စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရာထူးကနားပြီး လီခေတ်အဆုံးသတ်ပြီ

International News
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရာထူးကနားပြီး လီခေတ်အဆုံးသတ်ပြီ

မစ္စတာ လီရှန်လွန်းဟာ စင်ကာပူကို နှစ်ပေါင်း ၂၀ ကြာအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်

စင်္ကာပူနိုင်ငံမှာတော့ ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာတာဝန်ယူခဲ့တဲ့ လီရှန်လွန်းတစ်ယောက် ရာထူးက နုတ်ထွက်တော့မှာဖြစ်တာကြောင့် ကျွန်းနိုင်ငံ စင်္ကာပူအတွက် နိုင်ငံရေးခေတ်တစ်ခတ် အဆုံးသတ်မှုဖြစ်လာ ပါတယ်။

နှစ်ပေါင်း ၂၀ ကြာအောင် ရာထူးယူခဲ့ပြီးတဲ့နောက် မစ္စတာ လီဟာ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ လော့ရန့်စ် ဝမ်ကို ဗုဒ္ဓဟူးနေ့ညမှာ တရားဝင် ရာထူးလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာကတည်းက စင်္ကာပူဟာ ဝန်ကြီးချုပ် ၃ ဦးပဲ တာဝန်ယူ အုပ်ချုပ်ခဲ့ဖြစ်ပြီး သူတို့အားလုံးဟာ အာဏာရ People’s Action Part (PAP) က ဖြစ်ပါတယ်။

ပထမဆုံးဝန်ကြီးချုပ်ဟာ မစ္စတာ လီရှန်လွန်းရဲ့ ဖခင် လီကွမ်ယုဖြစ်ပြီး သူဟာ ခေတ်သစ် စင်္ကာပူနိုင်ငံကို ထူထောင်သူလို့ မှတ်ယူခံရသလို နိုင်ငံကို ၂၅ နှစ်ကြာအောင် ဦးဆောင်ခဲ့ပါတယ်။

အကဲခတ်တွေကတော့ မစ္စတာ လီဟာ အစိုးရအဖွဲ့မှာ အကြီးတန်းဝန်ကြီးတစ်ပါးအဖြစ် ဆက်လက်ပါဝင်နေမှာဖြစ်ပေမဲ့ အခုလိုရာထူးလွှဲပြောင်းမှုဟာ လီမိသားစုရဲ့အရိပ်အောက်ကနေ ထွက်လာတာဖြစ်တာကြောင့် စင်္ကာပူနိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင်မှုအပိုင်းမှာ တိုးတက်ဖြစ်ပေါ်လာမှုကိုပြတာလို့ သုံးသပ်ကြပါတယ်။

စင်္ကာပူ မီဒီယာတွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ မစ္စတာ လီက စင်္ကာပူနိုင်ငံသားတွေရဲ့ထောက်ခံအားပေးမှုကို ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။

‘‘တခြားသူတွေထက်ရှေ့ရောက်အောင် ကျွန်တော် မပြေးခဲ့ဘူး။ တခြားသူတွေလည်း ကျွန်တော်နဲ့တန်းတူ ပြေးနိုင်အောင် ကျွန်တော် ကြိုးစားခဲ့တယ်’’ လို့ သူကပြောပါတယ်။ ‘‘ဒီလိုနဲ့ ကျွန်တော်တို့တွေ အောင်မြင်မှု အချို့ ရှိအောင်လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။’’

သူ့အနေနဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် လီကွမ်ယုနဲ့ ဖခင်နောက်ပိုင်း ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဂိုချောက်ထောင် တို့ရဲ့ လုပ်ထုံးလုပ်နည်းပုံစံမတူဘဲ ‘‘ကျွန်တော့်နည်း ကျွန်တော့်ပုံစံနဲ့’’ လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

မစ္စတာလီဟာ သူ့ဖခင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတုန်း နိုင်ငံရေးလောကထဲကို ၁၉၈၄ ခုနှစ်မှာဝင်ရောက်လာသူဖြစ်ပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန်မယူခင် စင်္ကာပူရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ် မစ္စတာ ဂို လက်ထက်မှာ နေရာရလာခဲ့ပါတယ်။

