စစ်ပွဲဦးဆောင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ရုရှားသမ္မတပူတင် ရာထူးကနေ ဖယ်ရှား

International News
စစ်ပွဲဦးဆောင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ရုရှားသမ္မတပူတင် ရာထူးကနေ ဖယ်ရှား

မစ္စတာ ဗလာဒီမီယာပူတင်နဲ့ ကာကွယ်ရေးဝန်ကြီး

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ကာလရှည်ကြာ မဟာမိတ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဆာဂေးရွှေဂူးကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟာ ရုရှားကာကွယ်ရေးဝန်ကြီးနေရာမှာ ၂၀၁၂ ခုနှစ်ကတည်းက ရာထူးရယူထားသူဖြစ်ပြီး အခုတော့ အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟာ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး ဖြစ်လာဖို့လည်းရှိနေပါတယ်။

ရုရှားအထက်လွှတ်တော်က ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအရဆိုရင် ကာကွယ်ရေးဝန်ကြီးနေရာအတွက် ဒုတိယဝန်ကြီးချုပ် မစ္စတာ အန်ဒရေ ဘယ်လူဆော့ဗ်ကို အစားထိုးမှာဖြစ်ပါတယ်။

အရပ်သားတစ်ဦးကို ကာကွယ်ရေး၀န်ကြီးရာထူး ပေးလိုက်တာဟာ “ဆန်းသစ်လိုက်တာ” လို့ ဆိုပြီး ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဒီမစ်ထရီ ပက်ဆော့ဗ်က ပြောပါတယ်။

မစ္စတာရှိုဂူးဟာ ယူကရိန်းကို ကျူးကျော်တဲ့ရုရှားစစ်ပွဲမှာ အခရာကျတဲ့သူအဖြစ် တလျောက်လုံးရှိလာခဲ့သူလည်းဖြစ်ပါတယ်။

ရုရှားအစိုးရစာရွက်စာတမ်းတွေမှာတော့ မစ္စတာပူတင်ဟာ ပိုပြီးတော့ အင်အားကြီးတဲ့လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးလုပ်နေသူ လစ်ကိုလိုင် ပတ်ထရုရှဖ်နေရာမှာ မစ္စတာ ရွှေဂူးကို တာဝန်ယူစေချင်တဲ့အကြောင်း ရေးသားထားတာတွေ့ရပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးရဲ့ဟောင်းရဲ့ နောက်ထပ် ရာထူး ဘာဖြစ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မစ္စတာ ပူတင်ဟာ (၅)နှစ်ကြာမယ့် သူ့ရဲ့သမ္မတသက်တမ်း နောက်တစ်ကြိမ်အတွက် ကျမ်းသစ္စာကျိန်ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်မှာပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှား-ယူကရိန်းစစ်ပွဲကို အဓိက ဦးဆောင်နေတဲ့ နေရာကနေ စစ်ဗိုလ်ချုပ်ကြီးကို နေရာရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။

ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး ဆာဂေး ရွှေဂူးဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိသူတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၂ ကြိမ်ထက်မနည်းလာရောက်ခဲ့ပြီး နှစ်နိုင်ငံစစ်တပ်တွေရဲ့ စစ်သင်္ဘောတွေ အပြန်အလှန်သွားလာနိုင်ရေးနဲ့ နည်းပညာဖလှယ်ရေး စာချုပ်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချုပ်ဆိုခဲ့သလို အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကလည်း မြန်မာကို လာရောက်ခဲ့ပါသေးတယ်။

ပူတင် ငါးမျှားထွက်တိုင်း ရွှေဂူး ပါတယ်

မစ္စတာပူတင်ဟာ သူရဲ့ မွေးရပ်မြေ ဆိုက်ဘေးရီးယားဘက်ကို မကြာခဏ ငါးမျှားထွက်တဲ့ အခါတိုင်း သူရဲ့နီးကပ်လူယုံတော်အနေနဲ့ မစ္စတာ ရွှေဂူး ကို ခေါ်သွားလေ့ရှိပါတယ်။

