ရာဇဝတ်မှု ၃၄ မှုလုံးအပြစ်ရှိကြောင်းစီရင်ချက်ချခံရပြီးနောက် ထရမ့်ဘာဆက်ဖြစ်နိုင်လဲ
အမေရိကန်သမိုင်းမှာ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်လာ
နယူးယောက်တရားရုံးထဲက ထရမ့်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဟာ ၂၀၁၆ ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့အတွက် တရားမဝင်ကြိုးပမ်းမှုတွေ၊ ညစ်ညမ်းသရုပ်ဆောင်ကို နှုတ်ဆိတ်ထားဖို့အတွက် ငွေပေးချေမှုတွေကိုဖုံးကွယ်ဖို့ စာရွက်စာတမ်းအတုတွေပြုလုပ်မှုစွဲချက်တွေအပါအဝင် သူစွဲဆိုခံထားရတဲ့ ရာဇဝတ်မှုစွဲချက် ၃၄ ခုလုံးမှာ အပြစ်ရှိတယ်လို့ နယူးယောက် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရမ့်ဟာ သမ္မတဟောင်းလည်းဖြစ်သလို လာမယ့် ၂၀၂၄ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်နဲ့ ယှဥ်ပြိုင်မယ့် ရီပတ်ဘလီကန်ရဲ့ သမ္မတလောင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ နယူးယောက်ဂျူရီအဖွဲ့ရဲ့ အခုစီရင်ချက်ကြောင့် သူဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချခံရတဲ့ သမ္မတဟောင်းဖြစ်လာပြီး ဒီဖြစ်ရပ်က သမိုင်းဝင်ဖြစ်သွားပါတယ်။
ဒီစီရင်ချက်ကိုချဖို့အတွက် အဖွဲ့ဝင် ၁၂ ဦးပါတဲ့ ဂျူရီလူကြီးတွေက ၂ ရက်တာဆွေးနွေးခဲ့တာဖြစ်ပါတယ်။
လာမယ့် ဇူလိုင် ၁၅ ရက်မှာ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီညီလာခံကနေ ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် တရားဝင်တင်မြှောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ရဲ့ ရှေ့နေ က ဂျူရီအဖွဲ့ရဲ့ အခုစီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားပေမဲ့ နယူးယောက်တရားရုံးချုပ် တရားသူကြီး က ပယ်ချခဲ့ပါတယ်။
စာရွက်စာတမ်းအတုပြုလုပ်မှုအပါအဝင် ပြစ်ဒဏ်တခုချင်းက အမြင့်ဆုံးထောင်ဒဏ် လေးနှစ်အထိ ချမှတ်ခံရနိုင်ပေမဲ့ ဒီပြစ်ဒဏ်ကြောင့် သူ့ရဲ့ မဲဆွယ်စည်းရုံးခွင့် ဒါမှမဟုတ် အနိုင်ရခဲ့ရင် ထမ်းဆောင်ရမယ့် ရာထူးတာဝန်ကို ဥပဒေအရ တားမြစ်ထားတာတော့ အမေရိကန်ဖွဲ့စည်းပုံမှာမရှိပါဘူး။
ထရမ့်ကတော့ တရားရုံးကအထွက်မှာ ဒီပြစ်မှုတွေက စွပ်စွဲချက်တွေနဲ့ သူ့ကို လုပ်ကြံမှုတွေလို့ ပြောပြီး သူ့ဘက်က အမှားအယွင်းမရှိဘူးလို့ငြင်းဆိုတုံ့ပြန်ထားပါတယ်။ ထရမ့်ဘက်ကလည်း ဒီပြစ်ဒဏ်စီရင်ချက်အတွက် ဆက်ပြီးအမြန်ဆုံး အယူခံဝင်ဖို့ရှိနေပါတယ်။
ဒါပေမယ့် ဒီပြစ်ဒဏ်စီရင်ချက်က နိုဝင်ဘာလရဲ့ သမ္မတရွေးကောက်ပွဲကို လှုပ်ခတ်သွားစေနိုင်ပါတယ်။
အခုနှစ်အစောပိုင်း Bloomberg and Morning Consult ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ အရေးပါတဲ့ ပြည်နယ်တွေက မဲဆန္ဒရှင် ၅၃ ရာခိုင်နှုန်းက ထရမ့် ပြစ်မှုထင်ရှားရင် ရီပတ်ဘလစ်ကန်ကို မဲပေးဖို့ ငြင်းဆိုမယ်လို့ ရလဒ်ထွက်ထားပါတယ်။
စီရင်ချက်ချပြီးနောက်ဒေါ်နယ်ထရမ့်က သူ့ကို ထောက်ခံသူတွေအတွက် အီးမေးလ်ကနေ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
နယူးယောက်တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို သူပြောခဲ့တဲ့စကားကိုပဲ အကျယ်တဝင့် ထပ်လောင်းပြောဆိုထားတာပါ။ “ဒါက အရှက်ကွဲစရာပါ။အကျင့်ပျက်ခြစားနေတဲ့တရားသူကြီးရဲ့ အကြံအဖန်ပြုတာတစ်ခုပါပဲ” လို့ အီးမေးလ်က ဖော်ပြပါတယ်။ “ပြည်သူတွေရဲ့ စစ်မှန်တဲ့ စီရင်ချက်က နိုဝင်ဘာ ၅ ရက်မှာ ဖြစ်မှာပါ” “ကျွန်တော်က အပြစ်ကင်းတဲ့လူပါ။” လို့ လည်းရေးသားထားပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။