အီရန်သမ္မတ thayဆုံးမှု – နိုင်ငံကို အဓိကအုပ်ချုပ်နေတာ ဘယ်သူလဲ

International News
အီရန်သမ္မတ thayဆုံးမှု – နိုင်ငံကို အဓိကအုပ်ချုပ်နေတာ ဘယ်သူလဲ

အီရန်သမ္မတ အီဘရာဟင် ရိုင်အီဆီthayဆုံးမှုကြောင့် နိုင်ငံကို သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်လာစေပါတယ်

အီရန်နိုင်ငံမှာ သမ္မတ အီဗရာဟင် ရိုင်အီဆီဟာ ရဟတ်ယာဥ်ပျက်ကျမှုတစ်ခုမှာ သေဆုံးခဲ့တာကြောင့် သမ္မတရွေးကောက်ပွဲအဖြစ် ကျင်းပဖို့ နိုင်ငံအတွက် အကြောင်းဖန်လာပါတယ်။

ဒါပေမဲ့ အယူအစွဲကြီးတဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သူ သမ္မတတစ်ယောက် အခုလို ရုတ်တရက် thayဆုံးမှုဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်အတွက် နိုင်ငံရေးအပေါ် သိသာတဲ့အပြောင်းအလဲ သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အန္တိမ အာဏာကို နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်က ဆုပ်ကိုင်ထားတာကြောင့် ဖြစ်ပါတယ်။

အီရန်မှာ အခု ဘာဆက်ဖြစ်မှာလဲ

အီရန်မှာ သမ္မတက နာမကျန်းတာ၊ thayဆုံးတာ ဒါမှမဟုတ် လွှတ်တော်ကနေ သမ္မတကို အယုံအကြည်မရှိဆိုတင်ပြီး စွပ်စွဲပြစ်တင်မှုတွေလုပ်ကာ ဖယ်ရှားတာ စတဲ့ သမ္မတ တစ်ယောက် သူ့တာဝန် ဝတ္တရားတွေကို ဆက်ပြီးထမ်းဆောင်ဖို့ မစွမ်းသာတော့ဘူးဆိုရင် ဒီအခြေအနေကို ထိန်းဖို့ အီရန်ဖွဲ့စည်းပုံက တန်းတန်းမတ်မတ်ကို ပြဋ္ဌာန်းထားတာရှိပါတယ်။

မစ္စတာ ရိုင်အီဆီ thayဆုံးမှုပေါ်ပေါက်ခဲ့အပြီးမှာတော့ ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီဟာ နိုင်ငံ့ရေးရာတွေကို စီမံဖို့ ဒုတိယသမ္မတ (၁) မိုဟာမက် မော့ခ်ဘာကို ခန့်အပ်လိုက်ပါတယ်။

မစ္စတာ မော့ခ်ဘာဟာ သမ္မတသစ် တက်လာဖို့ ရွေးကောက်ပွဲကို စီစဥ်ကျင်းပရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပနိုင်ဖို့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တရားရေးမဏ္ဍိုင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ ရိုင်အီဆီကို အဓိက ပြိုင်နိုင်စွမ်းရှိတဲ့ သမ္မတလောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ မစ္စတာ ရိုင်အီဆီဟာ ရွေးကောက်ပွဲမှာ မဲပေးသူ ၃၀ ရာခိုင်နှုန်းရဲ့မဲရရင်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း မဲအနည်းဆုံးရပြီး သမ္မတရုံးဆီ ရောက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်ရွေးကောက်ပွဲကိုတော့ ကြိုတင်စီစဥ်ထားတဲ့ရွေးကောက်ပွဲလို့ မြင်ကြလို့ မဲဆန္ဒရှင်အများစု မဲရုံသွား မဲမထည့်ခဲ့ကြပါဘူး။

ဘာသာရေးခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေလဲ

အီရန်မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဟာ ၁၉၈၉ ခုနှစ်ကတည်းက ဘာသာရေးခေါင်းဆောင်အဖြစ်ရှိနေတဲ့ အယာတိုလာ ခါမေနီဖြစ်ပါတယ်။

သူဟာ နိုင်ငံ့ဥသျှောင်ဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ သာသာရေးရဲတပ်ဖွဲ့တို့အပေါ်မှာလည်း လုပ်ပိုင်ခွင့် အာဏာရှိသူဖြစ်ပါတယ်။

အယာတိုလာ ခါမေနီဟာ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်လို့သိကြတဲ့ IRGC တပ်ဖွဲ့ကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူပါတယ်။ သူ့အောက်မှာတော့ သဘောဆန္ဒအလျောက် ပါဝင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာစိဂျ်တော်လှန်ရေးတပ်ဖွဲ့ဟာ အီရန်မှာ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကို နှိမ်နင်းရာမှာ အသုံးပြုလေ့ရှိခဲ့ပါတယ်။

