သီလရှင်မရှိတဲ့ မြောက်ကိုရီးယားက ဗုဒ္ဓသာသနာ

သီလရှင်မရှိတဲ့ မြောက်ကိုရီးယားက ဗုဒ္ဓသာသနာ

International News Knowledge
သီလရှင်မရှိတဲ့ မြောက်ကိုရီးယားက ဗုဒ္ဓသာသနာ

Jogye Order of Korea ရဲ့ အကြီးတန်းအဖွဲ့ဝင် ဘုန်းကြီး ဘီအော့ပ်တာ

မြောက်ကိုရီးယားမှာ ရဟန်းသာမဏေတွေနဲ့ ဘုရားကျောင်းတွေရှိလားဆိုရင် မြောက်ကိုရီးယားလူမျိုး တော်တော်များများကတော့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ တကယ်ပဲ ရဟန်းတွေကို တွေ့ဖူးခဲ့ကြရဲ့လားဆိုတာတောင် မမှတ်မိကြပါဘူး။

မြောက်ကိုရီးယားအစိုးရက သူ့နိုင်ငံထဲမှာ ဘာသာရေး လွတ်လပ်ခွင့်ပေးထားတယ်လို့ လူသိရှင်ကြား ကြေညာထားပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကိုးကွယ်ယုံကြည်မှုတွေက ဖိနှိပ်ချုပ်ချယ်ခံနေရတာပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြောက်ကိုရီးယားမှာ ခရစ်ယာန်ဘာသာ ဒါမှမဟုတ် ကက်သလစ်ဘာသာတွေလို အခြားဘာသာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဗုဒ္ဓဘာသာအပေါ် တော်တော်လေးပွင့်လင်းတဲ့ သဘောထားရှိပါတယ်။

တောင်ကိုရီးယားက ဗုဒ္ဓဘာသာဘုန်းကြီး ဘီအော့ပ်တာက ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း မြောက်ကိုရီးယားကို အကြိမ် ၁၀၀ နီးပါးသွားရောက်ခဲ့ပြီး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွေကြား ဆွေးနွေးစကားပြောတဲ့လမ်းကြောင်းကို တည်ဆောက်ထားခဲ့ပါတယ်။

“မြောက်ကိုရီးယားမှာ လောလောဆယ် ဘုန်းကြီးကျောင်း ၆၀ နဲ့ ရဟန်းသံဃာအပါး ၃၀၀ လောက်ရှိတယ်”လို့ သူကပြောပါတယ်။

”အဲဒီထဲမှာ မြောက်ကိုရီးယားဘုန်းကြီး အပါး ၃၀ လောက်ကိုတော့ ကိုယ်တိုင် တွေ့ခဲ့ဖူးတယ်”

မြောက်ကိုးရီးယားနိုင်ငံ၊ ပြုံယမ်းမြို့မြို့က Jeongneungsa ဘုန်းကြီးကျောင်းရဲ့ Bogwangjeon ခန်းမ

ဂျို့ဂေး ကိုရီးယား ဗုဒ္ဓဘာသာဂိုဏ်း(Jogye Order) ဘုန်းကြီး‌ကျောင်းရဲ့ အကြီးတန်းအဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဆရာတော် ဘီအော့ပ်တာက မြောက်ကိုရီးယားနဲ့ တောင်ကိုးရီးယားကို ပိုင်းခြားပြီးတဲ့နောက် ၁၉၈၉ ခုနှစ်မှာ မြောက်ကိုရီးယားကို ပထမဆုံးသွားရောက်တဲ့ဘုန်းကြီးတစ်ပါးအဖြစ်ကျော်ကြားပါတယ်။

မြောက်ကိုရီးယားဗုဒ္ဓသာသာအရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူအဖြစ်နဲ့လည်း နာမည်ထင်ရှားတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။

