မတော်တဆမှု ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ် အီရတ်သမ္မတ ပါသွားတယ်လို့ အီရန်အစိုးရ မီဒီယာမှာ ကြေညာ
အီရန်သမ္မတ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တန်းထဲက တစ်စင်း မတော်တဆမှု ဖြစ်ခဲ့တယ်လို့ အီရန်အစိုးရ သတင်းမီဒီယာက ထုတ်ဖော် ကြေညာပါတယ်။
တနင်္ဂနွေနေ့က ရဟတ်ယာဉ် ဆင်းသက်စဉ် အခက်အခဲ ကြုံခဲ့ရတဲ့ ရဟတ်ယာဉ် တစ်စင်းပေါ်မှာ သမ္မတ အီဘရာဟင် ရိုင်ဆီ လိုက်ပါသွားတယ်လို့ အစိုးရ သတင်းမီဒီယာက ဆိုပါတယ်။
ရာသီဥတု ဆိုးဝါးနေတာကြောင့် ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ခဲ့တဲ့ နေရာဆီ အရောက်သွားနိုင်ဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ခုချိန်ထိ ကြိုးစားနေကြရဆဲပဲလို့ အီရန် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။
ဒေသန္တရသတင်းမီဒီယာတွေမှာတော့ သမ္မတ ရိုင်ဆီ ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့ ကပ်ရက်နယ်စပ်မှာရှိတဲ့ ကွစ်ဇ် ကလာဆီ ဆည်နဲ့ ခိုဒါးဖာရင် ဆည် တွေကို သွားရောက်ဖွင့်လှစ်ပေးခဲ့အပြီး အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့ဆီ သွားနေတာ ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
မြူတွေ ထူထပ်နေတာကြောင့် ရဟတ်ယာဉ် ဆင်းသက်ခဲ့ဖွယ် ရှိတဲ့ အခင်းဖြစ်ရာနေရာကို ရှာတွေ့ဖို့ ခက်ခဲနေတယ်လို့ Fars သတင်းအေဂျင်စီရဲ့ သတင်းထောက်တစ်ဦးရဲ့ အပြောအရ သိရပါတယ်။
တောင်တန်းထူထပ်ပြီး သစ်တောတွေ ဖုံးနေတဲ့ အဲဒီဒေသမှာ မြူခိုးတွေကြောင့် ၅ မီတာအကွာလောက်ပဲ မြင်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီဒေသဟာ တာဘရစ်ဇ်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပါတယ်။
သမ္မတ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ဘယ်မှာ ရှိသလဲ ဆိုတာကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရှာမတွေ့သေးဘူးလို့ တာဘရစ်ဇ်မြို့ရဲ့ အီရန်အမတ် အာမက် အာလီရီဇာဘေဂီ က တီဟီရန်မြို့က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ ရဟတ်ယာဉ်ပေါ်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမိရာဘလိုလာဟီယန်း လည်း ပါသွားတယ်လို့ သူကပြောပါတယ်။
ရဟတ်ယာဉ်တန်းထဲက တခြား ရဟတ်ယာဉ် နှစ်စင်းကတော့ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
သမ္မတ ဘေးကင်းဖို့ ဘာသာရေးမြို့ဖြစ်တဲ့ မက်ရှ်ဟက်မြို့ မှာ လူတွေ ဝတ်ပြုဆုတောင်းနေကြပုံကို အစိုးရ ရုပ်မြင်သံကြားပေါ်မှာ တွေ့ရပါတယ်။
အီရန်သမ္မတ အီဘရာဟင် ဆိုတာ ဘယ်လို လူလဲ
အသက် ၆၃ နှစ်အရွယ် မစ္စတာ ရိုင်ဆီ ဟာ ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပြန်လည် အရွေးခံခဲ့ရတဲ့ သမ္မတ ဖြစ်ပါတယ်။ အယူစွဲကြီးတဲ့ ဘာသာရေးခေါင်းဆောင် တစ်ဦးအဖြစ် အများက သူ့ကို ရှုမြင်ထားကြပြီး ၁၉၈၉ ခုနှစ်ကတည်းက အီရန်နိုင်ငံရဲ့ ဘာသာရေး အကြီးအကဲခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ အယာတိုလာ ခါမေနီရဲ့ အရိုက်အရာကို တစ်နေ့ကျရင် ဆက်ခံမယ့်သူအဖြစ် မှတ်ယူထားကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက သြဇာ ကြီးမားတဲ့ တရားရေးဌာန အကြီအးကဲ ရာထူးနေရာမှာ သူ့ကို အယာတိုလာ ခါမေနီက ခန့်ထားခဲ့ပါတယ်။
မစ္စတာ ရိုင်ဆီ ဟာ လာမယ့် ဘာသာရေးအကြီးအကဲသစ် ခန့်အပ်ရွေးချယ်ခွင့်ရှိတဲ့ အဖွဲ့ ဝင် ၈၈ ဦးပါ ဘာသာရေး ကျွမ်းကျင်သူများအဖွဲ့ရဲ့ လက်ထောက် ဥက္ကဋ္ဌ အဖြစ်လည်း ရွေးချယ် ခံခဲ့ရပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။