နွေအပူ၊ မီးအပျက်နဲ့ အသက်ဆက်နိုင်ဖို့ ကြိုးစားနေကြရသူတွေ
ရန်ကုန်မြို့ရဲ့ မီးပြတ်ည
မန္တလေးမြို့ရဲ့ နွေအပူဟာ နေ့အပူချိန်လည်း မြင့်နေသလို ညအပူချိန်လည်း ထူးထူးခြားခြား လျော့မသွားဘူးလို့ ကိုယ်ဝန်ကိုးလထဲရောက်နေတဲ့ မနှင်းမှတ်ယူမိနေတယ်။
မိုးလင်းလို့ အိပ်ရာထတာနဲ့ အိပ်ရာထဲမှာ အရာထင်ကျန်နေတဲ့ ချွေးကွက်ကိုကြည့်မိသလို ကိုယ်ပေါ်မှာ ရွှဲနေတဲ့ချွေးတွေကြောင့် အရင်ဆုံး အဝတ်လဲဖို့ လုပ်ရပါတယ်။
ကိုယ်ဝန်ကြောင့် အထိုင်အထ လေးပင်နေတာကြောင့် အားစိုက်ထရတဲ့အချိန်မှာလည်း အပူရှိန်တွေကြောင့် ချွေးတွေ ပိုထွက်လာတယ်လို့ သူခံစားနေရပါတယ်။
မီးလာရင်တော့ လေအေးပေးစက်ကြောင့် အပူသက်သာပေမဲ့ တစ်ရက်မှာ ဘယ်နှကြိမ်မှန်းမသိ ပျက်နေတဲ့မီးကိုလည်း စိတ်ပျက်မိတယ်လို့ မနှင်းက ပြောပါတယ်။
“လျှပ်စစ်မီးက တခါတလေ နှစ်မိနစ်လာတယ်။ တခါတလေ တစ်နာရီ၊ နှစ်နာရီ၊ တခါတလေ ၁၅ မိနစ်ဆိုတော့ ခဏခဏ မီးလာတယ်ပြောရမလားပဲ”လို့ အရွှန်းဖောက်သလိုနဲ့ ဟာသနှောရင်း ပြောပြပါတယ်။
ကိုယ်ဝန်တဖက်နဲ့ ဈေးရောင်းရသူမို့ သူ့ဘေးနားမှာ သောက်ရေ၊ ဓာတ်ဆား၊ အားဖြည့်အချိုရည်တွေကို ထားထားရပါတယ်။
“ထိုင်တဲ့နေရာက ထလိုက်တာနဲ့ ကြမ်းပြင်မှာ ချွေးတွေအကွက်လိုက်၊ လှဲနေရာကနေ ထလိုက်ရင်လည်း ချွေးတွေအကွက်လိုက်ပဲ”လို့ မနှင်းပြောပါတယ်။
အချိန်တိုင်းချွေးတွေထွက်နေတာကြောင့် လဲဖို့အဝတ်ကိုလည်း အနားမှာအသင့်ပြင်ထားပါတယ်။
နွေအပူကို ကာကွယ်နိုင်တဲ့ သစ်ပင်တွေ ရှားပါးတဲ့ သူ့ပတ်ဝန်းကျင်မှာ သာမာန်လူတွေထက် အပူပိုခံစားရတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ လျှပ်စစ်မီးလေး လာရင်တော့ အသက်ဝဝရှုလို့ရသလို ရှိနေပေမဲ့ ဘယ်အချိန် မီးပြန်ပျက်မလဲဆိုတာကို ထပ်ပြီး စိုးရိမ်ရပြန်ပါတယ်။
“ကိုယ့်အသက်ကို ဖက်နဲ့ထုတ်ထားရသလိုပဲ။ ဒီအပူချိန်ကြီးနဲ့က အခန့်မသင့်ရင် တခုခု ဖြစ်သွားနိုင်တယ်”လို့ သူရဲ့စိုးရိမ်ပူပန်နေတဲ့အသံကို ကြားလိုက်ရပါတယ်။
ရန်ကုန်မြို့ရဲ့ ဒစ္စကို လျှပ်စစ်မီးနဲ့ မြို့ပြတိုက်ခန်းတွေ
နွေအပူကို အံတုသွားလာနေကြသူတွေ
ရန်ကုန်မြို့မှာ မီးလာချိန် ၄ နာရီ မီးပျက်ချိန် ၄ နာရီ ဆိုပြီး အလှည့်ကျ မီးပေးစနစ်အရဆိုရင် တစ်ရက်မှာ မီးလာချိန်ဟာ ၁၂ နာရီ နာရီရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ လျှပ်စစ်မီးပြတ်တောက်ချိန်ဟာ တစ်နာရီခြား တစ်ခါနီးပါး ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“သုံးမိနစ် ရေနွေးအိုးတောင် မကျက်လိုက်ဘူး မီးပြတ်သွားပြီ”လို့ မီးလာချိန်စောင့်ပြီး ဟင်းချက်ဖို့ ပြင်နေရင်း ပြန်ပြတ်သွားတာကို ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ လူနေထိုင်တာ များလာတာကြောင့် အထပ်မြင့်တိုက်တွေ များလာတဲ့ နေထိုင်မှုစနစ်မှာ တိုက်တစ်တိုက်နဲ့ တစ်တိုက်ကြား လူသွားလို့မရအောင် ကပ်ပြီးဆောက်ထားကြတာတွေ များပါတယ်။
