ရန်ကုန်နဲ့ မန္တလေးမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ၁၆ နာရီထက်မနည်းရှိပြီး လုံးဝမီးမရသလောက်ဖြစ်နေ

Local News
ရန်ကုန်နဲ့ မန္တလေးမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ၁၆ နာရီထက်မနည်းရှိပြီး လုံးဝမီးမရသလောက်ဖြစ်နေ

ရန်ကုန်မြို့တွင်း မြို့နယ်အားလုံးလိုလိုမှာ တစ်‌နေ့ကို လျှပ်စစ်မီးပြတ်တောက်ချိန် ၁၆ နာရီ ကနေ နာရီ ၂၀ ခန့်ရှိပြီး လျှပ်စစ်မီးလာချိန်က တစ်နေ့ကို ပျှမ်းမျှ ၄ နာရီထက်မပိုဘူးလို့ ရန်ကုန်‌မြို့ခံ တွေကပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာလည်း လျှပ်စစ်မီးပြတ်တောက်တာတွေရှိနေတယ်လို့ ဆေးရုံတက်ရောက်နေသူတွေရဲ့ မိသားစု၀င်တွေဆီကနေသိရပါတယ်။ ရန်ကင်းမြို့နယ်ဘက်မှာတော့ တစ်ရက်ကို မီးလာချိန် ၁၀ နာရီ၀န်းကျင် ရှိပေမဲ့ ဘယ်အချိန်မီးလာမယ် ဘယ်အချိန်မီးပြန်ပျက်မယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိတော့ဘူးလို့ ‌ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန်ဘက်မှာတော့ တစ်ရက်ကို မီးလာချိန် ၄ နာရီပဲ ရှိတယ်လို့ စက်ရုံပိုင်ရှင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ် မှာ နေထိုင်သူ တစ်ဦးကတော့ “ကွန်ဒိုမှာ မီးစက်မောင်းရတဲ့ ဆီဖိုးက တစ်လကို သိန်း ၅၅၀ ကျော်ကုန်တယ်။ တစ်ရက်ကို ၁၅ နာရီလောက်အနည်းဆုံး မီးပျက်နေတာ” လို့ ဘီဘီစီ ကိုပြောပါတယ်။ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း နေ့ဘက်ကို ၄ နာရီခြားလောက် မီးလာနေတာကနေ အခု မီးလာရမယ့်အချိန်တွေမှာပါ မီးပိုပျက်လာတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ ရဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန ကတော့ ဒီကနေ့ မေလ ၁၇ ရက် နံနက် ၄ နာရီကျော်ထဲက လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ထုတ်ပြန်ထားသလို ပြီးခဲ့ ၁၆ ရက်နဲ့ ၁၅ ရက်နေ့တွေမှာလည်း ဓာတ်အားလျှော့ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လျှပ်စစ်မီးပြတ်တောက်ချိန်ပိုများလာတာတွေကြောင့် ရန်ကုန်က တိုက်ခန်းတွေမှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အို အပူလွန်ကဲ၊ အပူလျှပ်တဲ့ ရောဂါတွေခံစားနေကြရတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ‌ပြောပါတယ်။ ဒါအပြင် မန္တလေးမြို့မှာလည်း နာရီဆယ်နဲ့ချီမက လျှပ်စစ်မီး‌ပြတ်တောက်တာတွေရှိနေပြီး တစ်နေ့ လုံးကိုမှ လျှပ်စစ်မီးလာချိန်က ၄ နာရီလောက်သာ ရှိတယ်လို့ မန္တလေးမြို့ခံတချို့ကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...