လည်ပင်းရိုးကျိုးပြီး ခြေလက်တွေအားလုံး အကြောသေသွားတာကို လျှပ်စစ်စီး ကုထုံးက သက်သာလာစေ

International News Tech
လည်ပင်းရိုးကျိုးပြီး ခြေလက်တွေအားလုံး အကြောသေသွားတာကို လျှပ်စစ်စီး ကုထုံးက သက်သာလာစေ

သူ့လက်ချောင်းတွေ နည်းနည်းလှုပ်လို့ရလာတဲ့ တိုးတက်မှုက မယ်လနီ ရိဒ်ရဲ့ ဘဝ အတွက် အကြီးအမား ပြောင်းလဲမှုဖြစ်

လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက မြင်းပေါ်ကပြုတ်ကျလို့ သူ့လည်ပင်းရိုး ကျိုးခဲ့ရတဲ့နောက် မယ်လနီ ရိဒ်ရဲ့ ဘယ်ဘက် လက်ဖဝါးက “ငှက်ပျောရွက် တခုလို ပျော့ကျ”နေတာပါ။

လျှပ်စစ်စီးစေတဲ့ နောက်ဆုံးပေါ် ကုထုံးသစ်ကို ခံယူပြီးတဲ့နောက် သူ့ဘယ်ဘက် လက်နဲ့ စမတ်ဖုန်း မျက်နှာပြင်ကို ရွှေ့နိုင်တာ၊ သူ့ရဲ့ ထိုင်ခုံခါးပတ်ကို ဖြုတ်နိုင်တာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်လာနိုင်ပါပြီ။

ဒီကုထုံးနဲ့အတူ ကြွက်သားတွေ၊ အဆစ်တွေ၊ အာရုံကြောတွေ ပြန်ကောင်းလာအောင် လေ့ကျင့်ခန်းလုပ်တာ၊ နှိပ်နယ်တာတို့နဲ့ ကုသပေးတဲ့ ဖီဆီရိုကုထုံး (physiotherapy) ကို အတူပူးတွဲလုပ်တဲ့နည်းနဲ့ ခြေရော လက်ရော အကြောသေနေတဲ့လူတွေကို ကုသပေးနိုင်တော့မယ် လို့ မှန်းဆနေကြပါတယ်။

ဒီနည်းနာနဲ့ လူနာ ၆၀ ယောက်မှာ စမ်းသပ်လုပ်ကိုင်ပေးတဲ့ အခါ လူနာပေါင်း ၄၃ ယောက်က သူတို့ လက်တွေ၊ ခြေထောက်တွေ လှုပ်ရှားရာမှာ တိုးတက်လာတာကို တွေ့ရပါတယ်။

ဒီနည်းကို သုတေသနလုပ်ထားတဲ့ အဖွဲ့က သူတို့ကုထုံးကို အမေရိကန်က ဆေးရုံ တွေမှာ ကုသနိုင်ခွင့် ခွင့်ပြုချက်လျှောက်လွှာတင်ထားပါတယ်။

ထိခိုက်တဲ့နေရာတဝိုက် လျှပ်ခေါင်းလေးတွေ တပ်ဆင်ပြီး လျှပ်စစ်စီးစေတာပါ။ ဦးနှောက်ကနေ ညွှန်ကြားချက် အချက်ပြမှုတွေကို နဗ်ကြောတွေက တဆင့် ခြေလက်တွေကို ပို့ဆောင်တဲ့နေရာမှာ လျှပ်စစ်စီးတာကနေ ရလိုက်တဲ့ တွန်းအား တွေက အားပိုဖြစ်စေပါတယ်။ မယ်လနီ ရိဒ် ရနေတဲ့ ဝေဒနာမှာတော့ သူ့ကျောရိုး နဗ်မ ထိခိုက်မှုကြောင့် အားနည်းနေတဲ့ ဦးနှောက် အချက်ပြစီးဆင်းမှုတွေကို အားပြန် ကောင်း လာစေပါတယ်။

Times of London က သတင်းထောက် အသက် ၆၇ နှစ်အရွယ် မယ်လနီဟာ ဒီကုထုံးသစ်ကို စပြီး စမ်းသပ်တဲ့ ပထမဆုံးလူနာတွေထဲက တယောက်ပါ။ အရင်က သူ့ လက်ချောင်းတွေနဲ့ လက်မောင်းတွေ လှုပ်ရှားဖို့ အခက်အခဲအများကြီး ရှိခဲ့ ပါတယ်၊ အထူးသဖြင့် သူ့ ဘယ်ဘက်က လက်ချောင်းတွေက လုံးဝ လှုပ်လို့မရ ခဲ့ပါဘူး။