ဆရာတော်က မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်အီဆွန်းနဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီအချိန်က‌နေစပြီး မြောက်ကိုရီးယား ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ရရှိဖို့ ပြုံယမ်း၊ ဂယ်ဆောင်း၊ ဂွန်းဂမ်းဆမ်းတောင်နဲ့ ‌မြိုဟျန်ဆမ်း‌တောင်တို့မှာရှိတဲ့ ဘုန်ကြီးကျောင်းတွေဆီ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း အကြိမ်များစွာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဆိုးလ်မြို့၊ ဆုန်းဘုတ်ဂူအရပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ဘီအော့ပ်တာ သီတင်းသုံးတဲ့အဆောက်အဦထဲမှာ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်တုန်းက ရိုက်ယူထားတဲ့ ဓာတ်ပုံထောင်ပေါင်းများစွာကို သိမ်းဆည်းထားတာတွေ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ‌မြိုဟျန်းဆမ်း‌ တောင်ပေါ်က Bohyeonsa ဗုဒ္ဓရုပ်ပွားတော်

မြောက်ကိုရီးယားရှိ မြိုဟျန်းဆမ်းတောင်ပေါ်က Bohyeonsa ဘုရားကျောင်းအတွင်းမြင်ကွင်း

ဆရာတော် ဘီအော့ပ်တာက “မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံ မကွဲကြခင်တုန်းက မြောက်ကိုရီးယားမှာ ဘုန်းကြီးကျောင်း ၅၄၀ နဲ့ ဘုန်းကြီးအပါး ၁,၆၀၀ ‌လောက်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူ ၃၈၀,၀၀၀ ဝန်းကျင်ရှိတယ်။ ဒါပေမဲ့ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) အပြီးမှာတော့ နိုင်ငံထဲက ဘုန်းကြီးကျောင်းအားလုံးနီးပါး ပျောက်ကွယ်ခဲ့ပါတယ်။ စစ်ပွဲအပြီးမှာ မြောက်ပိုင်းက ဆာရီဝန်၊ ဟွမ်ဟဲပြည်နယ်မှာရှိတဲ့ ဆောင်ဘူလ်ဆာဘုရားကျောင်းနဲ့ မြိုရန်းတောင်ပေါ်မှာရှိတဲ့ ဘိုရောင်းဆာဘုရားကျောင်းတို့ကို ပြန်လည်ပြုပြင်ပေးခဲ့တယ်” လို့ ပြောပြပါတယ်။

မြောက်ကိုးရီးယားက ရဟန်းတွေက အိမ်ထောင်ပြုနိုင်ပြီး ဆံအရှည်လည်း ထားနိုင်ပါတယ်

၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဆရာတော် ဘီအော့ပ်တာ (ညာဖက်) က မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့မှာရှိတဲ့ Ryonghwasa ဘုန်းကြီးကျောင်းကို သွားရောက်လည်ပတ်ပြီး မြောက်ကိုရီးယားက ဘုန်းတော်ကြီးတစ်ပါးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

ဆရာတော် ဘီအော့ပ်တာက “မြောက်ကိုရီးယားဘုန်းကြီးတွေက တောင်ကိုရီးယားမှာရှိတဲ့ ရိုးရာ ဂျို့ဂေးဂိုဏ်းက ဘုန်းကြီးတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ မြောက်ကိုရီးယားက ဘုန်းကြီးတွေက ရှေးရိုးရာအတိုင်း နေကြတဲ့ ဘုန်းတော်ကြီးတွေဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဂျို့ဂေးဂိုဏ်းက ဘုန်းကြီးတွေကတော့ ခေတ်နဲ့လိုက်လျောညီထွေပိုရှိပြီး အမြင်ကျယ်ကြပါတယ်။ မြောက်ကိုရီးယားဘုန်းကြီးအရေအတွက်က အရမ်းနည်းတာကြောင့် သူတို့က ရှေးကျတဲ့ပုံစံထဲမှာပဲ ဆက်ရှိနေတယ်”လို့ ဆိုပါတယ်။