သူ့ရဲ့နိုင်ငံရေးသက် ပထမဆုံးနှစ်တွေဟာ မျက်လုံးတွေအများကြီးနဲ့ စောင့်ကြည့်မှုခံခဲ့ရပါတယ်။ အကဲခတ်တွေကတော့ ဆွေမျိုးကောင်းစားရေးဝါဒမိသားစုလို့ စွပ်စွဲခဲ့ကြသလို သားစဥ်မြေးဆက် နိုင်ငံရေးကို ဖန်တီးနေတယ်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။ မစ္စတာ လီကတော့ ဒီစွပ်စွဲချက်တွေကို အမြဲ ငြင်းဆိုပါတယ်။

ဒါပေမဲ့ ဆယ်စုနှစ် ၂ ခုကြာ စင်္ကာပူကို ခေါင်းဆောင်ခဲ့သူအဖြစ် မစ္စတာလီတစ်ယောက် သူ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ စင်္ကာပူကျွန်းဟာ နိုင်ငံတကာဘဏ္ဍာရေးအချက်အခြာနေရာဖြစ်လာသလို ထိပ်တန်း ခရီးသွားလည်ပတ်ရာ နေရာလည်းဖြစ်လာပါတယ်။ နိုင်ငံ့ GDP ဟာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း နှစ်ဆကျော်အထိမြင့်တက်ခဲ့ပါတယ်။ မစ္စတာ လီရဲ့အစိုးရဟာ စီးပွားပျက်ကပ်တွေ၊ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ကိုဗစ်ကပ်ဘေးကာလတွေမှာ နိုင်ငံကို ဦးဆောင်နိုင်ခဲ့တဲ့အစိုးရအဖြစ် အသိအမှတ်ပြုခံရပါတယ်။

ဝန်ကြီးချုပ် လီ လက်အောက်က စင်္ကာပူနိုင်ငံဟာ နိုင်ငံတကာဘဏ္ဍာရေး

အချက်အခြာနေရာအဖြစ် ပြောင်းလဲခဲ့သလို တိပ်တန်း ခရီးသွားလည်ပတ်ရာနေရာလည်းဖြစ်လာပါတယ်

ဓာတ်ပုံ ပုံစာ,ဝန်ကြီးချုပ် လီ လက်အောက်က စင်္ကာပူနိုင်ငံဟာ နိုင်ငံတကာဘဏ္ဍာရေး အချက်အခြာနေရာအဖြစ် ပြောင်းလဲခဲ့သလို တိပ်တန်း ခရီးသွားလည်ပတ်ရာနေရာလည်းဖြစ်လာပါတယ်

နိုင်ငံတကာပထဝီနိုင်ငံရေးမှာတော့ မစ္စတာ လီဟာ ကမ္ဘာ့ စူပါ ပါဝါတွေဖြစ်တဲ့ အမေရိကန်နဲ့တရုတ်ကြား ဒေသတွင်း လွန်ဆွဲမှုမှာ စင်္ကာပူရဲ့ ဆက်ဆံရေးကို ချိန်ညှိအောင် ကြိုးပမ်းခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တင်းကျပ်မှုဆက်ရှိနေသေးပေမဲ့ LGBTQ အဖွဲ့အစည်းတွေရဲ့ နှစ်နဲ့ချီကြာအောင် လှုံ့ဆော်စည်းရုံးမှုအပြီးမှာတော့ လိင်တူဆက်ဆံမှုကိုဆန့်ကျင်တဲ့အငြင်းပွားဖွယ်ဥပဒေကို ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာတာ၊ ဦးလေးကြီးတစ်ဦးလိုဖြစ်နေတာနဲ့ ပညာရှင်ဆန်တဲ့ပုံရိပ်တွေကြောင့် မစ္စတာ လီကို စင်္ကာပူနိုင်ငံသားအများစုက သဘောကျကြပါတယ်။ စစ်တမ်းတွေမှာလည်း သူဟာ စင်္ကာပူမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားတွေထဲ ထိပ်ဆုံးရ ရပ်တည်ခဲ့ပြီး သူ့မဲဆန္ဒနယ်မှာဆိုရင်လည်း ရွေးကောက်ပွဲမှာ မဲအများဆုံး ဆက်တိုက်ရထားပါတယ်။