သမ္မတကရော ဘာတွေ လုပ်ပိုင်ခွင့်ရှိလဲ

အီရန်မှာ သမ္မတဟာ ရွေးကောက်ခံ အုပ်ချုပ်သူတွေထဲမှာ အမြင့်ဆုံးလူပုဂ္ဂိုလ်ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်ပြီးရင်တော့ ဒုတိယမြောက်ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့နိစ္စဓူဝလုပ်ငန်းတွေကို တာဝန်ခံရသူဖြစ်ပြီး ပြည်တွင်းမူဝါဒရေးရာနဲ့ ပြည်ပရေးရာတွေမှာ သိသိသာသာ လွှမ်းမိုးနိုင်သူဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတအတွက် လုပ်ပိုင်ခွင့်ဟာ သိပ်ကို အကန့်အသတ်ရှိပါတယ်။ အထူးသဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ကို စီမံပါတယ်။ ဒါပေမဲ့ ကွပ်ကဲရေးမှူးကိုတော့ သာသာရေးခေါင်းဆောင်က ခန့်အပ်ပြီး သူ့ဆီပဲ တိုက်ရိုက် အစီရင်ခံ၊ တာဝန်ခံပါတယ်။

တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ ဘာစိဂျ် တပ်တို့အတွက်လည်း အလားတူပဲဖြစ်ပါတယ်။

သမ္မတရဲ့ အာဏာလုပ်ပိုင်ခွင့်ကိုတော့ ဥပဒေသစ်တွေကို အတည်ပြုတဲ့ လွှတ်တော်က ထိန်းကျောင်းပါတယ်။

တစ်ဖက်မှာလည်း သမ္မတအသစ်ရွေးချယ်တာလည်းလုပ်တဲ့ ကြီးကြပ်ရေးအဖွဲ့လို့ခေါ်တဲ့ ဂါးဒီးယန်း ကောင်စီ(Guardian Council)ဟာ လွှတ်တော်က ဆွေးနွေးအတည်ပြုထားတဲ့ ဥပ‌ဒေတွေသစ်တွေကို အတည်ပြုတာနဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချတာတွေ ပြုလုပ်နိုင်ပါတယ်။

Guardian Council ဆိုတာက ဘာသာရေး ခေါင်းဆောင်တွေ နဲ့ ဥပဒေ ပညာရှင် ၁၂ ယောက် ပါတဲ့ အဖွဲ့ဖြစ်ပြီး အီရန်ရဲ့ အထင်ကရ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီရဲ့ သစ္စာခံတွေ ဖြစ်ကြပါတယ်။

အီရန်မှာ နိုင်ငံတော်အာဏာ စိန်ခေါ်ခံရတာမျိုးရှိလား

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာတော့ ဆန္ဒပြလှိုင်းကြီး တစ်လှိုင်းကြောင့် လှုပ်ခတ်မှုရှိခဲ့ပါတယ်။ အဲဒါကတော့ ခေါင်းခြုံပုဝါ မဆောင်းလို့ ဆိုပြီး ရဲက ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့သူ အသက် ၂၂ နှစ်အရွယ် ကာ့ဒ်စ်အမျိုးသမီးငယ် မာဆာ အာမီနီ သေဆုံးခဲ့မှုအပြီး ထွက်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အီရန်အစိုးရက ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေမှာ ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး နောက်ထပ် လူထောင်ချီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ဝတ်စားဆင်ယင်မှု လွပ်လပ်ခွင့်တောင်းဆိုရာကနေ အီရန်အုပ်စိုးသူတွေအပေါ် ကျတဲ့ ဒေါသအဖြစ် နောက်ပိုင်းမှာ ကျယ်ပြန့်သွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက တူရကီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုမှာ ဆန္ဒဖော်ထုတ်သူတစ်ဦးက မာဆာအာမေနီရဲ့ ပုံကို ကိုင်ဆောင်ထားတာဖြစ်ပါတယ်

ဘာသာရေးရဲတပ်ဖွဲ့ဆိုတာ ဘာလဲ

စောင့်ကြပ်ကင်းလှည့်သူလို့လည်း အဓိပ္ပာယ်ရတဲ့ ဘာသာရေးရဲတပ်ဖွဲ့ဟာ အီရန်ရဲတပ်ဖွဲ့အောက်က ဖြစ်ပါတယ်။

အဲဒီတပ်ဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွဲ့စည်းပါတယ်။ ရည်ရွယ်ချက်ကတော့ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး အပြီးမှာ စတင်ကျင့်သုံးခဲ့တဲ့ ”သင့်တင်လျှောက်ပတ်စွာ” ဆင်ယင်ထုံးဖွဲ့ဆိုင်ရာ အစ္စလာမ္မစ် စံနှုန်းကျင့်ဝတ်တွေနဲ့ ဥပဒေတွေကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။

အဲဒီရဲတပ်ဖွဲ့ရဲ့ အမျိုးသားနဲ့ အမျိုးသမီးရဲ ၇,၀၀၀ နီးပါးဟာ သတိပေးချက်ထုတ်တာ၊ ဒဏ်ကြေးကောက်တာနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးတာမျိုးအထိ လုပ်ပိုင်ခွင့်ရထားပါတယ်။