လေဝင်လေထွက်နည်းပြီး အခန်းကျဉ်းတဲ့တိုက်ခန်းတွေမှာဆိုရင် မီးပြတ်ချိန်ဟာ ငရဲတစ်ခုနီးပါးလို့တောင် ခိုင်းနှိုင်းချင်တယ်လို့ လှိုင်မြို့နယ် နေထိုင်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“မီးလာလိုက် ရေလေးတင်မယ်လုပ်လိုက်၊ ထမင်းလေးချက်မယ်ပြင်လိုက်နဲ့ မီးကပြန်ပြတ်သွားရော၊ ထမင်းချက်ချိန်မရလို့ ဝယ်စားရတဲ့ရက်တွေလည်း ပိုများလာတယ်။ တခါတလေ မီးလာလိုက် ပြတ်လိုက်ဖြစ်တာက မိနစ်ပိုင်းလောက်ဆိုတော့ ဒစ္စကိုညတွေတောင်ဖြစ်လို့၊ ဒစ္စကိုညဆိုပေမဲ့ တီးလုံးက ယပ်တောင်ခတ်တဲ့အသံနဲ့ သီချင်းအစား ပူလိုက်တာလို့ ညည်းသံပဲရှိတယ်ဗျ”လို့ ပြောပါတယ်။
ညဘက် အိပ်ရာဝင်တဲ့အချိန် မီးလာတာကြောင့် လေအေးပေးစက်ဖွင့်ပြီး အိပ်ပျော်သွားချိန်မှာ မီးပြတ်တောက်သွားပြန်တဲ့အခါ အခန်းတွင်းအပူချိန် ပြန်တက်လာပြီး အောင်းထားတဲ့ အပူတွေကြောင့် တိုက်ခန်းတွင်းနေထိုင်သူတွေမှာ အပူလျှပ်သလို ခံစားရပြီး ကျန်းမာရေးတွေ ထိခိုက်လာတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့တွင်း မြို့နယ်အားလုံးလိုလိုမှာ တစ်နေ့ကို လျှပ်စစ်မီးပြတ်တောက်ချိန် ၁၆ နာရီ ကနေ နာရီ ၂၀ ခန့်ရှိပြီး လျှပ်စစ်မီးလာချိန်က တစ်နေ့ကို ပျှမ်းမျှ ၄ နာရီထက်မပိုဘူးလို့ ရန်ကုန်မြို့ခံ တွေက ဘီဘီစီ ကိုပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာလည်း လျှပ်စစ်မီးပြတ်တောက်တာတွေရှိနေတယ်လို့ ဆေးရုံတက်ရောက်နေသူတွေရဲ့ မိသားစု၀င်တွေဆီကနေသိရပါတယ်။
ရန်ကင်းမြို့နယ်ဘက်မှာတော့ တစ်ရက်ကို မီးလာချိန် ၁၀ နာရီ၀န်းကျင် ရှိပေမဲ့ ဘယ်အချိန်မီးလာမယ် ဘယ်အချိန်မီးပြန်ပျက်မယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိတော့ဘူးလို့ ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန်ဘက်မှာတော့ တစ်ရက်ကို မီးလာချိန် ၄ နာရီပဲ ရှိတယ်လို့ စက်ရုံပိုင်ရှင်အချို့ကလည်း ပြောပါတယ်။
သင်္ကန်းကျွန်းမြို့နယ် မှာ နေထိုင်သူ တစ်ယောက်ကတော့ “ကွန်ဒိုမှာ မီးစက်မောင်းရတဲ့ ဆီဖိုးက တစ်လကို သိန်း ၅၅၀ ကျော်ကုန်တယ်။ တစ်ရက်ကို ၁၅ နာရီလောက်အနည်းဆုံး မီးပျက်နေတာ” လို့ ဘီဘီစီ ကိုပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတစ်ယောက်ကလည်း နေ့ဘက်ကို ၄ နာရီခြားလောက် မီးလာနေတာကနေ အခု မီးလာရမယ့်အချိန်တွေမှာပါ မီးပိုပျက်လာတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