ဒါပေမဲ့ သူဟာ ဝေဖန်ခံရမှုနဲ့ အငြင်းပွားမှုတွေကနေလည်း မလွတ်ပါဘူး။

လုပ်အားပြတ်တောက်မှုကို ဖြေရှင်းဖို့ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ ရွှေ့ပြောင်းလုပ်သားအများကြီးကို ဝင်ရောက်ခွင့်ပေးခဲ့တဲ့အတွက် ပြည်တွင်းမှာ အတော်လေး မနှစ်သက်မှုဖြစ်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံဟာ ချမ်းသာလာတာနဲ့အမျှ လူမှုမညီမျှမှုတွေလည်း မြင့်တက်လာပြီး ဝင်ငွေအဟလည်း ကျယ်ပြန့်လာပါတယ်။ မစ္စတာလီ ဦးဆောင်မှုအောက် PAP ပါတီဟာ ၂၀၁၁ ခုနှစ်မှာ မဲရရှိမှု အနိမ့်ဆုံးရောက်ခဲ့သလို ၂၀၂၀ မှာလည်း နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပါတယ်။

‘‘လီရှန်လွန်း အဓိက ချန်ထားနိုင်ခဲ့တာက နိုင်ငံ့စီးပွားရေးအတွက် သူ အင်တိုက် အားတိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာပဲ ဖြစ်လိမ့်မယ်’’ လို့ ဟောင်ကောင်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပညာရှင်လည်းဖြစ်၊ စင်္ကာပူအုပ်ချုပ်ရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်လည်းဖြစ်တဲ့ ဒေါ်နယ် လို က ပြောပါတယ်။

‘‘ဒါပေမဲ့ သူ့ ဝန်ကြီးချုပ်သက်တမ်း ပထမတစ်ဝက်မှာ တန်းတူညီမျှမှု ကွာဟချက်မြင့်လာတာ၊ နိုင်ငံခြားသားတွေဝင်ရောက်မှုမြင့်လာတာ၊ အလုပ်အကိုင်ရဖို့ ယှဥ်ပြိုင်ရမှု မြင့်လာတာ၊ နိုင်ငံသားစစ်မှန်မှု သရုပ်သကန် တစ်စ တစ်စ လျော့ပါးနိုင်ခြေရှိမှုတွေနဲ့ ပတ်သက်ပြီးတော့ မနှစ်သက်ကြတဲ့အပိုင်းက ရှိခဲ့တယ်လေ’’

နိုင်ငံရေးအကဲခတ် ဆူဟာ ဗာဒါကိကတော့ ဝန်ကြီးချုပ်လီအစိုးရဟာ ‘’ကမ္ဘာ့စီးပွားရေးမြို့တော် ဖြစ်လာဖို့ အင်တိုက် အားတိုက်လုပ်နေချိန်မှာ ဝင်လာတဲ့ ရွှေ့ပြောင်းနေထိုင်မှုနှုန်း မြင့်တက်မှုကို ကောင်းမွန်စွာနေရာချထားနိုင်ဖို့ ကြိုတင်ပြင်ဆင်တာမျိုး မရှိခဲ့ဘူး’’ လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံသားတွေဆီကနေ ‘’ထောက်ခံမှုရအောင် မစွမ်းဆောင်နိုင်ခဲ့တာ’’ ဟာ ဒီနေ့အထိ တင်းခံနေတဲ့ ‘’လူမျိုးရေးခွဲခြားတယ်၊ တယူသန်ကြတယ်ဆိုတဲ့ ပုံရိပ်’’ တစ်ခုကို ဖြစ်လာစေတယ်လို့လည်း လွတ်လပ်တဲ့ သတင်းမဂ္ဂဇင်း Jom ကို စီမံလည်ပတ်နေတဲ့ မစ္စတာ ဗာဒါကိက ပြောပါတယ်။ စစ်တမ်းတွေမှာတော့ လူမျိုးရေးခွဲခြားမှုဟာ ပြဿနာတစ်ရပ်အဖြစ် ခံစားမိကြတဲ့ စင်္ကာပူနိုင်ငံသားတွေ များသထက်များလာပြီး အဲဒါဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ပိုမြင့်တက်လာတယ်လို့ ပြသနေပါတယ်။

