ဆီးချိုရောဂါနှင့်တိုင်းရင်းဆေး

ဆီးချိုရောဂါနှင့်တိုင်းရင်းဆေး

Health Knowledge
ဆီးချိုရောဂါနှင့်တိုင်းရင်းဆေး

ဆီးချိုရောဂါကို တိုင်းရင်းဆေးပညာအလိုအရ ”မဓုမေဟ”လို့ခေါ်ပါတယ်။အနောက်တိုင်း ဆေးပညာကတော့ (Diabetes Mellitus) လို့ခေါ်ပါတယ်။ဆီးချိုရောဂါဟာ ပင်ပင်ပန်းပန်း လုပ်ရတဲ့ကာယလုပ်သားတွေမှာ အဖြစ်နည်းပြီး ငြိမ်းငြိမ်းအေးအေးနေပြီး အစားကောင်းအသောက်ကောင်းတွေ စားနေရသူတွေမှာ အဖြစ်များပါတယ်။ တစ်နည်းအားဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းပြီးအေး.ချိုဆိမ့်တဲ့ အစာတွေကို တစ်ဘက်သက်လွန်အောင် စားသောက်သူတွေမှာအဖြစ်များပါတယ်။အသက်(30)က(60)အတွင်း အဖြစ်များပါတယ်။အမျိုးသားတွေမှာပိုအဖြစ်များတာတွေ့ရပါတယ်။မျိုးရိုးလိုက်တာကိုလည်း တွေ့ရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ပန်ကရိယ(Pancreas)လို့ခေါ်တဲ့ကိုယ်တွင်းအင်္ဂါကနေအင်ဆူလင်ဟော်မုန်းလိုသလောက်မထွက်တဲ့အတွက်ဆီးချိုရောဂါဖြစ်ရတယ်လို့ဆိုပါတယ်။

အင်ဆူလင်ဟာသွေးထဲမှာရှိတဲ့သကြားဓာတ်ကိုအသားအစရှိတဲ့အင်္ဂါအစိတ်အပိုင်းတွေဆီအရောက်ပို့ပေးပြီးချေဖျက်နိုင်ဖို့ကူညီပါတယ်။တစ်နည်းအားဖြင့် သွေးထဲကအချိုဓာတ် လိုအပ်တာထက်ပိုမလာအောင် ထိန်းပေးပါတယ်။ပန်ကရိယအင်္ဂါဟာ အကြောင်းကြောင်းကြောင့် ကောင်းကောင်းအလုပ်မလုပ်ရင် အင်ဆူလင်အထွက်နည်းပြီး ဆီးချိုရောဂါဖြစ်တာပါပဲ။

အဲဒီအကြောင်းကြောင်းတွေထဲမှာအချိုဓာတ်တွေအစားလွန်ခြင်း Zinc လို့ခေါ်တဲ့သွပ်ဓာတ်လျော့နည်းချို့တဲ့ခြင်း။မျိုးရိုးဗီဇချို့တဲ့ခြင်းဗိုင်းရပ်ပိုးတွေဝင်ရောက်ဖျက်ဆီးခြင်း
အဝလွန်ခြင်းကလာပ်စည်းတွေထဲကဗီဇဓာတ်ထိန်းပေးတဲ့ခရိုမိုဇုန်းအမှက်(၆)ချို့တဲ့ခြင်းတွေပါဝင်ပါတယ်။

အရက်ကိုအလွန်အကျွံစွဲပြီးသောက်ရင်လည်းပန်ကရိယပျက်စီးပြီး ဆီးချို ဖြစ်လာနိုင်ပါတယ်။ပဋိသန္ဓေတားဆေးမှာပါတဲ့ ဟော်မုန်းဓာတ်ကြောင့်လည်းဆီးချိုရောဂါဖြစ်နိုင်
ပါတယ်။တိုင်းရင်းဆေးပညာ အလိုအရတော့ သီတတေဇော ပထဝီ နဲ့ အာပေါလွန်တဲ့ ”သင်္ဂဟိတနာ ”လို့သတ်မှတ်ပါတယ်။လေသည်းခြေသလိပ်လို့ဆိုတဲ့ ဒေါသသုံးပါးအနက် သလိပ်ဒေါသ လွန်ကဲနေတတ်ပါတယ်။

