မိတ် အကြောင်းသိကောင်းစရာ

Health Knowledge
မိတ် အကြောင်းသိကောင်းစရာ

ငယ်ငယ်တုန်းက နွေရာသီဆို မျက်နှာတွေရော၊ ကျောကုန်းတွေရောမှာ ဖားလို အဖုအဖု တွေဖြစ်ပြီး စပ်ဖျဉ်းဖျဉ်းလေး နဲ့ ည မအိပ်နိုင်အောင် ယားတဲ့ မိတ်တွေ ပေါက်ဖူးကြတယ်ဟုတ်။ ခု အသက်ကြီးလာတဲ့ထိ ပူကလဲ ပူ၊ ဒူးရင်းသီးလေးလဲ စားချင်၊ မိတ် ကိုလဲ ကြောက်နဲ့ ခုထိ နွေရာသီဆို မိတ် အိပ်မက်ဆိုးကခြောက်လှန့်နေတုန်းပဲ

(သနပ်ခါးနဲ့ ခရေပန်းခြောက် သွေးလိမ်းရင် မိတ် တွေ သက်သာတယ်လို့ ဖတ်ဖူး၊ ကြားဖူးပါတယ်။ ငယ်ငယ်ကလဲ မိဘတွေက အဲလိုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဒီလို လုပ်တဲ့အခါ အရေပြားပိုးမဝင်အောင် ခရေပန်း၊ သနပ်ခါးတုံး၊ သနပ်ခါးကျောက်ပျဉ်၊ သနပ်ခါးသွေးမယ့်ရေ စတာတွေကို ရေသေချာ အထပ်ထပ်ဆေးဖို့ သန့်ရှင်းဖို့ သိပ်အရေးကြီးပါတယ်)

အင်္ဂလိပ်လိုတော့ မိတ်ကို heat rash လို့ခေါ်ပါတယ်။ မိတ် ဘာကြောင့်ဖြစ်တာလဲဆို ပူလို့ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ အပူဓာတ်များတဲ့ သူတွေ၊ အပူဒဏ်မခံနိုင်တဲ့ သူတွေ မိတ်ပိုထွက်ပါတယ်.. အရေပြားပေါ်မှာ ယားယံတဲ့ အနီစက် အနီဖု လေးတွေကနေ တစ်ချို့လူတွေမှာ heat hives လို့ခေါ်တဲ့ အဖုအကြီးကြီးတွေ၊ အင်ပြင် အပြင်လိုက်ကြီးတွေထိ ဖြစ်တတ်ပါတယ်။ ဒီပို့စ်လေးမှာတော့ နွေရာသီမှာဒုက္ခပေးတဲ့ မိတ် အကြောင်းနဲ့ မိတ်ထွက်သက်သာအောင် ဘယ်လိုလုပ်သင့်လဲ ဆိုတာကို ဆေးဝါးဗေဒ ပါရဂူ Dr အေးပွင့်ဖြူ ရေးထားတဲ့ အကြောင်းလေး sharing လုပ်ပေးလိုက်ပါတယ်။

Heat rash ခေါ် မိတ်ယားယံခြင်း

ဒီနှစ်နွေဟာ အတော်ပူပြင်းတာမို့ မိတ်ပေါက်တာ အတော်ခံစားကြရပါတယ်။ နွေရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေထဲမှာ မိတ်ထွက်ခြင်း (Heat Rash) က အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

မိတ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ အပူကြောင့် ထွက်လာတဲ့ချွေးတွေဟာ ချွေးပေါက်တွေထဲ ပိတ်ပြီး အ‌ရေပြားအောက်မှာ ချွေးဖုလေးတွေ ဖြစ်လာတာကြောင့်ဖြစ်ပါတယ်။ချွေးဖုလေးတွေကနေ အနီရောင်အစက်၊ ဆိုးလာရင် အနီရောင်ပြင်ကွက်ကြီးထိဖြစ်လာပါတယ်။

Heat Rash မိတ်တွေဟာ ချွေးထွက်များတဲ့နေရာတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ကလေးတွေမှာပိုအဖြစ်များပြီး လူ​​ကြီးတွေမှာလည်း​​ ဖြစ်ကြပါတယ်။

မိတ်ထွက်လာရင် ဘာတွေလုပ်သင့်လဲ???

