ဒေါ်လာ၊ ရွှေဈေးနှုန်းတွေ ဘာကြောင့်တရှိန်ထိုးတက်လာရတာလဲ

Local News
ဒေါ်လာ၊ ရွှေဈေးနှုန်းတွေ ဘာကြောင့်တရှိန်ထိုးတက်လာရတာလဲ

ဆယ်ရက်အတွင်း မြန်မာ့ရွှေဈေး ငွေကျပ် ၁၀ သိန်းနီးပါးခုန်တက်လာပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေလည်း နာရီနဲ့အမျှ တရိပ်ရိပ်ထိုးတက်လာနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်၊ စောင့်ကြည့်လေ့လာသူတွေနဲ့ ဆက်သွယ်မေးမြန်းပြီးတဲ့နောက် အခုလိုစံချိန်တင် ဈေးနှုန်းမြင့်တက်ရတဲ့ အကြောင်းအရင်း (၃) ချက်ကို တွေ့ရှိရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာနဲ့ ကုန်သွယ်ရေးမူဝါဒ မတည်ငြိမ်တာကြောင့်ပါ။

“စကားတစ်ခွန်းတည်းနဲ့ပြောရရင် နိုင်ငံရေးပဲဗျ” လို့ စီးပွားရေးရပ်နားထားရသလို စစ်ဘေးရှောင်နေရတဲ့ မြဝတီကုန်သည်တစ်ဦးက ပြောပါတယ်။

နိုင်ငံခြားငွေတက်လာစေတဲ့ အကြောင်းအရာ

စစ်ကောင်စီတပ်အောက် စစ်မှုမထမ်းလိုတဲ့ လူငယ်အလုံးအရင်းအလိုက် နိုင်ငံခြားထွက်ဖို့ကြိုးစားတဲ့အခါ နိုင်ငံခြားငွေလိုအပ်ချက်များလာပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းချေငွေစာရင်း တင်ပြတဲ့ အစည်းအဝေးမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမယ့်စရိတ်ဟာ လိုငွေပြစေတဲ့ အချက်တစ်ချက် ဖြစ်တဲ့အကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဥပဒေဟာ အခုလို နိုင်ငံခြားငွေ ဈေးတက်လာစေတဲ့အဓိကအချက်တစ်ချက် ဖြစ်လာတယ်လို့ မြန်မာ့စီးပွားရေးစောင့်ကြည့်သူတွေက ဝေဖန်ထားပါတယ်။

တဖက်မှာတော့ မြန်မာရဲ့ နိုင်ငံခြားငွေရရှိတဲ့ပို့ကုန်လုပ်ငန်းသာမက သွင်းကုန်လုပ်ငန်းတွေပါ ရာခိုင်နှုန်းပြည့် နီးပါးရပ်ဆိုင်းနေပါတယ်။

“စစ်မြေပြင်ဧရိယာများလာတာနဲ့ နယ်စပ်ကုန်သွယ်ရေးရပ်နေတာကလည်း နိုင်ငံခြားငွေလဲနှုန်းတက်လာ စေတဲ့အကြောင်းအရင်းတွေပဲ” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးသွားလာဖို့ အရေးပါတဲ့မြို့ကြီးတွေကို တိုင်းရင်းသားတော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တာကြောင့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါးဖြစ်နေပါတယ်။

မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ပမာဏအများဆုံးဖြစ်တဲ့ ထိုင်း – မြန်မာနယ်စပ်မှာလည်း မြဝတီတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ကုန်သွယ်ရေးရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ လည်ပတ်နိုင်တဲ့အခြေအနေလို့ ကုန်သည်တွေဆီက သိရပါတယ်။

“နယ်စပ်ကုန်သွယ်ရေးရပ်လို့ ဘယ်လောက်ဆုံးရှုံးနေလဲဆိုတာ မစာမနာမေးသလိုတောင်ဖြစ်နေပြီ။ အကုန်ဘဝပျက်နေပြီ” လို့ မြဝတီကုန်သည်တစ်ဦးက သူရင်ဆိုင်နေရတဲ့လက်ရှိအခြေအနေကို ပြောပြပါတယ်။

