နိုင်ငံတကာ ကန့်ကွက်မှုတွေနဲ့ ICJ ရဲ့ တားမြစ်မိန့်ကြားကပဲ ရာဖာမြို့ထဲထိ အစ္စရေး မြေပြင်တပ်တွေ ဝင်ရောက်လာ

International News
နိုင်ငံတကာ ကန့်ကွက်မှုတွေနဲ့ ICJ ရဲ့ တားမြစ်မိန့်ကြားကပဲ ရာဖာမြို့ထဲထိ အစ္စရေး မြေပြင်တပ်တွေ ဝင်ရောက်လာ

ရာဖာရဲ့ နာမည်ကျော် တိုင်ဘာ ဗလီဝတ်ကျောင်းတော် အနီး မီးခိုးလုံးတွေ ထိုးတက်လာ

ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အခုလ အစောပိုင်းကတည်းက အစ္စရေးစစ်တပ်က ဗုံးတွေ ပြင်းပြင်းထန်ထန် ကြဲတာနဲ့ lat nat ကြီးနဲ့ ပစ်ခတ်တာ အပါအဝင် စစ်ဆင်ရေးတွေ ပြုလုပ် နေခဲ့တဲ့နောက်၊ အခုဆိုရင် အစ္စရေး မြေပြင်တပ်တွေဟာ ရာဖာရဲ့ အတွင်းပိုင်းထဲထိ ပိုမိုထိုးဖောက် ဝင်ရောက် နေပြီ ဖြစ်ပါတယ်။

ရာဖာရဲ့ အထင်ကရ နေရာဖြစ်တဲ့ မြို့လယ်အဝိုင်းထိအောင် အစ္စရေးတပ်တွေ ရောက်လာပြီလို့ ပြောတဲ့ ဒေသခံတွေ ရှိသလို၊ ရာဖာ အနောက်ဘက်ခြမ်းကို အပေါ်စီးက မြင်ရတဲ့ ဇိုရပ်ဘ် ဆိုတဲ့ တောင်ကုန်းကိုလည်း အစ္စရေး သံချပ်ကာ အမြောက်ကားတွေ သိမ်းပိုက် နေရာယူလိုက်ပြီလို့ ပြောသူတွေလည်း ရှိပါတယ်။

ဂါဇာနဲ့ အီဂျစ် နယ်စပ်တလျှောက် ဂါဇာရဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး၊ အစ္စရေးက အဲဒီ တောင်ကုန်းကို ထိန်းချုပ်လိုက်ပါတယ်။

ရာဖာကို တိုက်ခိုက်နေတာတွေရပ်ဖို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမိန့် ချမှတ်ခဲ့ပေမယ့်၊ အစ္စရေးစစ်တပ်က ဆက်လက် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

ရာဖာ အနောက်ဘက်ခြမ်းကနေ လူတွေ ထွက်ပြေးနေရ

စစ်ရှောင်စခန်းထဲမှာလည်း ဆက်မနေနိုင်ပဲ ဘေးလွတ်ရာ ထပ်ပြီး ပြေးရ

,ရာဖာထဲ အစ္စရေး တင့်ကားတွေ ဝင်လာတဲ့ အတွက် မြို့ခံတွေ ထွက်ပြေးနေ

အစ္စရေးက လေကြောင်းတိုက်တာတွေ၊ lat nat ကြီးနဲ့ ပစ်တာတွေ
ပြင်းပြင်းထန်ထန် ပြုလုပ်တဲ့ အတွက် ပါလက်စတိုင်း နောက်ထပ် ထောင်ပေါင်းများစွာဟာ ရာဖာ အနောက်ဘက်ပိုင်း အရပ်ကနေ ထွက်ပြေး နေကြရပါတယ်။

ပြီးခဲ့တဲ့ တစ်ညလုံး လိုလို အစ္စရေးစစ်တပ်က lat nat ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာမှာ အနည်းဆုံး ပါလက်စတိုင်း ၁၆ ယောက် thayဆုံးခဲ့ရတယ် ဆိုပြီးဂါဇာထဲက ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရာဖာမြို့က ယာယီ ဒုက္ခသည်စခန်းထဲက တဲတွေ မီးလောင်ပြီး အနည်းဆုံး လူ ၄၅ ယောက် thayဆုံး ခဲ့ရတဲ့ အတွက် နိုင်ငံတကာ ကန့်ကွက် ပြစ်တင်နေတဲ့ကြားကပဲ အစ္စရေးစစ်တပ်က ရာဖာထဲကို ခုလို ဝင်လာတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘာ့မျက်နှာစာမှာလည်း ဂါဇာ စစ်ပွဲနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက် နေပါတယ်။

အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခု အဖြစ် ဒီကနေ့မှာပဲ တရားဝင် အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေး ထူထောင်ရာမှာ အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ထူထောင်ထားရှိရေး မူ အပေါ် ထောက်ခံကြောင်း သင်္ကေတဆောင် ပြသတဲ့ လုပ်ရပ် အဖြစ် ရှုမြင်ကြပါတယ်။

ဥရောပ ၃ နိုင်ငံက ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာ

၃ နိုင်ငံစလုံးက ခေါင်းဆောင်တွေကလည်း အဲဒီသဘောမျိုး ကိုယ်စီ ပြောနေကြပြီး၊ အစ္စရေးကတော့ အကြမ်းဖက်ဝါဒ အပေါ် ဆုလာဘ်ချီးမြှင့်တဲ့ လုပ်ရပ်ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

ပါလက်စတိုင်းကို နိုင်ငံတစ်ခု အဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အများစုက အသိမှတ်ပြုကြပေမဲ့လည်း အဲဒီထဲမှာ ဥရောပ နိုင်ငံ အနည်းငယ်ပဲ ပါဝင်ပါတယ်။

အခုလို ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေး အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်လို့ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် က ဆိုပါတယ်။

“အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ အတွက် စပိန်လည်းပဲ ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုထားတဲ့ တခြား နိုင်ငံပေါင်း ၁၄၀ ကျော်နဲ့ ပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အထောက်အကူ ပြုပေးမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်လည်းပဲ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။

အီရန်ရဲ့ ထောက်ခံမှု ရထားတဲ့ ယီမင် ဟူသီတွေ ပင်လယ်နီထဲက သင်္ဘောတွေကို တိုက်ခိုက်နေ

တခါ၊ ကမ္ဘာမှာ ပြည်ပကို ကုန်စည် တင်ပို့မှု အများဆုံး တရုတ်နိုင်ငံက နိုင်ငံတကာ ကုန်သွယ်လမ်းကြောင်း ပင်လယ်နီထဲ ယီမင် ဟူသီသူပုန်တွေက ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာတွေကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်ကြဖို့ ဆော်သြ လိုက်ပါတယ်။

ဟူသီသူပုန်တွေနဲ့ တိုက်ခိုက်နေတဲ့ ယီမင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့တာမှာ ဝန်ကြီး ဝမ်ယိက အခုလို ဆော်သြခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်နီထဲ နိုင်ငံတကာ ကုန်သွယ် သင်္ဘောတွေ ဘေးကင်းလုံခြုံမှု ရှိစေရေးမှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးလိုတဲ့ ဆန္ဒရှိတယ်လို့ ဝန်ကြီး ဝမ်ယိက ဆိုပါတယ်။

ယီမင်ရဲ့ အစိတ်အပိုင်း အများစုကို သိမ်းထားပြီး၊ အီရန်ရဲ့ ကျောထောက် နောက်ခံပေးမှု ရထားတဲ့ ဟူသီတွေဟာ ဂါဇာစစ်ပွဲကို တုန့်ပြန်တဲ့ အနေနဲ့ ဆိုပြီး ပင်လယ်နီထဲ ဖြတ်သွားတဲ့ သင်္ဘောတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စပြီး တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ယူကေ နိုင်ငံတွေကတော့ မဟာမိတ် နိုင်ငံ တချို့ရဲ့ အကူအညီနဲ့ ဟူသီတွေရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်တာမျိုး ပြုလုပ်ပြီး စစ်ရေး အရ အရေးယူ နေပါတယ်။

လောလောလတ်လတ်မှာပဲ ကုန်သွယ် သင်္ဘောတစ်စင်းဟာ ယီမင်ကမ်းရိုးတန်း အလွန်မှာ မစ်ဆိုင်းဒုံးကျည် ၃ စင်းနဲ့ ပစ်ခတ်ခံရတယ်လို့ အင်မ်ဘရီ လုံခြုံရေး အေဂျင်စီ အဖွဲ့က ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...