စစ်ကောင်စီ ရဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန ကတော့ နေ့စဥ်နီးပါး လျှပ်စစ်မီးပြတ်တောက်မယ့် အကြောင်းကို အကြောင်းရင်းမျိုးစုံနဲ့ ထုတ်ပြန်ထားသလို ဓာတ်အားလျှော့ပေးမယ်လို့ ထုတ်ပြန်ပါတယ်။
လျှပ်စစ်မီးပြတ်တောက်ချိန်ပိုများလာတာတွေကြောင့် ရန်ကုန်က တိုက်ခန်းတွေမှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အို အပူလွန်ကဲ၊ အပူလျှပ်တဲ့ ရောဂါတွေခံစားနေကြရတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် မန္တလေးနဲ့ ရန်ကုန်မှာ နာရီဆယ်နဲ့ချီမက လျှပ်စစ်မီးပြတ်တောက်တာတွေရှိနေပြီး တစ်နေ့ လုံးကိုမှ လျှပ်စစ်မီးလာချိန်က ၄ နာရီလောက်သာ ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအသုံးစရိတ်ကို တိုးမြှင့်ထားပြီး ဒေသအလိုက်မှာ ရေအားလျှပ်စစ် အသေးစားစီမံကိန်းတွေ ၊ ကျောက်မီးသွေးသုံးလျှပ်စစ်တွေနဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွေကိုလည်း ဆောင်ရွက်မှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ မတ် မှာ ပြောခဲ့ပါတယ်။
အလုပ်ပါးချိန်မှာ အရိပ်အောက်မှာနားနေတဲ့ အနှေးယာဉ်လုပ်သား
ဓာတ်ပုံ ပုံစာ,အလုပ်ပါးချိန်မှာ အရိပ်အောက်မှာနားနေတဲ့ အနှေးယာဉ်လုပ်သား
နေ့အပူချိန် မြင့်တက်နေတဲ့ ဒီတနွေလုံးမှာ နေရာဒေသအလိုက် အပူလျှပ်ပြီး ဆေးရုံရောက်တာတွေ၊ သေဆုံးတာတွေကိုလည်း လူမှုကွန်ရက်တွေမှာ မကြာခဏ တွေ့လာရပါတယ်။
နိုင်ငံတဝန်းလုံးမှာ ဆက်တိုက်တက်နေတဲ့ နေ့အပူချိန်တွေကြောင့် မတ် ကနေ ဧပြီလကုန်အထိ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ လူရာနဲ့ချီ သေဆုံးတာတွေရှိတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။
နေ့အပူချိန်တွေဟာ အနည်းဆုံး ၄၀ ကျော်ကနေ ၄၈ အထိ မြင့်တက်နေတာဖြစ်ပါတယ်။
ဒီလိုအပူချိန်တွေ မြင့်တက်လာတာကြောင့် နာတာရှည်ရောဂါရှိတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် ပိုပြီး ကျန်းမာရေးအန္တရာယ်ပိုကြီးလာပါတယ်။
ဒီရာသီဥတုနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ကုသမရနိုင်သော နောက်ခံရောဂါ လို့ ခေါ်ကြတဲ့ (Underlying Disease) ဝေဒနာရှင်တွေအတွက် အခက်အခဲတွေရှိလာပါတယ်။
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးကတော့ အသက် ၇၀ ဝန်းကျင် ဖခင်နဲ့မိခင်မှာ သွေးတိုး၊ ဆီးချို၊ နှလုံး ဝေဒနာတွေရှိတာကြောင့် မီးပျက်ပြီးအပူမလျော့တဲ့ ဒီကာလမှာပို ဂရုစိုက်နေရတယ်လို့ ပြောပါတယ်။