အခုရက်ပိုင်းရာသီဥတုကြောင့် မြဝတီ အတက်/အဆင်းလမ်းတွေ ယာဥ်အသွားအလာရပ်ထားရ

အခုလို စစ်မြေပြင်ကျယ်ပြန့်လာတာနဲ့အတူ နယ်စပ်ကုန်သွယ်ရေးရပ်တန့်တာနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကနေ နိုင်ငံခြားငွေ မရရှိတော့တာဟာ ဈေးကွက်အတွင်းဒေါ်လာ ခမ်းခြောက်မှုဖြစ်စေတယ်လို့ ဗဟိုဘဏ်လုပ်ထုံးလုပ်နည်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။

နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်းတရိပ်ရိပ်တက်လာစေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဈေးကွက်စီးပွားရေးကို ဆန့်ကျင်တဲ့ မူဝါဒတွေ ချမှတ်တာကြောင့်ပဲဖြစ်ပါတယ်။

“ကုန်သွယ်ရေးလမ်းကြောင်းမပွင့်တာ၊ ၆၅ – ၃၅ လိုမျိုး ကုန်သွယ်ရေးပေါ်လစီတွေ။ ပြီးတော့ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လုပ်တဲ့ ဗဟိုဘဏ် ပေါ်လစီတွေကြောင့် ကုန်သွယ်ရေးမလုပ်ချင်တော့ဘူး” လို့ နှစ်ပေါင်း (၃၀)ကျော် ကုန်သည်အဖြစ်ရပ်တည်လာတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နောက်ဆုံးသတ်မှတ်ချက်အရ တင်ပို့ကုန်က ရငွေ (Export Money)ကို ပြည်တွင်း ဘဏ်တခုခုမှာ အပ်ရပြီး အပ်တဲ့ငွေ ၆၅% က ဗဟိုဘဏ်အဆို တရားဝင်စျေး တဒေါ်လာ ၂,၁၀၀ ကျပ်စျေးနဲ့ လဲလှယ်ရပါတယ်။ ကျန်တဲ့ ၃၅% ကို Online Trading စနစ် နဲ့ ဗဟိုဘဏ်ကပဲသတ်မှတ်တဲ့ နောက်ထပ်သတ်မှတ်ဈေးနဲ့ပဲ လွှဲပြောင်းရမှာပါ။

“ပေါ်လစီအမျိုးမျိုးပြောင်းလဲတာက ဈေးကွက်တည်ငြိမ်မှုမရှိတော့ စိုးရိမ်စိတ်ဖြစ်လာပြီး ခိုင်မာတဲ့ ဒေါ်လာ ၊ ရွှေဝယ်ယူမှု မြင့်တက်လာတာပါ” လို့ နိုင်ငံခြား‌ငွေဈေးမြင့်တက်လာရတဲ့ တိုက်ရိုက်သက်ရောက်မှုတွေထဲက တစ်ခုအကြောင်း ဗဟိုဘဏ် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကျွမ်းကျင်သူက ပြောပါတယ်။

အခုနှစ်မေလ စံချိန်တင်ဈေးနှုန်းတွေတက်လာတာမှာတော့ စိုးရိမ်စိတ်နဲ့ ရွှေကို အလုအယက်ဝယ်ယူ တာမျိုးကြောင့် မဟုတ်ဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် အဓိကဈေးတက်တာလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

“ဈေးသာတက်နေတာ ရွှေအရောင်းအဝယ်ကိုမဖြစ်နေဘူး” လို့ မြန်မာရွှေလုပ်ငန်းရှင်အသင်းက ရေါှကုန်သည်တစ်ဦးက ပြောပါတယ်။