တောင်နဲ့ မြောက် ဗုဒ္ဓဘာသာတွေရဲ့ အကြီးမားဆုံးကွာခြားချက်ကတော့ တောင်ကိုရီးယား ဂျို့ဂေးဂိုဏ်း ဘုန်းကြီးတွေက ခေါင်းရိတ်ကြပေမယ့် မြောက်ကိုရီးယားဘုန်းကြီးအများစုကတော့ မရိတ်ကြပါတာပါပဲ။

တောင်နဲ့မြောက်ကိုရီးယားက ဘုန်းကြီးတွေ ခြုံတဲ့သင်္ကန်းမှာလည်း ကွဲပြားမှုတွေရှိပါတယ်။ ဆရာတော် ဘီအော့ပ်တာက “တောင်ကိုရီးယားဘုန်းကြီးတွေက လိမ္မော်ရောင်သင်္ကန်းဝတ်တယ်၊ ဒါပေမဲ့ မြောက်ကိုရီးယားဘုန်းကြီးတွေက ရိုးရာအနီရောင်သင်္ကန်းဝတ်တယ်”လို့ ပြောပါတယ်။

လက်တွေ့မှာလည်း ဘိုယွန်းဆာဘုန်းကြီးကျောင်းမှာ ဆရာတော်ဘီအော့ပ်တာရိုက်ကူးခဲ့တဲ့ ပုံတွေထဲမှာလည်း ဆံပင်အရှည်ထားထားတဲ့ မြောက်ကိုရီးယားဘုန်းကြီးက အနီရောင်သင်္ကန်းကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

သစ်သားခေါင်းလောင်း(Moktak)ကိုင်ထားတဲ့ မြောက်ကိုရီးယားဘုန်းကြီး


မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားကြား ပူးတွဲဗုဒ္ဓဘာသာဝတ်ပြုပွဲကျင်းပနေစဉ် တွေ့ရတဲ့ မြောက်ကိုရီးယားဘုန်းကြီးတစ်ပါး

မြောက်ကိုရီးယားက ဘုန်းကြီးကျောင်းတွေနဲ့ သံဃာတော်တွေကို ဂျော့ဆွန်ဗုဒ္ဓဘာသာအဖွဲ့ချုပ်က စီမံခန့်ခွဲပါတယ်။ ဂျော့ဆွန် ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဟာ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာပိုင် ကိုရီးယားအလုပ်သမားပါတီက ဖွဲ့စည်းထားတဲ့ အဖမြေပြန်လည်ပေါင်းစည်းရေး ဒီမိုကရက်တစ်တပ်ဦးက စီမံခန့်ခွဲပါတယ်။ အခုတော့ အဲဒီတပ်ဦးရဲ့ အမည်က ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဒီမိုကရက်တစ်တပ်ဦးလို့ ဖြစ်လာပါပြီ။

ဒါကြောင့် ဂျော့ဆွန် ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဟာ မြောက်နဲ့‌တောင်ကိုရီးယားကြားမှာ ဗုဒ္ဓဘာသာဖလှယ်ရေးအတွက် ပြတင်းပေါက်တစ်ခုအဖြစ် ခိုင်မာတဲ့ ဆက်သွယ်မှုသဘော ပြယုဂ်ဆောင်နေပါတယ်။

မြောက်ကိုရီးယားမှာရှိတဲ့ Anguksa ဘုရားကျောင်း
ဓာတ်ပုံ ပုံစာ,ထိန်းသိမ်းမွမ်းမံထားတဲ့ မြောက်ကိုရီးယားက Anguksa ဘုရားကျောင်း၊ ကိုရီးယားစစ်ပွဲအတွင်းမှာတောင် ဒီဘုရားကျောင်းဟာ မပျက်စီးခဲ့ဘူးလို့ ဆိုကြပါတယ်။

မြောက်ကိုရီးယားက Anguksa ဘုန်းကြီး‌ကျောင်းဝင်ပေါက်မှာ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တစ်ခု

ဂျော့ဆွန် ဗုဒ္ဓဘာသာအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ် မေလမှာတော့ မြောက်ကိုရီးယား၊ မြိုရန်းတောင်ပေါ်က ဘိုယွန်းဆာဘုန်းကြီးကျောင်းမှာ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်အဖြစ် ဝတ်ပြုပွဲကို ပထမဆုံးကျင်းပခဲ့ပါတယ်။

