အမျိုးသားတွေ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့် စစ်ကောင်စီပိတ်ပင်

Local News
အမျိုးသားတွေ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့် စစ်ကောင်စီပိတ်ပင်

ပြည်တွင်းမှာရှိနေတဲ့ အမျိုးသားတွေတရားဝင်ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ကိုပိတ်လိုက်ပြီလို့ မေ ၂ ရက်မှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက ထုတ်ပြောလာပါတယ်။

မြန်မာကနေ ပြည်ပထွက်ခွာအလုပ်လုပ်ကြသူတွေထဲ ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ကြတာ အများဆုံးဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ အခုညွန်ကြားချက်က အဲဒီနိုင်ငံတွေကို တရားဝင်လမ်းကြောင်းကနေအလုပ်လုပ်ကိုင်ဖို့ ခြေလှမ်းပြင်နေသူတွေအတွက် အခက်အခဲတွေဖြစ်သွားရပြီလို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်အချို့က ဘီဘီစီကို ပြောပါတယ်။

”ယောကျ်ားလေးတွေအတွက် Demand (အလုပ်ကမ်းလှမ်းစာ) အသစ်ကို ပိတ်လိုက်တာ။ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့ ဂျပန်တို့အတွက် အကုန်ပိတ်လိုက်တာ။ အဟောင်းတင်ထားတွေ ရတယ်။ ဘယ်အထိ ပိတ်မယ်ဆိုတာကို မပြောဘူး။ အခုတော့ မေ ၂ ရက်က စပိတ်လိုက်တာ” လို့ ပြည်ပအေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီသတင်းက နိုင်ငံတွင်းမှာတဟုန်ထိုး ပျံ့နှံ့ခဲ့ပြီး ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေအတွက် သက်ရောက်မှုတွေရှိခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြရင်ဖွင့်နေကြပါတယ်။

ဂျပန်ကိုထွက်ခွာ အလုပ်လုပ်ဖို့ ခြေလှမ်းပြင်နေတဲ့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်က အသက် ၃၂ နှစ်အရွယ်လူငယ်တစ်ဦးကတော့ ”သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပြီ” လို့ ဘီဘီစီကိုဖြေကြားပါတယ်။

ဒါအပြင် ထိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်က အသက် ၂၈ နှစ်အရွယ် ကိုဖြိုးကလည်း စစ်ကောင်စီရဲ့ ဒီညွှန်ကြားချက်က နိုင်ငံထဲကလူငယ်တွေကို အလုပ်လက်မဲ့ဖြစ်အောင်လုပ်တာလို့ တုံ့ပြန်ပါတယ်။

”နိုင်ငံထဲမှာလည်း ဘာအလုပ်မရှိဘူး။ အပြင်ထွက်မယ်ဆိုတော့လည်း ပိတ်လိုက်ကြတယ်။ စစ်တပ်ထဲကို အကုန်ဝင်ခိုင်းချင်ကြတာလား။ ကျွန်တော်တို့က ဘာမှမလုပ်ကြရတော့ဘူးလား” လို့ ဒေါသသံစွက်လို့ ဘီဘီစီကို ဖြေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

ဒီဥပဒေအသက်ဝင်ပြီးနောက်မှာ စစ်မှုထမ်းဖို့စာရင်းကောက်တာတွေကို နိုင်ငံတွင်းက သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်၊ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဖိအားပေးစာရင်းကောက်ခဲ့ပြီး စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းတွေကိုလည်း ခပ်မြန်မြန်ဖွင့်လှစ်ခဲ့ပါတယ်။

အခုတော့ ဒီဥပဒေအသက်ဝင်ပြီး ၂ လအကြာ မေလအစမှာပဲ နိုင်ငံတွင်းက အမျိုးသားတွေပြည်ပထွက်ခွာခွင့်မရအောင် ထပ်ပြီးတားမြစ်လာတာဆိုတဲ့ မှတ်ချက်ပြုသူတွေလည်းရှိနေပါတယ်။

အမျိုးသားတွေ ပြည်ပအလုပ်အကိုင်အတွက် Demand သစ်တင်လျှောက်တာတွေကိုရပ်ဆိုင်း

မြန်မာကနေ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ခွင့်က အကြမ်းဖျင်းအားဖြင့် ၂ မျိုးရှိပါတယ်။ G to G လို့ခေါ်တဲ့ အစိုးရချင်းသဘောတူညီချက်နဲ့ ပို့ဆောင်တာနဲ့ နှစ်နိုင်ငံအစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပုဂ္ဂလိက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက တဆင့် ပို့ဆောင်ကြတာဖြစ်ပါတယ်။

ပုဂ္ဂလိက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပို့ဆောင်ကြတဲ့အထဲ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အများဆုံးသွားကြပြီး နေ့စဥ်အမျိုးသားဦးရေ ဆယ်နဲ့ချီက ဒီနိုင်ငံတွေကို ထွက်ခွာနေကြတာလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

”ဂျပန်၊ မလေးရှားနဲ့ ထိုင်းကို ပြည်တွင်းကနေ အများဆုံးသွားကြတယ်။ ဒူဘိုင်းနဲ့ ယူအေအီးကိုလည်းမြန်မာအမျိုးသားတွေ အများဆုံးသွားပါတယ်” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

