ဟောင်ကောင်တရားရုံးက ဒီမိုကရေစီလှုပ်ရှားသူ ၁၄ ယောက်ကို နိုင်ငံတော် ဖျက်ဆီးမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်

International News
ဟောင်ကောင်တရားရုံးက ဒီမိုကရေစီလှုပ်ရှားသူ ၁၄ ယောက်ကို နိုင်ငံတော် ဖျက်ဆီးမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်

တရားစီရင်တဲ့ အနောက်ကောင်းလွန်တရားရုံးထဲ ဝင်ခွင့်ရဖို့ စောင့်နေကြသူတွေ

ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားရာမှာ ဦးဆောင်ကြသူ ၁၄ ယောက်ကို နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီး လုပ်မှုနဲ့ အပြစ်ရှိကြောင်း ဟောင်ကောင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ အရေး၊ ဥပဒေရေး တို့အတွက် အရေးကြီးတဲ့ အမှုကိစ္စအဖြစ် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့် နေကြပါတယ်။

အကြောင်းကတော့ တရုတ် ပြည်မကြီးအစိုးရ ဘေဂျင်းကနေ ဟောင်ကောင် အတွက် တိုက်ရိုက် ပြဋ္ဌာန်း ချမှတ်ခဲ့တဲ့ တင်းကျပ်လှတဲ့ လုံခြုံရေး ဥပဒေကို သုံးပြီး ဖမ်းဆီး တရားစွဲထားတဲ့ အမှု ဖြစ်ပါတယ်။

ဒီ ဥပဒေဟာ ဟောင်ကောင်ရဲ့ အတိုက်အခံ နိုင်ငံရေးကို လုံးဝ အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ရာ ရည်ရွယ် ပြဋ္ဌာန်းထားတာဖြစ်တယ် ဆိုပြီး ဒီမိုကရေစီလိုလား တက်ကြွ သူတွေ ဘက်က ရှုမြင်ထားပါတယ်။

အခု အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရသူတွေ အပါအဝင် လူ ပေါင်း ၄၇ ယောက်ကို ၂၀၂၁ ဟောင်ကောင်ရဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပတုန်းက တရားမဝင် ဝင်ရောက် ရွေးကောက်ခံဖို့ လုပ်ဆောင်ခဲ့လို့ ဆိုပြီး ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်မှုနဲ့ လူ ၄၇ ယောက်ကို ဖမ်းဆီးထားခဲ့

ဓာတ်ပုံ ပုံစာ,အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်မှုနဲ့ လူ ၄၇ ယောက်ကို ဖမ်းဆီးထားခဲ့
အဲဒီနောက်မှာတော့ ဘေဂျင်းရဲ့ တင်းကျပ်လှတဲ့ ဟောင်ကောင် လုံခြုံရေး ဥပဒေကို သုံးပြီး အစိုးရကို ဖြုတ်ချရန် ဥပဒေမဲ့ နည်းတွေသုံးပြီး ပူးပေါင်း ကြံစည်မှုနဲ့ တရားစွဲ ခဲ့တာ ဖြစ်ပါတယ်။

သူတို့ တပ်ခံတဲ့ ပုဒ်မနဲ့ ဆိုရင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ အခါ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ် ခံရနိုင်ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက လူသိများတဲ့ ဂျော့ရှုဝါဝေါင်းနဲ့ ဘဲန်နီတိုင်း အပါအဝင် လူ ၃၁ ယောက်က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး၊ ၂ ယောက်ကတော့ အပြစ်မရှိကြောင်း တရားရုံးဘက်က အမိန့်ချထားခဲ့ပါတယ်။

ဒါပေမယ့် ဟောင်ကောင် အစိုးရ ရှေ့နေတွေဘက်ကတော့ အဲဒီ ၂ ယောက်ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် အပေါ် အယူခံ တင်မယ် ဆိုပြီး ပြောထားပါတယ်။

အခု အခါမှာ ကျန် ၁၄ ယောက်ကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ပိုပြီးတော့တောင် တင်းကျပ်လှတဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ဆိုတာကိုတောင် အခုချိန်မှာ အသက်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဥပဒေနဲ့သာ ဆိုရင် အစိုးရ အာဏာကို အာခံဖီဆန်တဲ့ ပုံစံ အားလုံးနီးပါးဟာ တရားဝင်တော့မှာ မဟုတ်တော့ပါဘူး။