စင်္ကာပူနိုင်ငံသားတွေ အများစုနေထိုင်ကြတဲ့ အများပိုင်အိမ်ရာတည်ဆောက်ရေးအပါအဝင် ကာလရှည်ပြဿနာတွေကို မစ္စတာလီ အစိုးရဟာ လုံလုံလောက်လောက် မဖြေရှင်းနိုင်ခဲ့ဘူးလို့ အကဲခတ်အချို့ကလည်း ပြောကြပါတယ်။ အများစုဟာ အဲဒီတိုက်ခန်းတွေကို အစိုးရဆီကနေ နှစ် ၉၀ နဲ့ ငှားရမ်းနိုင်ဖို့ ငွေစုကြပေမဲ့ အဲဒီတိုက်ခန်းတွေဟာ ကြာလာတာနဲ့အမျှ တန်ဖိုးကလည်း လျော့ကျသွားတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ဒီပြဿနာတွေကို အသိအမှတ်ပြုပြီး ဒါတွေကို ဖြေရှင်းဖို့ လူဝင်မှု ပိုတင်းကျပ်တာ၊ အိမ်ယာသစ်အစီအစဥ်တွေဖော်တာနဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အထိ လုပ်နေပါတယ်။

ပုဂ္ဂိုလ်ရေးပိုင်းမှာကြည့်ရင်တော့ မစ္စလီရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ အိမ်အရေး မိသားစုတွင်း အငြင်းပွားမှုဟာ လူထုကြားထဲကို ၂၀၁၆ ခုနှစ်မှာ ပွင့်ကျလာပါတယ်။ အဲဒီလိုဖြစ်တာကတော့ မစ္စတာ လီကွမ်ယု သေဆုံးပြီး တစ်နှစ်အကြာမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ သူ့ညီအစ်ကို မောင်နှမတွေနဲ့ ဒီအရေး တစ်နှစ်တိတိကြာအောင် ကိုင်တွယ်ဖြေရှင်းခဲ့ရသလို စင်္ကာပူလူထုကလည်း သူတို့ရဲ့ အစဥ်အလာရှိတဲ့ မိသားစုကြီးတစ်ခုအတွင်းက သူပိုင် ကိုယ်ပိုင် ကြိုးပမ်းမှုအရေးကို စိတ်ဝင်တစားနဲ့စောင့်ကြည့်ခဲ့ကြပါတယ်။

တခါမှာတော့ မစ္စတာလီရဲ့ ညီအစ်ကိုမောင်နှမတွေက သူ့ကို ‘’သိက္ခာမဲ့တဲ့သား’’ လို့ ခေါ်ခဲ့ကြပြီး မစ္စတာလီဟာ အဖေရဲ့အရှိန်အဝါအောက်ကနေ နိုင်ငံရေးမှာသားစဥ်မြေးဆက်အုပ်ချုပ်နိုင်အောင်တည်ဆောက်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒါ့အပြင် မစ္စတာ လီဟာ အာဏာကိုအလွဲသုံးတယ်လို့ သူတို့က စွပ်စွဲခဲ့သလို သူတို့အပေါ် အနိုင်ယူဖို့ ‘’နိုင်ငံတော်ရဲ့ယန္တရားတွေ’’ ကို အသုံးပြုမှာကိုလည်း စိုးရိမ်ကြတဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အခုတော့ သူ့ညီဖြစ်သူအပါအဝင် မစ္စတာလီရဲ့ မိသားစုဝင်တွေဟာ တရားစွဲခံရနိုင်တယ်လို့ဆိုပြီး အခုတော့ ပြည်ပမှာနေထိုင်နေကြပါတယ်။

မစ္စတာ လီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ သူ့ကလေးတွေဟာလည်း နိုင်ငံရေးမှာပါဝင်ဖို့ စိတ်မဝင်စားကြဘူးလို့ သူကပြောထားပါတယ်။

