင်အတွက် ဘယ်လိုသုံးမလဲ…

(၁) သန့်ရှင်းခြောက်သွေ့တဲ့ ကြက်ဥခွံတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ မသုံးခင်မှာ ‌အခွံကို ဆေးကြောပြီး ‌အခြောက်ခံဖို့ လိုပါတယ်။ ကြိတ်ပြီးသား အမှုန့်တွေကို အပင်မှာ တိုက်ရိုက်ထည့်ပြီး သုံးနိုင်သလို ရေနွေးနဲ့‌ ရောပြီးလည်း သုံးနိုင်ပါတယ်။ အရောအနှောကို တစ်နေ့တစ်ကြိမ် မွှေပေးဖို့လိုပါတယ်။ ခုနစ်ရက်ကြာပြီးနောက်မှာတော့ အပင်အမြစ်နဲ့ အနည်းငယ်ခွာပြီး မြေကြီးထဲကို တိုက်ရိုက်လောင်းချပြီး သုံးနိုင်ပါတယ်။

(၂) ကြက်ဥခွံကို သန့်ရှင်းရန် ရေနွေးနဲ့ ဆေးပေးပါ။ ဆေးတဲ့အခါ ကြက်ဥခွံအတွင်း အခြားအကြွင်းအကျန်များ မကျန်အောင် လက်နဲ့ဆေးပေးပါ။ ဒါပေမဲ့ အာဟာာရအများစု ပါဝင်နေတဲ့ အခွံအတွင်းက အမြှေးပါးလေးတွေ ကျန်နေစေရန် ဂရုစိုက်ဖို့‌တော့ လိုပါတယ်။

အမှုန့်ဖြစ်အောင် ချေထားတဲ့ ကြက်ဥခွံ စားပွဲတင်ဇွန်းသုံးဇွန်း (30 g) ကို အိုးတစ်လုံးထဲ ထည့်ပါ။ ‌ကြိတ်ချေတဲ့အခါ အမှုန့်‌ဖြစ်လေ ပျော်ဝင်မှုမြန်လေပါပဲ။ အပိုအာဟာရဓာတ်အတွက် ဆားခါးတစ်ဇွန်း (15g) ကိုလည်း ရောထည့်နိုင်ပါတယ်။ ဆားခါးမှာ မဂ္ဂနီဆီယမ်နဲ့ ဆာလဖိတ် မြင့်မားစွာပါဝင်ပြီး နှစ်မျိုးလုံးက အသီးအပွင့်ကို အားပေးပြီး အပင်အတွက် အကျိုးပြုပေးနိုင်ပါတယ်။

အိုးထဲတွင် ဆားခါး၊ ကြက်ဥခွံနဲ့ ရေတစ်ဂါလံထည့်ကာ ရေနဲ့ ပျော်ဝင်သည်အထိ အပူပေးပြီး ကျိုပါ။ ကျိုပြီးတဲ့အခါ ‌ရက်အနည်းငယ်‌‌ခန့် အိုးတစ်လုံးလုံးတွင် လေလုံအောင် ဖုံးအုပ်ထားဖို့ လိုပါတယ်။ အဖုံးဖွင့်လိုက်ရင် အာဟာရဓာတ်များ လျော့နည်းသွားနိုင်တာကြောင့်ပါ။

အသုံးပြုမည့် အပင်အနေအထားအရ ရေ(၄)ဂါလံမှာ စားပွဲတင်ဇွန်း (၁၀-၁၅) ဇွန်းအထိ ရောစပ်သုံးနိုင်ပါတယ်။ တစ်လတစ်ကြိမ် (သို့) တစ်ကြိမ်ထက် ပိုပြီးလည်း သုံးပေးလို့ ရပါတယ်။

ကြက်ဥခွံသုံးရင် ဘယ်အချက်တွေ သတိထားသင့်လဲ..

ကြက်ဥခွံက ပြီးပြည့်စုံတဲ့ သဘာဝမြေဩဇာမဟုတ်တာကြောင့် အခြားအော်ဂဲနစ် မြေဆွေး‌မြေဩဇာတို့နဲ့ တွဲဖက် အသုံးပြုရန် လိုပါတယ်။

အခွံတွေကို ကောင်းကောင်း မကြိတ်ချေတဲ့အခါ‌ မြေဩဇာပေးနိုင်ရန် ပြိုကွဲဖို့ အချိန်ကြာနိုင်ပါတယ်။ ကြက်ဥအစိမ်းမှာက အပင်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။

ရေမဆေးရသေးတဲ့ ကြက်ဥခွံကို သီးနှံပင်အတွက် မသုံးသင့်ပါဘူး။
ကြက်ဥခွံကို စနစ်တကျ မဆေးကြောရင် ပိုးမွှားတွေကို ဆွဲဆောင်နိုင်တာကြောင့် သေချာဆေးကြောပြီးရင်လည်း မှိုမကြီးထွားစေရန် အသုံးမပြုခင်မှာ အခြောက်ခံဖို့ လိုပါတယ်။

အက်စစ်ဓာတ်ကြိုက်တဲ့ အပင်တွေမှာ ကြက်ဥခွံ သုံးခြင်းကို သတိထားသင့်ပါတယ်။
မြေဆွေးပုံမှာ ကြက်ဥခွံအများကြီး ထည့်ရင် မြေဆွေးရဲ့ pH ကို ပြောင်းလဲသွားနိုင်ပါတယ်။

အပင်အတွက် ကြက်ဥခွံ သုံးခြင်းက ပြုလုပ်ရလွယ်ပြီး မီးဖိုချောင်မှာပင် အလွယ်တကူရနိုင်တာကြောင့် သီးနှံပင်အတွက် အကျိုးဖြစ်‌ထွန်းစေတဲ့ သဘာဝ အော်ဂဲနစ်မြေဩဇာတစ်မျိုးပါပဲ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးမဖြစ်အောင် အသုံးပြုရာတွင် စနစ်တကျနဲ့ ဂရုစိုက်သင့်ပါတယ်…
#Crd

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...