“ဝေဒနာအရ မဟုတ်ရင်တောင် အဖေက ဝိတ်များတာရယ်၊ လေဖြတ်ဖူးတာရယ်၊ သွေးတိုးရှိတာရယ်ကြောင့်မို့လို့ တအားပူအိုက်၊ ချွေးထွက်တဲ့ အခါ စိုးရိမ်ရတာပေါ့။ ချွေးအရမ်းထွက်ရင် ဓါတ်ဆားလည်း သောက်လို့မရတဲ့လူဆိုတော့ အေးအေးလေး နေရရင်တော့ ကောင်းတာပေါ့ နော်။ လက်ရှိက ရာသီဥတုက အရမ်းပူတာကိုမှ မီးတအားပျက်တဲ့ မြောက်ဒဂုံမှာနေတော့ အဓိက က ကောင်းကောင်း မအိပ်ရတာပေါ့။ နေ့ခင်းတွေဆိုလည်း ချွေးတလုံးလုံးနဲ့ နေရ။ လေအေးပေးစက် ( air cooler) အားသွင်းပန်ကာတွေနဲ့ နေရပေမယ့် ချွေးအအေးပြန်ပတ်မှာကြောက်နေရ။ ညဆို မီးမလာတော့ လူကြီးတွေက အရမ်းပူတော့ အိပ်မရ။ အသက် ၇၀ ဆိုတဲ့ အရွယ်မှာ အိပ်ရေးပျက်တာ များနေရတော့ မကောင်းတာတော့ အမှန်ပဲ” လို့ မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အဲဒီ အမျိုးသမီးကပြောပါတယ်။
ဒါ့ကြောင့် နေ့ခင်းဘက်တွေမှာ လူကြီးတွေကို အပြင်ခေါ်ပြီး လေအေးပေးစက်ရတဲ့ ကော်ဖီဆိုင်တွေ၊ ဈေးဝင်စင်တာတွေကို ခေါ်သွားပေမဲ့ ညဘက်မှာတော့ ဘယ်မှခေါ်သွားလို့မရတာကြောင့် ညဘက်တွေမှာ အပူချိန်ဒဏ်ကို ပိုခံရတယ်လို့ ပြောပါတယ်။
“အမေဆို အခု နှလုံးခုန်နှုန်းမမှန်လို့ ဆေးခန်းပြန်ပြနေရတယ်။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာတွေနဲ့လည်း ဆိုင်မလားမသိဘူး။ ကိုယ်တွေတောင် ၂ ညဆက်လောက် ကောင်းကောင်း မအိပ်ရရင် ခေါင်းတွေ နောက်တာဆိုတော့ လူကြီးတွေလည်း နေရတာတော့ ကောင်းမနေဘူးပေါ့”လို့ ဆက်ပြောပါတယ်။
ညဘက်တွေအိပ်ရေးမဝတဲ့အခါ နေ့ဘက်အလုပ်ချိန်တွေမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်တာတွေ၊ စိတ်မကြည်တာတွေ၊ ခေါင်းမူးတာတွေကြောင့် စိတ်ရှုပ်ထွေးလာတဲ့အတွက် လုပ်ငန်းခွင်မှာပါ ထိခိုက်လာတာတွေရှိတယ်လို့ အသက် ၄၀ ဝန်းကျင်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
“နေကပူ၊ မီးကပျက်၊ ကွန်ပြူတာတွေက အားမရှိ၊ ထမင်းကဆာ၊ ရေအပြည့်တင်ဖို့တောင် မီးကမလာတော့ ရေကလည်းမရနဲ့ တကယ်စိတ်ရှုပ်စရာဗျာ။ တကယ်အကျိုးနည်းဘဝကြီး”လို့ ရန်ကုန်မြို့ခံ အမျိုးသားက ပြောပါတယ်။
အခုချိန်မှာ ညဘက်အိပ်ရေးတွေပြတ်တာ၊ နေ့ဘက်နေအပူမှာ သွားလာကြရင်း ရုတ်တရက် သေဆုံးတာတွေရှိလာတာကြောင့် ကိုယ်ကိုယ်တိုင်သာမက မိသားစုအတွက်ပါ စိုးရိမ်နေကြရပါတယ်။
မန္တလေးမြို့က ကိုယ်ဝန်ဆောင် မနှင်းကတော့ သူ့ကိုယ်သူအတွက် နောက်အပတ်မှာမွေးတော့မယ့် ကလေးငယ်အတွက် ၊ မိဘတွေအတွက် မီးပျက်၊ အပူချိန်တက်နေတဲ့ အခုကာလကြီးမှာ ကျန်းမာရေးထိခိုက်မှာကို စိတ်ပူနေတယ်လို့ သူက ပြောပါတယ်။
“ဖြစ်လာရင် ဘယ်သူ့ကိုအားကိုးမလဲ၊ ဆေးရုံဆေးခန်းဆိုတာတွေကလည်း ဝန်ထမ်းနဲ့လူနာ မမျှလို့ မနိုင်မနင်းဖြစ်နေတာ၊ ပုဂ္ဂလိကဆေးရုံဆိုလည်း ကိုယ်တွေမတတ်နိုင်ဘူး။ နေ့ရော ညပါ အပြင်ကအပူနဲ့ ရင်ထဲက သောကနဲ့ နေ့တိုင်းကျော်ဖြတ်နေရတယ်”လို့ ကိုယ်ဝန်ဆောင်မနှင်းက ပြောပြနေတုန်းမှာပဲ မီပျက်သွားလို့ စကားစလည်းပြတ်သွားပါတော့တယ်။
ရေးသားသူ – BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။