လီဝန်ကြီးချုပ်ခေတ်အလွန် လူထုရင်းနှီးတဲ့မျက်နှာ

မစ္စတာဝမ်ဟာ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သလို အစိုးရဝန်ထမ်းလည်းလုပ်ခဲ့ဖူးပါတယ်

မစ္စတာလီဟာ အခုတော့ စီးပွားရေးပညာရှင်‌လည်းဖြစ်၊ မစ္စတာလီအတွက် အတွင်းရေးမှူးလုပ်ခဲ့ဖူးတဲ့ အစိုးရဝန်ထမ်းလည်းဖြစ်သူ မစ္စတာ ဝမ်ကို အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ဒါဟာ မစ္စတာ ဝမ်အတွက်ရော၊ နိုင်ငံ ထူထောင်နှစ် ၅၉ နှစ်မှာ လီ နှစ်ဦးက ၄၅ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ စင်္ကာပူအတွက်ပါ မကြုံစဖူးထူးတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာပါတယ်။ ‘‘သူက နောက်ထပ် လီတစ်ယောက် နောက်မှာစောင့်နေတာမျိုးမရှိဘဲ လုပ်ရမယ့် ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ပြီးတော့ ဒါကပဲ စင်္ကာပူကို ပိုပြီး ပုံမှန်သဘောဆောင်တဲ့ဒီမိုကရေစီဖြစ်လာစေတယ်’’ လို့ မစ္စတာလို က ပြောပါတယ်။

‘‘လီတွေဟာ စင်္ကာပူမှာ ပုံမှန်ထက်ပိုတဲ့လွှမ်းမိုးမှု အမြဲတမ်းရှိခဲ့တယ်။ အခုလိုအလှည့်ပြောင်းဖြစ်လာတာဟာ ကျွန်တော်တို့အတွက် လူမှုနိုင်ငံရေးအသွင်ကူးပြောင်းမှု ပိုကျယ်ပြန့်လာတဲ့ အကောင်းဘက်ကိုလည်း ရောက်လာစေတယ်’’ လို့ မစ္စတာ ဗာဒါကိက ပြောပါတယ်။

PAP ပါတီအတွက်ဆိုရင်တော့ မစ္စတာဝမ်ကို မစ္စတာလီနေရာမှာ ဆက်ခံသူအဖြစ် ထားရှိထားတာဟာ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူ ဒုတိယဝန်ကြီးချုပ်တာဝန်ယူခဲ့ချိန်ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၅၁ နှစ်အရွယ် မစ္စတာ ဝမ်ဟာ ကနဦးကတည်းက ဒီလိုရွေးခံရဖို့ လျာထားခဲ့သူတော့ မဟုတ်ခဲ့ပြန်ပါဘူး။ သူ့ ပါတီက 4G လို့ခေါ်တဲ့ စတုတ္ထမြောက်မျိုးဆက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ပွဲထုတ်တုန်းကဆိုရင် သူဟာ ဖျက်မြင်းအဖြစ် မြင်ခဲ့ရပါတယ်။

နောက်ထပ် ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဟန်ဆွီးကတ် ဟာ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့်လို့ဆိုပြီး တာဝန်တွေကနေ အနားမယူခင်အထိ ဝန်ကြီးချုပ်အဖြစ်လျာထားခံခဲ့ရပါတယ်။

စင်္ကာပူမှာ ကိုဗစ်ကပ်ဖြစ်တဲ့အခါ မစ္စတာဝမ်ဟာ အစိုးရအတွက် ခေါင်းဆောင်ဖြစ်လာဖို့ ပိုပြီး ရှင်းလင်းလာပါတယ်။ အစိုးရလုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်တာကြောင့် အပတ်စဥ် သတင်းစာရှင်းလင်းပွဲတွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အစီအမံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ရှင်းပြနေခဲ့တဲ့ သူဟာ စင်္ကာပူနိုင်ငံသားတွေနဲ့မစိမ်းတဲ့မျက်နှာ ဖြစ်လာပါတယ်။