ဟောင်ကောင် လုံခြုံရေးဥပဒေအရ အစိုးရဆန့်ကျင်ရေး ပုံစံအားလုံးကို ပိတ်ပင်နိုင်

ဒါ့ကြောင့် တစ်နိုင်ငံ စနစ်နှစ်မျိုး ဆိုပြီး တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်း ဖြစ်ပေမယ့် ဒီမိုကရေစီ ဖွံ့ဖြိုး လွတ်လပ်ခဲ့တဲ့ ဟောင်ကောင်ထဲမှာ ရှိသမျှ နိုင်ငံရေး ဆိုင်ရာ လွတ်လပ်မှုနဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့် အားလုံးကို ဟောင်ကောင် အာဏာပိုင်တွေက ဆက်လက် ဖျက်သိမ်းလာဖွယ် ရှိတယ် ဆိုပြီး အကဲခတ်တွေက ပြောကြပါတယ်။

အခု တရားရုံး ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် ဟောင်ကောင် ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့သူ လက်ရှိ ပြည်ပမှာ နေထိုင်တဲ့ နေသန်လောက အခုလို ဆိုပါတယ်။

“ဟောင်ကောင်ပြည်သူတွေ အတွက် တကယ့်ကို တုန်လှုပ်ခြောက်ခြားဖို့ ကောင်းတဲ့ နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြင်ခဲ့ရတာ ဟန်ပြ တရားရုံးရဲ့ ကြားနာစီရင်မှု ဖြစ်ပါတယ်”

“အဲဒီ အမျိုးသား လုံခြုံရေး ခုံရုံး ဆိုတာ ဘေဂျင်းက စိတ်ကြိုက် ခန့်ထားတဲ့ တရားသူကြီးတွေက ဟောင်ကောင် ဒီမိုကရေစီ အရေးကို သတ်ဖြစ်ဖို့ လက်နက်သဖွယ် စီမံထားတဲ့ ဥပဒေကို သုံးပြီး စီရင်ခဲ့ကြတာ ဖြစ်တယ်” လို့ နေသန်လောက ဝေဖန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စမော်နင်း

တရုတ် ပြည်မကြီး အစိုးရကတော့ ဟောင်ကောင်တရားရုံးရဲ့ ဆုံးဖြတ်ချက် အပေါ် အပြည့်အဝ ထောက်ခံ အားပေးတယ်လို့ ဆိုပါတယ်။ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ပြောခွင့်ရ မော်နင်းက အခုလို ဆိုပါတယ်။

“ဟောင်ကောင်ဆိုတာ ဥပဒေစိုးမိုးမှု ရှိတဲ့ လူ့ဘောင်တစ်ရပ် ဖြစ်ပါတယ်။ ဒီတော့ ဥပဒေတွေကို လိုက်နာရမယ် ဆိုတဲ့ အခြေခံ အကျဆုံး ကျင့်ဝတ် ဖြစ်ပြီး၊ ဖောက်ဖျက်သူတွေဟာ အရေးယူခံရမှာ ဖြစ်ပါတယ်”

“ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ဥပဒေမဲ့ ပြုမူကျင့်ကြံလို့ မရနိုင်ပါဘူး။ ဗဟိုအစိုးရအနေနဲ့ ဟောင်ကောင် တရားစီရင်ရေးနဲ့ ရဲဌာနတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာတို့ အပေါ် ခိုင်ခိုင်မာမာ အပြည့်အဝ ထောက်ခံမှုပေးပြီး၊ ဥပဒေနဲ့အညီ သူတို့ ဆောင်ရွက်တာတွေ အပေါ်မှာလည်း ထောက်ခံအားပေးပါတယ်” လို့ မစ္စမော်နင်း ပြောသွားတာပါ။

အခုအမှုထဲမှာ ပါသူတွေ အများစုဟာ ၂၀၂၁ နှစ်ဆန်းကတည်းက ဖမ်းခံထားရသူ ဖြစ်ပေမဲ့ တရားရုံး ကြားနာစစ်ဆေးတာတွေကိုတော့ ၂၀၂၃ မှ စတင် လာခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...