ဆီးချိုရောဂါဟာ အာဟာရ သမုဌာန်ကြောင့် အဖြစ်များပြီး တဖြည်းဖြည်းချင်းးအသံတိတ် ဝင်ရောက်နှိပ်စက်တတ်လို့ ရောဂါဖြစ်စမှာ လက္ခဏာများမပေါ်လွင်ပါဘူး။အမှတ်မထင် ဆီးချက်ကြည့်ရာကဆီးမှာ အချိုဓာတ်လွန်ကဲ နေတာတွေ့ရတော့မှ သိတာများပါတယ်။ အမှန်မှာတော့ သွေးချိုတာက အရင်စတာပါ။သွေးမှာ အချိုဓာတ်တွေ သိပ်များနေလို့ ကျောက်ကပ်က မစစ်ထားနိုင်တော့ပဲ ဆီးထဲပါလာရတာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးကျမ်းတွေမှာတော့ ဆီးချိုရောဂါဖြစ်တဲ့သူရဲ့ လက္ခဏာတွေကို ခုလိုပဲဖော်ပြထားပါတယ်။အဲဒါတွေကတော့…

-ဆီးများပြီး မကြာမကြာ သွားခြင်း
-ဆီးအရောင် စိမ်းဖန့်ဖန့်နဲ့ ခပ်နောက်နောက်ရှိခြင်း
-ခေါင်းအုံဇက်လေးပြီး တုံလုံးပက်လက် လှဲလို့သာနေချင်စိတ်ရှိခြင်း
-လူကပွစောင်းစောင်းနဲ့ ဝနေပေမယ့် မောပန်းလွယ်ခြင်း အားအင်ကုန်ခမ်းနေခြင်း
-ချိုဆိမ့်တဲ့အစာကိုပဲစားချင်နေခြင်း
-အအိပ်အစား အလွန်များခြင်း
-သတိမေ့လျော့တွေဝေခြင်း
-ကိုယ်ပေါ်မှာ နီနီအပြောက်လေးတွေ ပေါ်တတ်ခြင်း
-လည်ကုတ်အခေါက်ထူပြီး ကြမ်းနေခြင်း
-အပူမခံနိုင်ခြင်း.အမြဲအိုက်နေတတ်ခြင်း
-ခြေဖဝါးနဲ့ကျောမှာ အနာထွက်တတ်ခြင်း
-လိပ်ခေါင်းရောဂါ ရှိတတ်ခြင်း
-သွေးဝမ်းရောဂါ ဖြစ်တတ်ခြင်း
-မကြာမကြာ မျက်စိကြည့်မကောင်းဘဲဝေသီနေခြင်း
-အမျိုးသမီးတွေ ယောနိအဝမှာ ယားယံခြင်း
-ခြေဖျားလက်ဖျားထုံကျင်ခြင်း
-ညအိပ်ယာဝင်ချိန်မှာ မကြာမကြာ ဆီးသွားခြင်းတို့ပါပဲ။

အနောက်တိုင်းဆေးပညာရှင်တွေကတော့ Primary Onset နဲ့Secondary Onset ဆိုပြီးဆီးချိုကိုနှစ်မျိုး ခွဲခြားတတ်ပါတယ်။
အကြမ်းဖျဉ်းအနေနဲ့ ဆီးချိုရောဂါ ဖြစ်ရတဲ့အကြောင်း တိတိကျကျမပြောနိုင်ခဲ့ရင် သူ့ကိုPrimary လို့ခေါ်ပြီး အကြောင်းရင်း အတိအကျတွေ့ရရင်တော့ Secondary လို့ခေါ်တယ်လို့ မှတ်သားထားနိုင်ပါတယ်။