၂၀၂၂ ခုနှစ် နွေကာလ ဆန္ဒပြပွဲတွေ မတိုင်ခင် သီတင်းပတ်တွေမှာပဲ သမ္မတ ရိုင်အီဆီဟာ အမျိုးသမီးတွေ သင့်တင့်လျောက်ပတ်စွာ မဖြစ်မနေ ဝတ်ဆင် ပြုမူဖို့လိုအပ်တဲ့ အီရန်ရဲ့ခေါင်းမြီးခြုံပဝါ ဝတ်ဆင်မှုနဲ့ ဆင်ခြင်ခြင်း ဥပဒေကို တင်းကျပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မလိုက်နာတဲ့အမျိုးသမီးတွေကို သိနိုင်အောင်ဆိုပြီး လုံခြုံရေးထောက်လှမ်းကင်မရာတွေ တပ်ဆင်ခဲ့သလို ခေါင်းမြီးခြုံဝတ်ဆင်ရမယ်ဆိုတဲ့စည်းကမ်းကို လူမှုကွန်ရက်ပေါ်မှာ လိုက်နာတာမျိုးမရှိသူတွေကိုလည်း ထောင်ဒဏ်ချမှတ်နိုင်တဲ့ စည်းကမ်းကို ချမှတ်ခဲ့ပါတယ်။

တော်လှန်ရေးအစောင့်တပ်ဆိုတာ ဘယ်သူတွေလဲ

IRGC လို့ခေါ်တဲ့ တော်လှန်ရေး အစောင့်တပ်ဟာ ပြည်တွင်းလုံခြုံရေး ထိန်းသိမ်းဖို့အတွက် အရေးအပါဆုံးတပ်ဖွဲ့ဖြစ်ပါတယ်။ အခုဆို အဲဒီအဖွဲ့ဟာ အီရန်ရဲ့ ပင်မ တပ်ဖွဲ့ဖြစ်လာသလို နိုင်ငံရေးနဲ့ စီးပွားရေး အင်အားတစ်ရပ်ဖြစ်လာပါတယ်။ တပ်ဖွဲ့ဝင်ပေါင်း တစ်သိန်းခွဲကျော်အထိရှိနေပါတယ်။

မြေပြင်တပ်ဖွဲ့တွေအပြင် ရေတပ်နဲ့ လေတပ်လည်းရှိသလို အီရန်ရဲ့ ဗျူဟာမြောက် လက်နက်တွေကိုလည်း ကြီးကြပ်ပါတယ်။

အဲဒီတပ်ဖွဲ့မှာ ပြည်ပမှာ အခြေစိုက်တဲ့ Quds တပ်ဖွဲ့ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရှိပြီး အဲဒီအဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသတလွှားမှာ ငွေကြေး၊ လက်နက်၊ နည်းပညာနဲ့ သင်တန်းတွေကို တိတ်တဆိတ်ပေးနေပါတယ်။

တော်လှန်ရေးတပ်ဟာ ဘာစိဂျ်လို့ခေါ်တဲ့ တပ်ဖွဲ့ကိုလည်း ထိန်းကွပ်ပါတယ်။

ဘာစိဂျ် Basij တော်လှန်ရေးတပ်ဆိုတာ ဘာလဲ

အရင်က အဖိနှိပ်ခံများစည်းရုံးရေးအဖွဲ့လို့ အရင်က သိကြတဲ့ ဘာစိဂျ် တော်လှန်ရေးတပ်ကို ၁၉၇၉ ခုနှစ်မှာ သဘောဆန္ဒအလျောက်ပါဝင်ကြသူတွေရဲ့ဖွဲ့စည်းထားတဲ့ တပ်အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံတစ်ဝန်းက မြို့ကြီးတွေနဲ့ ပြည်နယ်တွေအားလုံးမှာ တပ်ဖွဲ့ခွဲတွေရှိသလို နိုင်ငံ့တရားဝင် အင်စတီကျူးရှင်းတွေအများစုထဲမှာလည်း ဖွဲ့ထားပါတယ်။

ဘာစိဂျ်တွေ လို့ ရည်ညွှန်းခေါ်ဝေါ်ကြတဲ့ အဖွဲ့ဝင် အမျိုးသား အမျိုးသမီးတွေဟာ တော်လှန်ရေး သစ္စာတော်ခံတွေဖြစ်သလို တော်လှန်ရေး အစောင့်တပ် (IRGC)ဆီကနေ အမိန့်ခံယူပါတယ်။

လူပေါင်း တစ်သိန်းနီးပါးဟာ ပြည်တွင်းလုံခြုံရေးတာဝန်တွေ ယူထားကြပါတယ်။

သူတို့ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲကစလို့ အီရန်နိုင်ငံထဲက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်နင်းမှုမှာ ထဲထဲဝင်ဝင်ပါဝင်နေကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...