စစ်ဘက်ဆိုင်ရာ နောက်ခံသမိုင်းကြောင်းသိပ် မရှိပေမဲ့ မစ္စတာရွှေဂူးကို စစ်ဘက်ဆိုင်ရာ ဘွဲ့ထူး၊ရာထူးတွေပေးပြီး မစ္စတာ ပူတင်ကပဲ ရှေ့တန်းတင်ခဲ့တာဖြစ်ပါတယ်။

ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်‌ယောက်ဖြစ်တဲ့ မစ္စတာ ရွှေဂူးဟာ ၁၉၉၀ ခုနှစ်ထဲက ရုရှား ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အကြီးကဲအနေနဲ့ စတင်တာ၀န်ထမ်းဆောင် ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက ရုရှားက ယူကရိန်းကို ကျူးကျော်မှုပြုလုပ်ခဲ့ချိန်ကတည်းကဆိုရင် ကာကွယ်ရေးဝန်ကြီးဟာ ရာထူးနဲ့စွမ်းဆောင်ရည် တစ်ထပ်တည်းမကျဘူးဆိုပြီး ရှုမြင်ခံထားရတာလည်း ရှိတယ်လို့ ဘီဘီစီရဲ့ဥရောပ အကဲခတ် ဒန်နီ အဘာဟာ့က ပြောပါတယ်။

၂၀၂၁ ရုရှားရေတပ်နေ့မှာ မြင်တွေ့ရတဲ့ သမ္မတပူတင်နဲ့ ကာကွယ်ရေးဝန်ကြီး ဓာတ်ပုံ

မစ္စတာ ရွှေဂူးနဲ့ ဗာဂနာကြေးစားစစ်တပ် ခေါင်းဆောင် ပရီဂေါ့ဂျင်

၂၀၂၃ ခုနှစ်ထဲမှာပဲ ယူကရိုန်းစစ်ပွဲကို ရုရှားဘက်ကနေကူတိုက်ပေးနေတဲ့ ဗာဂနာကြေးစားစစ်တပ် ခေါင်းဆောင် ပရီဂေါ့ဂျင်နဲ့ မစ္စတာရွှေဂူးတို့ကြား ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အကြီးအကျယ် သဘောထားကွဲလွဲခဲ့ပါတယ်။

ပရီဂေါ့ဂျင်ရဲ့ ဗာဂနာကြေးစားစစ်သားတွေ မော်စကိုမြို့အထိ ချီတက်ဖို့ ရည်ရွယ်တဲ့ မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှု ဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကလည်း ကာကွယ်ရေး၀န်ကြီးလုပ်နေတဲ့ မစ္စတာ ရှိုဂူးရဲ့ စစ်ပွဲအပေါ် ကိုင်တွယ်နေတာကို မကြိုက်တဲ့အချက်လည်းပါဝင်ပါတယ်။

တချိန်ထဲမှာပဲ ပေါက်ကြားလာတဲ့ အသံဖိုင်တစ်ခုမှာတော့ “အမှိုက်အိတ်ကြီး” “သက်ကြီးလူပြက်” လို့ဆိုပြီး ပရီဂေါ့ဂျင် က မစ္စတာရွှေဂူးကို ပြောဆို လှောင်ပြောင်ခဲ့တာပါ။

အဲဒီနောက် ၂၀၂၃ ခုနှစ် သြဂုတ်လ အရောက်မှာတော့ စိန့်ပီတာစဘတ် ကနေ မော်စကို ကို ပျံသန်းလာတဲ့ လေယာဉ်ပျက်ကျလို့ ပရီဂေါ့ဂျင် သေဆုံးခဲ့ပါတယ်။ ကရင်မလင်နန်းတော်ဘက်ကတော့ ဒီဖြစ်ရပ်မှာ သူတို့ ပါဝင်တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဗာဂနာကြေးစားတပ်ခေါင်းဆောင် ပရီဂေါ့ဂျင် အောက်မေ့ဖွယ်