ဆီးချိုရောဂါ ကာကွယ်ဖို့နဲ့ ပျောက်ကင်းအောင် ကုသဖို့ဆိုရာမှာ အစားအသောက်အနေအထိုင် အင်မတန် အရေးကြီးပါတယ်။သတိနဲ့နေထိုင်စားသောက်သွားရင် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါနုရင်ပျောက်ပြီး ရင့်ရင်သက်သာသွားနိုင်ပါတယ်။အထူးသဖြင့် Secondary အမျိုးအစားမှာ အစားဆင်ခြင်ပြီး အကြောင်းရင်းကို ဖယ်ရှားနိုင်တာမို့ သိပ်အခက်အခဲမရှိပါဘူး။Primaryအမျိုးအစားလည်းဖြစ်မယ်။ရောဂါလည်းရင့်မယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့
သမားတော်များနဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။အထူးမှာလိုတာကတော့ မိဘနှစ်ပါးစလုံးမှာ ဆီးချိုရောဂါရှိနေရင်ဒါမှမဟုတ် မိဘနှစ်ပါးအနက်တစ်ဦးဦးမှာ
ဆီးချိုဖြစ်နေပြီးကျန်တစ်ဦးရဲ့မောင်နှမအရင်းခြာထဲက တစ်ယောက်ယောက်က ဆီးချိုဖြစ်နေရင်တော့ တော်တော်လေး သတိထားပြီး ဆင်ခြင်စားသောက်နေထိုင်ဖို့ လိုပါတယ်။တစ်နှစ်တစ်ခါလောက်ဆိုသလို ဆီးချက်ပြီး စစ်ဆေးသင့်ပါတယ်။

ဆီးချိုဓာတ်စာတွေကတော့ ပူ.ခါး.စပ် ဓာတုရသာရှိတဲ့ အစာတွေပါပဲ။အစာလည်း ဆေး..ဆေးလည်းအစာတစ်ပါး ဆိုသလို စားတတ်ရင် အစာဟာ ဆေးဖြစ်ပါတယ်။စားသင့်တဲ့ အစာတွေကတော့ ဒန့်သလွန်သီး.ဒန့်သလွန်ရွက်.ကြောင်ပန်းရွက်.ကြာဟင်းရွက်.မြင်းခွါရွက်.ကြောင်လျှာသီး.ကြောင်လျှာပွင့်.ပိုးစာရွက်.ဆိတ်ဖူး.သရက်ကင်းဥ.ကြက်သွန်ဖြူ.ချင်း.နံနံပင်.ပူစီနံ.ခံတက်ရွက်/ချဉ်.ကြက်ဟင်းခါးရွက်ကင်းပုံရွက်.ကင်းမုံသီး/ရွက်,အညာကုက္ကိုလ်ရွက်.ကင်ပွန်းချဉ်ရွက်.မလွှသီး.ရှောက်ရွက်.
သင်္ဘောရွက်.ရဲယိုရွက်,ကြက်ဟင်းခါးသီး/ရွက်,တွေနဲ့ အသားငါးထဲက အမဲသား.ဆိတ်သား.ကြက်သား.ငါးရံ့ခြောက်.ချိုး.ခါ.ခို စတဲ့အသားတွေကို အကြော် အကင် အခြောက်ချက်စားသင့်ပါတယ်။

တိုင်းရင်းဆေးပညာ အလိုအရ ဟင်းတွေကို အရည်များများနဲ့ မကျက်တကျက်ချက်မစားသင့်ပါဘူး။ရှောက်သီးသုပ် ငရုတ်စပ်စပ်,ပဲစင်းငုံ,ပဲနောက်,ဂျုံကြမ်း,ဆန်ကြမ်းနဲ့ ပြုတ်ဆန်တွေကို စားသင့်ပါတယ်။ရေအစား ရေနွေးသောက်ပါ။ ခြုံ ပြီး မှတ်ထားသင့်တာကတော့ ယေဘုယျအားဖြင့် ပူ.ခါး.စပ် ရသာများဟာ ဆီးချိုရောဂါအတွက် ဓာတ်စာတွေပါပဲ။ရောဂါအားနည်းလာတာနဲ့အမျှ ဆေးဝါးဓာတ်စာတွေကို လျော့ပြီး အအေးအချိုနည်းနည်း ပူးတွဲစားပေးသင့်ပါတယ်။ဒါမှမဟုတ်ရင် တန်ဆေးလွန်ဘေးဆိုသလို ပူခါးစပ်အရသာတွေ ခန္ဓာကိုယ်မှာ လွန်သွားရင်လည်း ဥပဒ္ဒဝေါ ဆင့်ပွါးဝေဒနာ ခံစားရနိုင်ပါတယ်။