ဖီဆီရို လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာနဲ့အတူ လျှပ်စစ်စီး ကုထုံးကို ၂ လကြာ သူယူခဲ့ပါတယ်။ အဲဒါတွေကြောင့် တိုးတက်မှု တချို့ ရလာပြီး သူ့ဘဝမှာ သိပ်ကို ကြီးမားတဲ့အပြောင်းအလဲဖြစ်လာတာလို့ သူက ပြောပါတယ်။

“ကျွန်မ ဘယ်ဘက် လက်မနဲ့ ထိုင်ခုံခါးပတ်ကို ကျွန်မ ဖြုတ်နိုင်ပြီ၊ ကော်ဖီခွက်ကို ကျွန်မ လက်နဲ့ ခိုင်ခိုင်မာမာ၊ ယုံယုံကြည်ကြည် မနိုင်ပြီ၊ အရာဝတ္တု သေးသေး လေးတွေကို ကျွန်မ ကောက်ယူနိုင်ပြီ၊ ဆန်ဆေးတဲ့ အလုပ်လို အလုပ်လေး တွေလည်း လုပ်လာနိုင်ပြီ“ လို့ သူက ပြောပါတယ်။

အခုမှ စတင်တဲ့ စမ်းသပ်ကုထုံးမို့ တပ်ထားတဲ့ ကိရိယာကို ဘယ်လောက် ကြာကြာ တပ်ထားရမလဲ၊ ဖြုတ်ထားလိုက်ရင် တိုးတက်မှုက ရပ်သွားမှာလား၊ လျှပ်စစ်စီး ကုထုံးကြောင့် အခုတိုးတက်မှု ဘယ်နှရာခိုင်နှုန်း ရလာခဲ့သလဲ၊ ဖီဆီရို ကုထုံးကြောင့် တိုးတက်လာတာလား စတာတွေကိုတော့ အခုအချိန်မှာ ပြောနိုင်ဖို့ စောပါသေးတယ်။

“အခုမှ စရတဲ့ စမ်းသပ်မှုကို လပေါင်းများစွာ အာရုံစိုက်ကြည့်တဲ့အခါ တိုးတက်မှုတွေ တွေ့ရပါတယ်“ လို့ အခုစမ်းသပ်မှု သုတေသီတယောက်ဖြစ်တဲ့ ယူနီဗာစီတီ ကောလိပ် လန်ဒန် တက္ကသိုလ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောဌာနက ပါမောက္ခ ရောဘတ် ဘရောင်း စတုန်းက ပြောပါတယ်။

အခုလျှပ်စစ်စီး ကုထုံးသစ်နဲ့ ပတ်သက်ပြီး လူနာတွေမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားထားတယ်လို့ သူက ပြောပါတယ်။

လျှပ်စစ်စီးစေတဲ့ ကိရိယာကို ဖွင့်ထားရင် မျက်နှာသုတ်ပုဝါငယ်လေးကနေ ရေညှစ်တာတို့၊ တခုခုကို မယူနိုင်တာတို့ စတာတွေလောက်ပဲ သူလုပ်နိုင်ပေမယ့် အားအင်နဲ့ ပတ်သက်ပြီး တိုးတက်မှုက ရေရှည်ဖြစ်လာတာလို့ မယ်လနီက ပြောပါတယ်။

“ကျောရိုးနဗ်မမှာ ဒဏ်ရာရတဲ့သူအဖို့ တခါတည်း အကောင်းပကတိ ပြန်ကောင်းစေ ဆိုတာမျိုးက မရှိပါဘူး၊ ဒါပေမဲ့ လက် ၂ ဘက်ကော၊ ခြေ ၂ ဘက် စလုံးကော အကြောသေနေတဲ့ လူတယောက်က သူ့လက်ကို သုံးပြီး အစာစားနိုင်တာ၊ ရေသောက်နိုင်တာမျိုးကို အခု ကိရိယာက လုပ်ပေးနိုင်တော့ ဒါက ဘဝကို တကယ်ပြောင်းသွားစေတဲ့ တိုးတက်မှုပါ။“

လျှပ်စစ်စီးစေတဲ့ ကုထုံးကို အရင်က ခါးအောက်ပိုင်း အကြောသေတဲ့လူတွေကို ပေးပြီး လမ်းပြန်လျှောက်နိုင်အောင်ဖြစ်စေခဲ့

ကျောရိုးနဗ်မ ထိခိုက်ပြီး မကြာခင်မှာ ခံစားရတဲ့ ဝေဒနာ နည်းနည်း သက်သာ လာတာမျိုးကို လူနာတချို့မှာ တွေ့ရပါတယ်။ အခု လေ့လာ စမ်းသပ်မှုအတွက် ခေါ်ယူထားတဲ့ လူနာတွေက လွန်ခဲ့တဲ့ ၁ နှစ်နဲ့ ၃၄ နှစ်အတွင်း ဒဏ်ရာရခဲ့တဲ့ လူမျိုးတွေဖြစ်ပြီး ဒဏ်ရာရပြီးတဲ့နောက် အစပိုင်းမှာ နည်းနည်းပဲ ပြန်ကောင်းလာတာ ဒါမှမဟုတ် လုံးဝ ပြန်ကောင်းမလာတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။