မစ္စတာ ရွှေဂူးနေရာကို အသစ်ရောက်လာမယ့် မစ္စတာ အန်ဒရေ ဘယ်လူဆော့ဗ်ဟာ စီပွားရေးပညာရှင်တစ်ဦးဖြစ်တာကြောင့် စစ်ရေးအတွေ့အကြုံမရှိဘဲ ကာကွယ်ရေး၀န်ကြီး ခန့်လိုက်တာကတော့ အံ့အားသင့်စရာလို့ ဖြစ်နေပါတယ်။

ရုရှားနိုင်ငံရေး လေ့လာစောင့်ကြည်သူတွေကတော့ စီးပွားရေးကျွမ်းကျင်သူကို ကာကွယ်ရေးဝန်ကြီးခန့်လိုက်တဲ့ လုပ်ဆောင်ချက်ဟာ ရုရှားရဲ့စီးပွားရေးအပြင် တဖက်မှာလည်း စစ်ရေးအားထုတ်မှုတွေ မလျော့သွားအောင် ချိန်ညှိဖို့ ဖြစ်တယ်လို့ထောက်ပြကြပါတယ်။

ဒုတိယဝန်ကြီးချုပ်ကနေ ကာကွယ်ရေးဝန်ကြီးဖြစ်လာမယ့်သူ

ရုရှားရဲ့ ကာကွယ်ရေးအသုံးစာရိတ်ဟာ GDP ရဲ့ အမြင့်ပိုင်းအထိထိုးတက်နေတဲ့ အခြေအနေဟာ ၁၉၈၀ ပြည့်နှစ်တွေက ဆိုဗီယက်နိုင်ငံနဲ့ တူနေပြီလို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဒီမစ်ထရီ ပက်ဆော့ဗ် ကပြောပါတယ်။

ရလဒ်အနေနဲ့ကတော့ ရုရှားစီးပွားရေးတခုလုံး အပေါ်သက်ရောက်နေတဲ့ စစ်ရေးအသုံးစာရိတ်တွေကို ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်အောင်လုပ်ဖို့လိုပါလိမ့်မယ်လို့ ကရင်မလင်ရဲ့ စဉ်းစားချက်တွေကို လည်း သူက ပြောခဲ့ပါတယ်။

”ဆန်းသစ်အတွေးအခေါရှိသူဟာ စစ်ပွဲမှာလည်း အောင်မြင်မှုကို ဆောင်ကျဥ်းနိုင်သူဖြစ်လာလိမ့်မယ်” သူက ပြောပါတယ်။

မစ္စတာ ရွှေဂူးဟာ ကာကွယ်ရေးဝန်ကြီးနေရာကနေ ဖယ်ရှားခံလိုက်ရတဲ့အထိဖြစ်လောက်အောင် စွမ်းဆောင်ရည်အားနည်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် အခုလိုနေရာရွှေ့လိုက်တာ အံ့အားသင့်စရာမဟုတ်တော့ဘူးလို့ ဘီဘီစီရဲ့ ရုရှားအယ်ဒီတာ စတီ ရိုဆန်ဘာ့ဂ် ကပြောပါတယ်။ ရုရှားဟာ ယူကရိုန်းစစ်မြေပြင်မှာ လူအားရော၊ လက်နက်အင်အားမှာပါ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတာပြီး စစ်ရေးပိုင်းမှာနောက်ဆုတ်ရမှုတွေ ရှိနေပါတယ်။