အမှန်တော့ တကယ်တမ်းစားတတ်ရင် ဆီးချိုအတော်လေးရင့်နေတဲ့တိုင်အောင် အချိုကို တခြားအစာရသာတွေနဲ့ တွဲစပ်စားရင်ဖြစ်ပါတယ်။ဒီအကြောင်းကို အနောက်တိုင်း ဆေးပညာရှင်ကြီးဖြစ်တဲ့ မီနီဆိုတား တက္ကသိုလ်ကဂျွန်ဘင်တဲလ်(John Bantle )ဦးဆောင်တဲ့အဖွဲ့က သုတေသနပြုပြီး၁၉၈၃ နှစ် New England Journal of Medicine ဆိုတဲ့ ဆေးပညာဂျာနယ်ကြီးမှာအကျယ်တဝင့် တင်ပြခဲ့ပါတယ်။ဒီနည်း ကို အနောက်တိုင်း ဆေးပညာရှင်တွေအဖို့ မနေတနေ့ကမှ တွေ့ခဲ့တာဖြစ်ပေမယ့် လေးနက်သိမ်မွေ့လှတဲ့ မြန်မာ့တိုင်းရင်းဆေးနယ်ပယ်မှာ ကျင့်သုံးခဲ့တာနှစ်ပေါင်းရာနဲ့ချီပြီးကြာခဲ့ပါပြီ။

ဒီအကြောင်းအသေးစိတ်ကိုတော့ နောင် အလျဉ်းသင့်တဲ့အခါ တင်ပြသွားပါမယ်။ဆီးချိုရောဂါသည်တွေ ရှောင်သင့်တဲ့ အစာတွေကတော့…
ဝက်သား.ဘဲသား.ကျွဲသား.ငါးသလောက်.နာနတ်သီး.ဌက်ပျောသီး.သရက်သီး.ကန်စွန်းရွက်.ဂေါ်ဖီ.မုန်လာဥ..ဆူးပုပ်,မျှစ်.လက်ဖက်.လက်ဖက်ရည်အချို.ဘိလပ်ရည်.ကြံရည်.
ဖာလူဒါ.ရေခဲ.ရေခဲမုန့်.စည်သွပ်အသီး.သကြား.ထန်းလျက်.ဆူးပုပ်..ဒညင်းသီး မှို.ယိုအမျိုးမျိုး.ချော့ကလက်စတာတွေပါဘဲ။

ယေဘုယျ မှတ်ထားသင့်တာကတော့ အေး.ချို.ဆိမ့်.ဖန် အရသာရှိတဲ့အစားစာတွေကိုရှောင်ဖို့ပါပဲ။ကိုယ်ခန္ဓာဝဖြိုးတဲ့ပုဂ္ဂိုလ်များကတော့ အဆီဓာတ်များများပါဝင်တဲ့ အစားအစာမျိုးကို ရှောင်ရပါမယ်။ကိုယ်အလေးချိန်ကိုလည်းသင့်လျော်တဲ့နည်းတွေသုံးပြီးလျော့သင့်ပါတယ်။လမ်းများများလျောက်ပါ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။

အိမ်မှာတောက်တိုမယ်ရအလုပ်ကလေးတွေကိုကိုယ်တိုင်လုပ်ပေးပါ။အစာကိုဝင်သလောက်မစားပါနဲ့။နည်းနည်းလျော့စားပါ။တက်ကြွတဲ့စိတ်အာရုံကိုမွေး
ပါ။ရုပ်ရှင် ဗီဒီယိုတွေကြည့်ရင်လည်း Comedy ခေါ်တဲ့စိတ်ရွှင်မြူးစရာကားတွေကိုရွေးကြည့်ပါ။

သာမန်ဆီးချိုရောဂါအတွက်မိမိအိမ်မှာပဲသောက်သုံးကုသနိုင်တဲ့မြစ်ချင်းပြီးဆေးတွေလည်းသိထားသင့်ပါတယ်။ပြောင်းဖူးမွှေး(၅) ကျပ်သားကိုရေအစိတ်သားနဲ့
တစ်ဝက်ကျန်အောင်ကျိုပါ။အရည်ကိုစစ်ယူပြီးသုံးပုံပုံပါ။နံနက်နဲ့ အစားစားပြီးစမှသောက်ပေးပါ။

ခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာနေကြာစိုက်ခင်းတွေ အတော်များလာပါပြီ။ အဲဒီနေကြာပင်အမြစ်ကို ပြုတ်သောက်ရင်ဆီးချိုကျပါတယ်။ဖိလစ်ပိုင်နိုင်ငံကတောင်သူကြီးတွေကတော့ခရမ်းရောင်အပွင့်ပွင့်တဲ့ကန်စွန်းဥပင်ကအပွင့်ကိုအခြောက်လှမ်းပြီးဆီးချိုကျဆေးအတွက်သုံးပါတယ်။ဗောက်ပင်ကအရွက်ကိုလည်းဆေးအဖြစ်သုံးပါတယ်။ ညောင်ချဉ်ခေါက်ကိုရေ(၁၀)ဆနဲ့ရောကျိုသောက်လို့လည်း

ရပါတယ်။အမှုန့်ပြုပြီးသောက်လို့ရပါတယ်။သရက်ရွက်နုတွေကိုအခြောက်လှမ်းအမှုန့်ပြုလို့ဖြစ်စေ ပြာချလို့ဖြစ်စေ ဆေးအဖြစ်သောက်သုံးနိုင်ပါတယ်။
အုန်းပန်းပွင့်တွေကိုဖြစ်စေအခြောက်လှမ်းပြီးမှုန့်ညက်နေအောင်ထောင်းပါ။အဲဒီဆေးမှုန့်နဲ့ဒိန်ချဉ်ရောသောက်ရင်ဆီးချိုရောဂါအတွက်အထူးပဲထိရောက်တာတွေ့ရပါလိမ့်မယ်။

ဆေးမှုန့် (၂) ပဲသားကနေ(၆)ပဲသားအထိဆီးချိုအနုအရင့်လိုက်လို့ ချင့်ချိန်ပြီးသောက်ပါ။ဆင်တုံးမနွယ်ဟာလည်းထင်ရှားတဲ့ဆီးချိုကျဆေးတစ်လက်ဖြစ်ပါတယ်။
သူ့ကိုသောက်ရင် ပန်ကရိယအင်္ဂါထဲကဘီတာကလာပ်စည်းတွေ လှုံ့ဆော်စေတာမို့ အင်ဆူလင်ဓာတ် ပိုထွက်လာစေကြောင်းကိုသုတေသီတွေစမ်းသပ် တွေ့ရှိထားပါတယ်။

မြန်မာတမာပင်အကိုင်းကို နုပ်နုပ်ဆင်းလို့ဖြစ်စေ အတွင်းခေါက်ကိုစဉ်းလို့ဖြစ်စေ ပြုတ်သောက်ရင်လည်း ဆီးချိုကျပါတယ်။”ကာကောလိ” လို့ခေါ်တဲ့ ကျီးနှုတ်သီးပင်အရွက်ကို အမှုန့်ပြုပြီး (၂)ပဲသားလောက် ရေနဲ့သောက်ပါ။ကင်းပုံရွက်ကို အခြောက်ပြုပြီး (၂)ပဲ သားရေနဲ့ သောက်နိုင်ပါတယ်။တောကြက်သွန်အစေ့ဟာလည်း ဆီးချိုရောဂါအတွက် ဆေးတစ်ပါးပါပဲ။”ဆေးသူငယ်ချက်” လို့အချို့အရပ်မှာခေါ်ပြီး အချို့အရပ်မှာ ”ဆိတ်ချိုပင်”လို့ခေါ်တဲ့ အပင်ရဲ့အမြစ်ခေါက်ဟာလည်း ဆီးချိုရောဂါအတွက် အင်မတန်ကောင်းပါတယ်။ ဇွန်ပန်းပင်အမြစ်ကို နွားနို့နဲ့ပြုတ်သောက်ရင်လည်းဆီးချိုကျပြီး အားအင်ပြည့်ဖြိုးလာစေပါတယ်။

#Crd Original Writer

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...