“မြန်မာ့‌‌ရွှေဈေးကိုတွက်ရင် အမေရိကန်ဒေါ်လာဈေးနဲ့တွက်တာမှာ ဗဟိုဘဏ်ပေါက်ဈေးက တစ်ဒေါ်လာကို ၂,၁၀၀ ပဲရှိတော့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းဈေးက တစ်ကျပ်သားကို ၃၉ သိန်းစွန်းစွန်းပဲရှိနေတာ .. အပြင်ဈေးက သိန်း ၅၀ ကျော်နေပြီ” လို့ ထုတ်ပြန်ဈေး နဲ့ ပေါက်ဈေးကွာဟနေရတဲ့အကြောင်းအရင်းကို ‌သူက ဆက်ရှင်းပြပါတယ်။

နာရီပိုင်းအတွင်း တရိပ်ရိပ်ဈေးတက်နေခဲ့ပြီး မေလ ၂၉ ရက် အတွက် ၁၆ ပဲရည် ဈေးကွက်ပိတ်ဈေးဟာ ၅၆ သိန်း ၈ ‌သောင်းအထိ ရှိခဲ့ပါတယ်။

အဆမတန် ငွေကြေးဖောင်းပွလာမှာကို စိုးရိမ်

နိုင်ငံခြားငွေဈေး၊ ‌ရွှေဈေးဆက်တိုက်တက်နေတာကို အချိန်မီမကုစားနိုင်ရင် အဆမတန်ငွေ ကြေးဖောင်းပွ လာမှာကို စိုးရိမ်တယ်လို့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာနေတဲ့ Data for Myanmar က တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဈေးကွက်စီးပွားရေးစံချိန်စံညွှန်းတွေနဲ့ သွေဖယ်ပြီး တင်းကျပ်တဲ့မူဝါဒတွေကြောင့် စစ်ကောင်စီနဲ့ ဗဟိုဘဏ် အပေါ် ယုံကြည်မှုကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုဖြစ်လာမယ်လို့ ပြည်သူတွေက စိုးရိမ်ကြပါတယ်။

ဒီလို ငွေကြေးဖောင်းပွလာမလားဆိုပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုကလည်း အမှန်တကယ်ငွေကြေးပမာဏ နဲ့ လဲလှယ်နှုန်းတွေအပေါ် သက်ရောက်မှုရှိလာတာကြောင့်ပါ။

“ပြည်ထောင်စုရဲ့ လိုငွေပြတာပိုများလာချိန် စစ်အသုံးစရိတ်ပိုများလာပြီး ဒီအတွက် ငွေကြေးရိုက် ထုတ်ဖြည့်ဆည်းတာကလည်း ငွေကြေးဖောင်းပွမှုဖြစ်လာစေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုပဲ” လို့ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းကျွမ်းကျင်သူက ရှင်းပြပါတယ်။

အကျိုးအမြတ်ရတဲ့ရင်းနှီးမြှုပ်နှံမှုမဟုတ်ဘဲ စစ်အသုံးစရိတ်ကို ပိုပြီးသုံးစွဲတာဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် အထောက်အကူမဖြစ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းထုတ်ပြန်တဲ့ ဘဏ္ဍာရေးနှစ်အရ အသုံးငွေစာရင်းတွေမှာ ကာကွယ်ရေးစရိတ်က အမြင့်ဆုံးဆက်တိုက်ဖြစ်ခဲ့ပြီး ၂၀၂၃ – ၂၀၂၄ အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ အသုံးပြုမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ထူးထူးခြားခြားတာကတော့ ၂၀၂၄ – ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုငွေစာရင်းကို စစ်ကောင်စီ မထုတ်ပြန်ခဲ့ပါဘူး။

မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပါဝင်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံး အမှတ် (၃) ဝန်ကြီးဦးအောင်နိုင်ဦးလည်း အခုရက်ပိုင်းအတွင်း အနားပေးခံရပါတယ်

“စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တင်ပြတဲ့သူတွေလည်း အနားပေးခံရတော့ ပိုဆိုးမယ်လို့ပဲ ကျွန်တော်တို့ အားလုံးတွက်ဆထားတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါဟာ မြန်မာ့စီးပွားရေး နဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပါဝင်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးအမှတ် (၃) ဝန်ကြီးဦးအောင်နိုင်ဦးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း တို့ မေလ ၂၇ ရက်မှာ အနားပေးခံရတာကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။

“ဒေါ်လာဆို ၅၀၀၀ ၊ ရွှေဈေးဆို သိန်း ၆၀ လောက်အထိ တက်လာမယ်မှန်းထားတယ်။ ဒီဈေးနှုန်းတွေပြန် ကျနိုင်မယ့် အလားအလာမရှိပါဘူး” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ မူဝါဒအပြောင်းအလဲမလုပ်ရင် တနည်းအားဖြင့် စီးပွားရေးထွက်ပေါက်မရှိရင် ‌ဈေးနှုန်းတွေက ဆက်မြင့်တက်နေမှာလို့ ယုံကြည်ထားကြတာပါ။

“ဖမ်းဆီးအရေးယူပြီးတော့ ဈေးကွက်ကို ထိန်းကျောင်းတာထက် ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး တုန့်ပြန်ဆောင်ရွက်သင့်ပါတယ်။ စိုးရိမ်မှုတွေ လျော့ကျအောင် လုပ်ရပါမယ်” လို့ Data for Myanmar က တာဝန်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ဒိုင်ဗင်ထိုးကျဆင်းနေတဲ့ မြန်မာ့ငွေဈေးအတွက် ဘာလုပ်သင့်လဲ

“နိုင်ငံခြားငွေပေါ်လစီတစ်ခုပြောင်းလဲချမှတ်ဖို့လိုနေတယ်” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပြောဆို ပါတယ်။

နိုင်ငံခြားငွေကို နှုန်းသေစနစ် (Fixed exchange rate regime) နဲ့ အမေရိကန်‌ဒေါ်လာငွေကိုထိန်းချုပ်ဖို့ ၂၀၂၃ ခုနှစ် ဇွန်လ က ဗဟိုဘဏ်ကစတင်ကျင့်သုံးတဲ့ Online Trading စနစ်တွေကို ပြုပြင်ရေးလုပ်သင့်တယ်လို့ ထောက်ပြကြတာပါ။

ဗဟိုဘဏ်လုပ်ထုံးလုပ်နည်းဆိုင်ရာကျွန်းကျင်သူရဲ့ အမြင်အရ နှုန်းရှင်စနစ်(Managed float)ကို ပြောင်းလဲသင့်သလို နိုင်ငံခြားငွေကြေးကိုလည်း ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားနဲ့အညီ ဘဏ်တွေကို ရောင်းဝယ်ခွင့်ပေးသင့်တယ်လို့ ဆိုပါတယ်။

“နဝတ၊ နအဖ ခေတ်ရော ဦးသိန်းစိန်၊ NLD လက်ထက်ရော တောက်လျှောက် စီးပွားရေးပဲလုပ်လာတာဗျ။ တစ်ခုခုဆို ထွက်ပေါက်ရှိသေးတယ်။ အခုကထွက်ပေါက်ကိုမရှိဘူး” လို့ ဝါရင့်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက နှိုင်းယှဉ်ပြောပြပါတယ်။

ဘီဘီစီမေးမြန်းခွင့်ရခဲ့တဲ့ ရွှေလုပ်ငန်းရှင်တွေရော ကုန်သည်တွေပါ အခုလိုမြင့်တက်လာတဲ့ ငွေလဲလှယ်ဈေး၊ ရွှေဈေးတွေကြား အတတ်နိုင်ဆုံးတောင့်ခံထားမယ်လို့ ဖြေဆိုကြပါတယ်။

ရေးသားသူ –BBC BUrmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...