မိတ်ဟာချွေးထွက်များလို့ ဖြစ်တာမို့ ချွေးမထွက်အောင် ပန်ကာ၊ Aircon နဲ့ တတ်နိုင်သလောက်နေပေးပါ။ အေးမြတဲ့နေရာတွင်သာ နေထိုင်ပါ။ နေပူထဲထွက်တဲ့အခါ အပူနဲ့တိုက်ရိုက်မထိတွေ့အောင် ဂရုစိုက်ပါ။

ရေ များများချိုးပါ။ (မိတ်ထွက်နေသူတွေ ရေနွေးနဲ့ မချိုးရပါ) ရေကို အချိန်ပေးပြီး အသားလေးအေးအောင်ချိုးပါ။ မိတ်ထွက်တဲ့နေရာတွေကို ရေစိုဝတ်လေးနဲ့ မိနစ် အနည်းငယ်လောက် ကပ်ထားပေးတာမျိုးလည်း လုပ်လို့ရပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ အေးတဲ့ ချည်ထည်လေးကို ဝတ်ဆင်ပါ။အိပ်ယာ၊ ခုတင်တို့ကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။

ချွေးပေါက်ပိတ်တဲ့အတွက် မိတ်ပိုထွက်‌စေတာကြောင့် အဆီပါတဲ့အလှကုန်ပစ္စည်းတွေအသုံးပြုခြင်းကိုရှောင်ပါ။ အဲ့တာ‌တွေအစား Moisturizer သို့ water based lotion (ရှားစောင်းလက်ပပ်/သခွားသီး) လိမ်းပေးနိုင်ပါတယ်။ ရေချိုးတဲ့အခါ Chemical နည်းတဲ့ ဆပ်ပြာသုံးပါ။

မိတ်ယားတာသက်သာဖို့ Calamine lotion or Caladryl လိမ်းပေးလို့ရပါတယ်။ မိတ်တွေက အရမ်းယားလို့ မနေနိုင်ဘဲ ကုတ်တော့မယ်ဆိုရင် လက်သည်းတွေကို သုံးပြီးမကုတ်မိအောင် ဂရုစိုက်ပါ။ အဝတ်နဲ့ ပွတ်ပေးလို့ရပါတယ်။ လက်သည်းနဲ့ ကုတ်မိ ရာက အနာဖြစ်ပြီး ပိုးဝင်သွားရင် အန္တရာယ်ရှိတာကြောင့် ကလေးတွေ မကုတ်မဖဲ့အောင် သတိထားပေးရပါမယ်။

တအားယားရင် Loratidine, Cetrizine တို့လို အယားပျောက်ဆေးတွေ ဆေးဆိုင်တွေမှာ မေးမြန်းပြီး သောက်လို့ရပါတယ်။

တအားဆိုးဆိုးရွားရွား မိတ်ဖုကြီးတွေ ဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် လိမ်းဆေးသုံးရတာမျိုး ရှိနိုင်ပါတယ်။

ဒါမှမဟုတ် မိတ်မှန်း ကိုယ်က မသေချာရင်လည်း ဆရာဝန်ပြသင့်ပါတယ်။ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယား ပိုးတွေကြောင့် ဖြစ်တဲ့ အင်ပျဉ်တွေကလည်း မိတ်နဲ့ ဆင်တူရိုးမှား ဖြစ်တတ်လို့ပါ။

အပေါ်မှာဖော်ပြထားတဲ့ မိတ်ထွက်ရင်လုပ်ဆောင်သင့်တဲ့နည်းလမ်းတွေလုပ်ဆောင်ပြီးတာတောင် မသက်သာတာမျိုး၊ dermititis အရေပြားရောင်ရမ်းတာ infection ပိုးဝင်တာမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...