အစိုးရချင်းပို့ဆောင်ကြတဲ့အထဲ တောင်ကိုရီးယားအလုပ်အကိုင်က ထင်ရှားပြီး မြန်မာကနေ သွားရောက်အလုပ်လုပ်ကိုင်ကြသူတွေ သိန်းနဲ့ချီရှိပါတယ်။ အဲဒီထဲမှာ အမျိုးသားက အများဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ အခု အမျိုးသားတွေပြည်ပထွက်ခွာအလုပ်လုပ်ခွင့်မှာ ဒီလို အစိုးရချင်းပို့တယ်ဆိုတဲ့ နိုင်ငံတွေကိုထွက်ခွာဖို့ကြိုးစားတဲ့ အမျိုးသားတွေရောပါလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းသိရတာ မရှိသေးပါဘူး။

‘‘မလေးရှားက မြန်မာတွေ ဒုတိယအများဆုံးထွက်ဖို့ လုပ်တဲ့နိုင်ငံဖြစ်ပေမဲ့ သူတို့(မလေးရှား) ဘက်က လောလောဆယ် တရားဝင်လုပ်သားခေါ်တာ ရပ်ထားတယ်။ နောက် ဂျပန်ကို ထွက်မယ့် သူတွေအပေါ်တော့ သက်ရောက်မှုရှိလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေတော့ ဆက်ပြီးလျှောက်ထားလို့ရမယ်။ ကိုရီးယားကတော့ အစိုးရအချင်းချင်း ပို့တာဆိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး’’ လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် တားမြစ်လိုက်တဲ့အခြေအနေကြောင့် တောင်ကိုရီးယားသွားဖို့ စာမေးပွဲဖြေဆိုထားသူတွေနဲ့ တခြားနိုင်ငံတွေကို သွားဖို့ စလုပ်ထားတဲ့သူတွေအတွက်လည်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ကြရတယ်လို့ ဘီဘီစီကို ပြောလာကြပါတယ်။

ပြည်တွင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တဲ့နောက် ပြည်ပကို တရားဝင်သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပိုတိုးလာချိန်မှာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အခုလိုအမျိုးသားတွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်လာတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေ‌ရေး‌အေဂျင်စီကပြောပါတယ်။

အာဏာသိမ်းမှုကြောင့် အခွင့်အလမ်းပျောက်လာတဲ့ နိုင်ငံတွင်းက လူငယ်တွေဟာ စစ်မှုထမ်းဥပဒေအသက်ဝင်လာတဲ့နောက်မှာ အခုလို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ပင်တားမြစ်ချက်ကြောင့် ပိုဆိုးတဲ့အခြေဆိုက်လာပြီး မြန်မာနိုင်ငံအခြေအနေဟာ ၂၀၀၀ ခုနှစ် အရှေ့ပိုင်းကာလတွေဆီ ပြန်ရောက်သွားတယ်ဆိုတဲ့ ယှဥ်ထိုးဝေဖန်ကြသူတချို့လည်း ရှိပါတယ်။

လက်ရှိမှာတော့ ငွေကြေးတတ်နိုင်တဲ့လူငယ်တွေက နိုင်ငံရပ်ခြားကိုတရားဝင်လမ်းကြောင်းကနေ ပညာရေးလမ်းကြောင်းနဲ့ သွားရောက်ကြသလို၊ ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေက လူငယ်တွေက ထိုင်းနိုင်ငံနဲ့ မလေးရှားဘက်ကို တရားမဝင်လမ်းတွေကတဆင့်ဝင်ရောက် အလုပ်လုပ်ဖို့ကြိုးစားကြပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကတော့ လိုအပ်လို့ယာယီဆိုင်းငံ့တာဖြစ်ပြီး ပြန်ဖွင့်ပေးဖို့လိုတဲ့အချိန်မှာ ပြန်ဖွင့်ပေးမယ်လို့ မီဒီယာအချို့ကိုဖြေကြားထားပါတယ်။

ဒါပေမဲ့ ဘာကြောင့် ယာယီဆိုင်းငံ့တယ်ဆိုတာနဲ့ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာကိုတော့ တိတိကျကျသိရတာမရှိပါဘူး။ ဒီအချက်တွေကို သိရဖို့ ဘီဘီစီက ဦးညွန့်ဝင်း ကိုဆက်သွယ်ပေမဲ့ ဖုန်းကိုင်တာမရှိလို့ အ‌သေးစိတ်ကိုသိရတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း ပြည်ပအလုပ်အကိုင်အတွက် အလုပ်အသစ် Demand တွေတင်တာကို အလုပ်သမားဝန်ကြီးဌာနက ယာယီဆိုင်းငံ့ခိုင်းတာကို စစ်ကောင်စီက လုပ်ခဲ့ပါသေးတယ်။

စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီး ၃ လနီးပါးကာလအတွင်း ပြည်တွင်းက အမျိုးသား တစ်သိန်းနီးပါး ပြည်ပထွက်ခွာအလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားတာ၊ အလုပ်ခေါ်တာတွေ တင်ပြထားကြတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီက သိရပါတယ်။

” အခုက သူတို့ ( စစ်ကောင်စီ) က ဒီအမိန့်ကို ဘယ်အထိလုပ်ထားမလဲမသိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ အလုပ်ပို့တဲ့သူရော အလုပ်သွားလုပ်မယ့်သူတွေအတွက်ရော အကုန်ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တာ ” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...