စီးပွားရေးပညာရှင်ကို ကာကွယ်ရေးဝန်ကြီးနေရာထားလိုက်တာဟာ ကရင်မလင်နန်းတော်ဘက်က ဦးစားပေးလုပ်ဆောင်မှုတွေအပိုင်းမှာ အပြောင်းအလဲဖြစ်လာတာကိုလည်း ထင်ဟပ်နေတယ်လို့ စတိဗ် ရိုဆန်ဘာ့ဂ်က ပြောပါတယ်။ ရုရှားစီးပွားရေးဟာ လက်ရှိမှာ စစ်ပွဲအတွက်ပြင်နေရတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်ပွဲမှာ ရန်ပုံငွေ အလုံအလောက်ရဖို့လည်း အရေးပါနေတာဖြစ်ပါတယ်။

မစ္စတာပူတင်နဲ့အတူတွဲမြင်ရတဲ့ ဒုတိယဝန်ကြီးချုပ်(ညာဘက်အစွန်လူ)


လွတ်လပ်တဲ့ရုရှားသတင်းဌာန The Bell ကတော့ မစ္စတာ ဘယ်လူဆော့ဗ်ဟာ ရန်သူတွေ၀ိုင်းနေတဲ့ ရုရှားနိုင်ငံကို ကာကွယ်ဖို့လိုတယ်ဆိုတဲ့ သဘောထားတင်းမာသူတစ်ဦးဖြစ်တယ်ဆိုပြီး အမည်မဖော်လိုတဲ့ ရုရှားအစိုးရတာ၀န်ရှိသူတစ်ဦးပြောတယ်လို့ ရေးသားဖော်ပြပါတယ်။

သူဟာ သမ္မတ ပူတင်လိုပဲ ရုရှား အော်သိုဒေါက်ကျောင်းတော်နဲ့ နီးစပ်သူတစ်ဦးဖြစ်ပါတယ်။ ရုရှားကိုယ်ခံပညာ ဆန်ဘို နဲ့ ကရာတေး ကိုယ်ခံပညာတွေကိုလည်း ငယ်စဉ်အချိန်ထဲက ရင်းနှီးကျွမ်း တက်ကျွမ်းနေတာဟာလည်း မစ္စတာပူတင်နဲ့ တူနေတာပဲ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးချုပ်နေရာကနေ ကာကွယ်ရေးဖြစ်လာမယ့်သူ


သူဟာ ဒုတိယ၀န်ကြီးချုပ်မဖြစ်ခင်တုန်းကထဲက သမ္မတပူတင်ကို နှစ်ပေါင်းများစွာ ကူညီပေး နေခဲ့တာပါ။ အဲဒီမတိုင်ခင်တုန်းကတော့ သူဟာ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးတာဝန်ယူခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား ကျူးကျော်မှုမှာ သမ္မတပူတင်အတွက် စီးပွားရေးနဲ့ ထောက်ကူခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သတင်းတွေက အဲဒီတုန်းက ဖော်ပြခဲ့ဖူးပါတယ်။

မကြာသေးခင်တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာတော့ မစ္စတာ ပူတင်ဟာ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာကြောင့် သူ့ရဲ့ ၅ ကြိမ်မြောက်သမ္မတသက်တမ်းအတွက် ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့မှာ ကျမ်းကျိန်ခဲ့ပြီးဖြစ်ပါတယ်။ သူဟာ ရုရှားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်နေတာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင် ဝင်ကြီးတွေထဲမှာတော့ ရှိရင်းစွဲရာထူးကို ဆက်ရထားသူဟာ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဖ် ဖြစ်ပါတယ်။

မစ္စတာလာရော့ဖ်ဟာလည်း စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နေပြည်တော်ကို လာတဲ့နိုင်ငံတကာသံတမန်တွေထဲမှာ ပထဆုံးထိပ်တန်းသံတမန်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်ပင်မှာပြုလုပ်မယ့် ရုရှား- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမတိုင်ခင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှာ နေပြည်တော်ကို နေ့ချင်းပြန်ခရီး လာရောက်ခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...