အဲဒီအချိန်ကနေစပြီး နိုင်ငံတဝန်းမှာရှိတဲ့ အထင်ကရ ဘုန်းကြီးကျောင်းတွေမှာ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် ဗုဒ္ဓဘာသာဆိုင်ရာပွဲတော်တွေကို ကျင်းပခဲ့ပါတယ်။

မြောက်ကိုရီးယား ဧည့်ကြိုနဲ့ တောင်ကိုးရီးယား ဘုန်းတော်ကြီးတွေ မြောက်ကိုရီးယားနိုင်ငံ၊ မြိုရန်းတောင်ပေါ်က ဘုန်းကြီးကျောင်းမှာ အမှတ်တရဓာတ်ပုံရိုက်နေတဲ့မြင်ကွင်း

မြောက်ကိုရီးယားကဒေသခံတွေနဲ့ လမ်းပြတွေက ကိုရီးယားကဆရာတော်တွေကို ကြိုဆိုနေတဲ့မြင်ကွင်း

၂၀၀၀ ပြည့်နှစ်တွေအထိ တောင်ပိုင်းနဲ့ မြောက်ပိုင်းကြား ဘာသာရေးဖလှယ်ပူးပေါင်းဆောင်ရွက်‌ရေး စီမံကိန်းတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ကြပါတယ်။ ဥပမာအနေနဲ့ ဂျို့ဂေးဂိုဏ်း ကျောင်းက မြောက်ကိုရီးယားရှိ ဂွမ်ဂမ်းတောင်ပေါ်က ဆင်းဂျီးဆာဘုန်းကြီးကျောင်းကို ပြုပြင်ပေးခဲ့ပြီး ချွန်တေးဂိုဏ်း ကျောင်းကတော့ ဂယ်ဆောင်းမှာရှိတဲ့ ယောင်းတုန်းဆာဘုန်းကြီးကျောင်းကို ပြန်လည်ပြုပြင်ဖို့ကူညီပေးခဲ့ပါတယ်။

(ချွန်တေးဆိုတာကတော့ ကိုရီးယားနိုင်ငံသား၊ တရုတ် ဗုဒ္ဓဘာသာကျောင်း ထီရမ်းတိုင် ကနေ ဆင်းသက်လာတဲ့ ဘုန်းတော်ကြီးဖြစ်ပါတယ်။ ချွန်တေးဂိုဏ်း(Cheontae Order)ဆိုတာ သူတည်ထောင်ခဲ့တဲ့ ကျောင်းတော်နဲ့ အစဥ်အဆက်ဘုန်းတော်ကြီးတွေပါ။)

မြောက်ကိုးရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ ယွန်းဂတ်ဆန် တောင်ပေါ်က ဆရာတော် အမ်ဗျော့ပမ်Beopun-am

“မြောက်ကိုရီးယားမှာ သီလရှင်မရှိဘူး”

ဆရာတော် ဘီအော့ပ်တာက “မြောက်ကိုရီးယားဘုန်းကြီးတွေအားလုံးက အိမ်ထောင်တွေပြုကြပြီး အများစုက ဆံကိုအရှည်ထားကြသလို ဝတ်ရုံလည်း ဝတ်ဆင်ကြပါတယ်။ မြောက်ကိုရီးယားဘုန်းကြီးတွေကို ခေါင်းရိတ်သင့်တယ်လို့လည်း အကြိမ်ပေါင်းများစွာ အကြံပြုခဲ့ပါတယ်။ ဒီလိုတိုက်တွန်းရင်းနဲ့ပဲ နောက်ဆုံးမှာ မြောက်ကိုရီးယားက ဘုန်းကြီးတချို့ဆံပင်ရိတ်လာကြတယ်။ အဲဒီက ဘုန်းကြီးတွေအတွက် သင်္ကန်းအစုံ ၂၀၀ ကိုလည်း ပေးအပ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။