ကျောရိုးနဗ်မ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီးလေ့လာတဲ့ ဂလပ်စကိုမြို့၊ အဲလီဇဘက် ဘုရင်မ တက္ကသိုလ်က Scottish Centre for Innovation in Spinal Cord Injury သုတေသီ ဒါရိုက်တာ မာရီယယ် ပါဆဲလ်က မယ်လနီ ဒဏ်ရာရတဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက သူ့ကို ကုသပေးနေတာပါ။

ဒီဘာသာရပ်မှာ အခုသုတေသန စင်တာက ကမ္ဘာမှာ ထိပ်တန်းအဆင့် ဖြစ်တဲ့အတွက် အခု စမ်းသပ်တဲ့အဖွဲ့ကနေ သူတို့ကို ဖိတ်ခေါ်ထားပါတယ်။

မစ္စ ပါဆဲလ်က ကာလရှည်ကြာကတည်းက ဖြစ်လာခဲ့တဲ့ ဒဏ်ရာရသူတွေထဲ အခုလောက် တိုးတက်လာမှုမျိုးကို သူအရင်က မတွေ့ဖူးဘူးလို့ ဆိုပါတယ်။

“ဆေးရုံမှာ ကုသတဲ့ ကုထုံးအဖြစ် အတည်ပြုနိုင်တဲ့ ဆေးဝါး ဒါမှမဟုတ် ကိရိယာ ဆိုတာမျိုး အခုထိ မရှိသေးပါဘူး“ လို့ သူက ပြောပါတယ်။

အခု ဒီကိရိယာကို ဆွီဒင်နိုင်ငံ၊ လော့ဆန်းမြို့က ပါမောက္ခ ဂရီဂေါ်ရီ ကော့တင်း ဦးဆောင်တဲ့ EPFL ဆေးသုတေသနအဖွဲ့က ဖန်တီးလိုက်တာပါ။ ကျောရိုးနဗ်မ ဒဏ်ရာ ရခဲ့သူ ပေါင်း ၂၆ ယောက်ကို လမ်းပြန်လျှောက်နိုင်အောင် သူတို့ ကူညီ နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့လုပ်ဆောင်တဲ့နည်းက ကိရိယာကို ခွဲစိတ်ထည့်ပေးပြီး စမ်းသပ်တဲ့ အဆင့်မှာသာ ရှိပါသေးတယ်။

ခွဲစိတ်ထည့်စရာမလိုတဲ့ နည်းသစ်တခုကိုလည်း သူတို့ စမ်းသပ်နေကြပါတယ်။

လျှပ်စစ်စီး ကုထုံးနဲ့ ဖီဆီရို ကုထုံးတွဲပြီး ကုသမှုကနေ ပျက်ဆီးနေတဲ့ နဗ်ကြော တွေကို ပြန်ပြင်ဆင်ပေးနိုင်ပြီဆိုတဲ့ အထောက်အထားတွေကို ပါမောက္ခ ကော့တင်း က ပုံနှိပ်ထုတ်ပြန်ခဲ့ပါတယ်။

“ဒီလို လူနာတွေရဲ့ ဘဝကို ပြောင်းလဲသွားစေမယ့် နည်းပညာကို ရဖို့ ကျွန်တော်တို့ နီးကပ်နေပါပြီ“ လို့ သူက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်မှာ ကျန်းမာရေးကုထုံးဆိုင်ရာ စည်းမျဉ်းတွေ ချမှတ်တဲ့ အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေး (Food and Drug Administration – FDA)က အခု လူနာ တွေနဲ့ စမ်းသပ်တာတွေကနေ ရလာတဲ့ အချက်အလက်တွေကို လေ့လာ နေပါ တယ်။

တကယ်လို့ ဒီဌာနက ကျေနပ်မှုရှိတယ်လို့ ဆိုရင် ဒီနည်းပညာသုံး ကိရိယာတွေ ထုတ်လုပ်နိုင်ရေး အတွက် လိုင်စင်ထုတ်ပေးမှာပါ။

အမေရိကန်မှာ ဒီကိရိယာနဲ့ ကုသခွင့်ရပြီဆိုရင် အခု တီထွင်ထားတဲ့ အဖွဲ့က ကမ္ဘာ့ တခြားနေရာတွေမှာ သုံးဖို့ လျှောက်လွှာတင်ကြတော့မှာပါ။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...