သူနဲ့ဒေသတွင်း မီဒီယာတွေဟာ သာမန်လူလို သူ့ပုံရိပ်ကို ဖော်ကြပါတယ်။ စင်္ကာပူနိုင်ငံသားအများစုလိုပဲ သူဟာ အများပိုင်အိမ်ရာမှာ နေထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး ပုံမှန် စင်္ကာပူစာသင်ကျောင်းတွေမှာပဲ ပညာဆည်းပူးခဲ့တဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။

စည်းလုံးမှုရှိဖို့ သတင်းစကားပါးရင်း သူက အသက်ကြီးရင့်နေတဲ့စင်္ကာပူ လူဦးရေနဲ့ လိုအပ်ချက်မြင့်နေသူတွေအတွက် ပိုပြီးထောက်ပံ့မယ့် စင်္ကာပူဖြစ်လာအောင် တည်ဆောက်မယ်လို့ ကတိပြုပါတယ်။ The Economist မဂ္ဂဇင်းနဲ့ မကြာသေးခင်တုန်းက ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ နိုင်ငံသားတွေဟာ လူနည်းစုလို့ မခံစားလာရအောင် သူလုပ်ဆောင်မယ်လို့ပြောသလို လူဝင်မှုကြီးကြပ်တာကိုလည်း အသေအချာကိုင်တွယ်မယ်လို့ ဆိုပါတယ်။

စင်္ကာပူအတွက် အကြီးမားဆုံးနိုင်ငံရေးမူဝါဒဖြစ်တဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူ့ ချဥ်းကပ်မှု သွေဖည်ပြောင်းလဲမှာမဟုတ်တဲ့အကြောင်းကိုလည်း အချက်ပြပြောဆိုပါတယ်။ စင်္ကာပူ အစိုးရဟာ ဘယ်အင်အားကြီးနိုင်ငံဘက်မှ ရပ်တည်မှာမဟုတ်ဘဲ ‘‘စင်္ကာပူဘက်ကိုပဲယိမ်း’’ တဲ့အစိုးရပဲ ဖြစ်မယ်လို့ သူကပြောပါတယ်။

မစ္စတာလိုကတော့ သူ့ကို အပြောင်းအလဲတွေလုပ်မယ့် ‘‘ပွင့်လင်းစိတ်အခံနဲ့ ရှေးရိုးစွဲသမား’’ လို့ ပုံဖော်ပေမဲ့ အဲဒီအပြောင်းအလဲတွေကို နေ့ချင်းညချင်းပြောင်းတာထက် အနည်းငယ်ပဲ မိတ်ဆက်မယ့်သူလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့်ပဲ အကဲခတ်တွေက ဝန်ကြီးချုပ်သစ်ဟာ PAP ပါတီအတွက်ဆိုရင် နိုင်ငံရှေ့ဆက်နိုင်ဖို့ရည်ရွယ်တဲ့ ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။ ဒါကပဲ မစ္စတာဝမ်တစ်ယောက် အချက်ပြလိုတာလည်း ဖြစ်ပါတယ်။

‘‘စဥ်ဆက်မပြတ်ဖို့နဲ့ တည်ငြိမ်မှုရှိဖို့က ပင်မ စဥ်းစားချက်တွေဖြစ်ပါတယ်။ အထူးသဖြင့် ဒီအစိုးရအဖွဲ့ သက်တမ်း ကုန်ဆုံးခါနီးကို နီးကပ်လာချိန်မှာဖြစ်ပါတယ်’’ လို့ မစ္စတာဝမ်က သူ့အစိုးရအဖွဲ့ဝင်တွေကို တနင်္လာနေ့မှာ ကြေညာချိန် ပြောထားပါတယ်။

အစိုးရအနေနဲ့ နောက်နှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့အချက်ကို သူက ရည်ညွှန်းသွားတာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ စင်္ကာပူနိုင်ငံသားတွေအတွက်တော့ လီ ဝန်ကြီးချုပ်ခေတ်အလွန် သူတို့အနာဂတ်အတွက် ဆုံးဖြတ်မယ့်ရွေးကောက်ပွဲဖြစ်သလို မစ္စတာ ဝမ် အတွက်လည်း ဝန်ကြီးချုပ်ရာထူးအတွက် အများပြည်သူက မဲပေးဆုံးဖြတ်တဲ့ နိုင်ငံရေးစမ်းသပ်မှုတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...