ဆရာတော် ဘီအော့ပ်တာက မြောက်ကိုရီးယားမှာ ဘုန်းကြီး‌ကျောင်းတွေနဲ့ ရဟန်းသံဃာတွေရှိပေမယ့် တောင်နဲ့မြောက် ၂ ခုစလုံးမှာ သီလရှင်တွေတော့ မရှိဘူးလို့ ဆိုပါတယ်။

“မြောက်ကိုရီးယား ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းတော်တော်များများကို လည်ပတ်ဖူးပေမယ့် သီလရှင်တို့ ဘိက္ခူနီတို့ကိုတော့ အဲဒီမှာ တစ်ခါမှ မတွေ့ဖူးပါဘူး။ မြောက်ကိုရီးယားရဲ့ ဗုဒ္ဓဘာသာဟာ ဘာသာရေးအရမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်ရှိတယ်လို့ထင်ပါတယ်။ ဒါကြောင့် သီလရှင်တွေကို ခွင့်မပြုထားပါဘူး။”

ဘိုယွန်းဆာ ဘုန်းကြီးကျောင်းက မြောက်ကိုရီးယားနိုင်ငံရဲ့ မြိုဟျန်းဆမ်း တောင်ပေါ်မှာ တည်ရှိပါတယ်

“မြောက်ကိုရီးယားက ဘာသာရေးလွတ်လပ်ခွင့်ကို လက်တွေ့ကျကျ ခွင့်မပြုတဲ့အတွက် မြောက်ကိုရီးယားမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေအားလုံးက အလုပ်သမားပါတီရဲ့ အဖွဲ့ဝင်တွေသာဖြစ်ပြီး ဘုန်းကြီးအလုပ် ဘာသာရေးဆောင်ရွက်တာမျိုး အလွန်နည်းပါတယ်”လို့ တချို့ကပြောကြပါတယ်။

တောင်ကိုရီးယားအစိုးရက ထုတ်ဝေတဲ့ မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာလည်း မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူအများစုက “ဘုန်းကြီး‌ကျောင်းထဲမှာ ဘုန်းကြီးအစစ်ဆိုတာ မရှိဘူး။ ဘုန်းကြီး‌ကျောင်းက ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုအနေနဲ့ပဲ ဒီတိုင်းရှိနေတာ”လို့ ပြောကြပုံတွေကို ဖော်ပြထားပါတယ်။

“မြောက်ကိုရီးယားမှာ နှစ်စဉ်ကျင်းပတဲ့ တရားဓမ္မအခမ်းအနားတွေကလည်း မြောက်ကိုရီးယားက သာမန်ပြည်သူတွေအတွက် ဦးတည်လုပ်ပေးတာမျိုးမဟုတ်ဘဲ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်လို့ ပြင်ပကမ္ဘာကို ပြချင်တဲ့ ရည်ရွယ်ချက်ကြောင့် ကျင်းပပေးတာ”လို့ မြောက်ပိုင်းကနေ ဘက်ပြောင်းလာသူတစ်ဦးက ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ဘုန်းတော်ကြီးတွေက မြောက်ကိုးရီးယား

ဘုန်းကြီးကျောင်းတစ်ခုမှာ ပူးတွဲ ဗုဒ္ဓဘာသာ ဝတ်ပြုပွဲကို ကျင်းပခဲ့ကြပါတယ်

ပူးတွဲ ဗုဒ္ဓဘာသာ ဝတ်ပြုပွဲအပြီးမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ဘုန်းတော်ကြီးတွေက အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်

ဆရာတော် ဘီအော့ပတာက “မြောက်ကိုရီးယားဘုန်းကြီးတွေက သာသနာရေးလုပ်ငန်းကို လုပ်ဖြစ်ရုံလေး အနည်းအကျဥ်းပဲ လုပ်ကြပါတယ်။ ဘုန်းကြီးကျောင်းတွေဟာ ယဉ်ကျေးမှုဆိုင်ရာ သာသနိကပိုင်ဆိုင်မှုတွေဖြစ်တာကြောင့် ဘုန်းကြီးတွေက ကျောင်းမှာပဲနေထိုင် ကျောင်းကိုစောင့်ရှောက်ကြပြီး မိသားစုရှိကြတဲ့ ဘုန်းကြီးတွေကတော့ ကျောင်းကနေပဲ အပြင်ထွက်သွားလာ၊ သာမန်လူတွေလို အလုပ်လုပ်ကြတယ်”လို့ ဆိုပါတယ်။

ဆရာတော် ဘီအော့ပ်တာက “ဆရာတော်က ဗုဒ္ဓမွေးနေ့မှာ မြောက်ကိုရီးယားက မြိုရန်းမြို့မှာရှိတဲ့ ဘိုယွန်းဆာဘုန်းကြီးကျောင်းကို တစ်ခါသွားခဲ့ဖူးတယ်။ အဲဒီက အထိမ်းအမှတ်ပွဲ အခမ်းအနားတော်တော်များများမှာ ရွာသူရွာသားတွေလည်း ဘုန်းကြီးကျောင်းကို လာကြပြီး အခမ်းအနားကို တူတူကျင်းပကြတယ်”လို့ ပြန်ပြောပြပါတယ်။

မြောက်ကိုရီးယားအတွက် အကူအညီပေးရေးစီမံကိန်း

အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဘုန်းကြီး Doan သည် ဆရာတော် ဘီအော့ပ်တာ တည်ထောင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံရှိ ဂွမ်ဂမ်း ခေါက်ဆွဲစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့တဲ့မြင်ကွင်း

ဆရာတော် ဘီအော့ပ်တာ တည်ထောင်ထားတဲ့ ခေါက်ဆွဲစက်ရုံ

ဓာတ်ပုံ ပုံစာ,ဆရာတော် ဘီအော့ပ်တာ တည်ထောင်ထားတဲ့ ခေါက်ဆွဲစက်ရုံ
၁၉၉၂ ခုနှစ်မှာ ဆရာတော် ဘီအော့ပ်တာက အဖမြေကို ငြိမ်းချမ်းစွာပေါင်းစည်းရေး ဗုဒ္ဓဘာသာအသင်းကို တည်ထောင်ခဲ့ပြီး “ဆန်ကနေ ပေါင်းစည်းကြမယ်”ဆိုတဲ့ ပေါင်းစည်းရေး ဆောင်ပုဒ်နဲ့ မြောက်ကိုရီးယားအတွက် ထောက်ပံ့ရေးစီမံကိန်းလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်က ၁၉၉၇ ခုနှစ်မှာတော့ မြောက်ကိုရီးယား၊ ဟွမ်ဟဲပြည်နယ် တောင်ဘက်မှာ “ဂွမ်ဂမ်းခေါက်ဆွဲစက်ရုံ”ဆောက်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ ပြုံယမ်းမှာ “ဂွမ်ဂမ်းပေါင်မုန့်စက်ရုံ”ကို တည်ထောင်ပြီး ‌ဒေသခံ‌တွေကို ကူညီပေးခဲ့ပါတယ်။

“၁၉၉၈ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းကနေ မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းကို လစဉ် ဂျုံမှုန့်တန်ချိန် ၆၀ ဝန်းကျင် ပေးပို့ခဲ့တယ်၊ အဲဒါက တစ်ရက်ကို လူဦးရေ ၇,၀၀၀ အထိ ကျွေးမွေးဖို့ လုံလောက်တယ်”လို့ ဘုန်းတော်ကြီးက ပြောပြပါတယ်။

ဒါပေမဲ့လည်း ၂၀၁၀ ခုနှစ်မှာ တောင်ကိုရီးယားအစိုးရရဲ့ ‌မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ဆရာတော် ဘီအော့ပ်တာဟာ မြောက်ကိုရီးယားကို ထပ်ပြီးသွားရောက်နိုင်တာ မရှိတော့ ပါဘူး။

“အနာဂတ်မှာ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ပြီး ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေအချင်းချင်းဖလှယ်တာတွေ အတိုင်းအတာတစ်ခုအထိ အားကောင်းလာမယ်ဆိုရင် မြောက်ကိုရီးယားမှာ ဗုဒ္ဓဘာသာကို ပြန်တည်ဆောက်ဖို့အတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်”လို့ ဆရာတော် ဘီအော့ပ်တာက မိန့်ကြားပါတယ်။

ထပ်ပြီးတော့လည်း “မြောက်ကိုရီးယားရဲ့ ထင်ရှားကျော်ကြားတဲ့ ဘုန်းကြီးကျောင်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ ဆရာတော် ကြိုးစားပါ့မယ်”လို့ ထပ်ပြီးမိန့်ပါတယ်။

အထူးသဖြင့် တောင်နဲ့မြောက်ကိုးရီးယားတို့က စစ်ရေးအရ၊ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်စေချင်ဘူး”လို့ ဆရာတော်က အလေးပေးမိန့်ကြားခဲ့ပြီး “မြောက်ကိုရီးယားမှာရှိတဲ့ ဆရာတော်တို့ နိုင်ငံသားတွေက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရတဲ့အတွက်ကြောင့် စားနပ်ရိက္ခာထောက်ပံ့ရေးစီမံချက်တွေ ပြန်စနိုင်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂွမ်ဂမ်းခေါက်ဆွဲစက်ရုံကို ပြန်ဖွင့်ပြီး ဆက်ပြီးရပ်တည်နိုင်အောင် လုပ်ခဲ့သလိုမျိုးပေါ့”လို့ ဆိုပါတယ်။

Jogye Order ရဲ့ ဆရာတော် ဘီအော့ပ်တာက မြောက်ကိုရီးယားကနေ ဝယ်ယူခဲ့တဲ့ ပန်းချီကားကို ရှင်းပြနေတဲ့မြင်ကွင်း

ဆရာတော် ဘီအော့ပ်တာက ၁၉၆၅ ခုနှစ်မှာ ဆုန်နီစန်းတောင်မှာရှိတဲ့ ဘီအော့ပ်ဂျူဆာ ဘုန်းကြီးကျောင်းမှာ သာသနာတွင်းကို စဝင်ခဲ့တာပါ။ သူက တောင်ကိုရီးယားနိုင်ငံ ဒုန်ဂွတ်တက္ကသိုလ်၊ အိန္ဒိယ ဒဿနိကဌာနက ပေးအပ်တဲ့ဘွဲ့ နဲ့ မဟာဘွဲ့တွေကိုလည်း ရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၁၉၉၆ ခုနှစ်မှာတော့ ဆရာတော်က အမေရိကန်နိုင်ငံ ကလေတန် တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။

ဆရာတော်ဟာ ဗီယက်နမ်စစ်ပွဲမှာလည်း ပါဝင်ခဲ့ပြီး မြင်းဖြူတပ်ဖွဲ့ကို တည်ထောင်ခဲ့သလို ခရိုင်တစ်ခုစီမှာလည်း ဗုဒ္ဓဘာသာဘုရားကျောင်း ၁၀ ကျောင်းစီလောက် တည်ထောင်ခဲ့ပါတယ်။

ဆရာတော်ရဲ့ သာသနာ့ဘောင်ထဲကျင်လည်ခဲ့တဲ့သက်တမ်းတလျှောက် Jogye Order ဗုဒ္ဓကျောင်းရဲ့ အထွေထွေရေးရာဌာနအကြီးအကဲ၊ အွန်‌ဟေးဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်နေရာအပြင် ဒုန်ဂွတ်တက္ကသိုလ်မှာရှိတဲ့ ဂျောင်းဂတ်ဗုဒ္ဓဘာသာဆိုင်ရာ စင်တာရဲ့ ဒါရိုက်တာအနေနဲ့ပါ ရာထူးပေါင်းများစွာကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ဂျို့ဂေးဂိုဏ်းရဲ့ သက်ကြီးရွယ်အိုကောင်စီမှာလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို အွန်ဟေးဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် မဟာဘုန်းတော်ကြီးဘွဲ့ ကို ရရှိခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...