ဗုဒ္ဓဟူးနဲ့ရာဟုကံကြမ္မာ

Astrology
ဗုဒ္ဓဟူးနဲ့ရာဟုကံကြမ္မာ

ဗုဒ္ဓဟူးသားသမီးတွေအကြောင်း ရေးမယ်ဆိုရင် ရာဟုကိစ္စက ငြင်းကို ငြင်းရမှ ဖြစ်မယ် ။ရာဟုဆိုတာ ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နောက်ပိုင်းမွေးတွေကို ပြောတာပေါ့လေ ။ ဒါပေမယ့် တစ်ရက်လုံးဟာ ဗုဒ္ဓဟူးအပိုင်မို့ ဗုဒ္ဓဟူးနေ့ပဲ ခေါ်တာပါပဲ။ ဒါကြောင့် ရာဟုနေ့ဆိုတာ ထည့့်မထားဘူး။

ဒါဆိုရင် ရာဟုထောင့်ဆိုတာကရော ဘာလို့လဲ မေးလာရင်တော့ အရပ်က ရှစ်မျက်နှာ ရှိတယ် ။ နေ့က ခုနစ်နေ့ပဲ ရှိတယ်ဆိုတော့ အရပ်မျက်နှာအလိုက်ဂြိုဟ်တွေကို အပိုင်သတ်မှတ်ပေးတဲ့အခါ ရာဟုထောင့်ဆိုတာ (အနောက်မြောက်အရပ်) ထည့်ပေးရတယ်။

နို့မို့ဆို ဘုရားမှာ ခုနစ်ထောင့်ပဲ ထားရင် ကိုးလို့ကန့်လန့်ကြီး ဖြစ်နေမှာကိုး ။ ဒါဆို ရာဟုက ဘယ်နေရာမှာ ထည့်သုံးလဲ မေးရင် ဓာတ်ဆင် ၊ ဓာတ်ရိုက် ၊ ဆေးဝါးမန္တရား ၊ အင်းအိုင်ခါးလှဲ့ လက်ဖွဲ့တွေ စီရင်တဲ့နေရာမှာ တွင်တွင်ကျယ်ကျယ်သုံးပါတယ် ။ ကျွန်တော်ဗေဒင်ဟောတဲ့ နေရာမှာတော့ ဗုဒ္ဓဟူးနဲ့ပဲ ယူဆဟောပြောပါတယ် ။

တချို့က ဗေဒင်စမေးပါပြီ ဆိုကတည်းက “ဆရာ. သမီးကလေ ရာဟုနော်”. ဆိုပြီး ပြောတာ ရှိတယ် ။ အဲဒီအခါမှာ.”အေးအေး.ဟုတ်တယ် ရာဟုလေး” ဘာညာဆိုပြီး ကိုယ်က ဗုဒ္ဓဟူးနဲ့ပဲ တွက်တာပဲ။

စိတ်သဘာ၀ ဗုဒ္ဓဟူးတွေရဲ့စိတ်က မဟုတ်မခံစိတ်ဗျ ။ လူတိုင်း မဟုတ်ရင် မခံဘူးလေ ။ အားလုံး အတူတူပဲ လို့ ပြောရင် မဟုတ်ဘူးဗျား ။ တခြားနေ့သားသမီးတွေက ကိုယ့်ကို မဟုတ်တာ ပြောရင် သည်းခံသင့် ခံတယ် ။ ဗုဒ္ဓဟူးများ ကျတော့ စိတ်က ဟုန်းခနဲ ထတောက်တာမျိုး ။ သည်းမခံတာ များတယ် ။ ပက်ခနဲ တုံ့ပြန်တတ်ကြတယ် ။ တစ်ခုခု မကျေနပ်ရင် မပြောရမချင်း အကွက်ကို စောင့်နေတာမျိုး ။ စိတ်လည်း ကြီးတယ် ။ ဒါပေမယ့် သနားတတ်တယ် ။ သနားအောင်ပြောရင် ရှိတာ အကုန်ထုတ်ပေးတာမျိုး ။ အဲဒါသူတို့့ စေတနာမရှိဘူးဆိုလို့ကတော့ ငါးဆယ်တစ်ရာတောင် မသဒ္ဓါတတ်ကြဘူး ။

စိတ်အပြောင်းအလဲကလည်း မြန်တတ်ကြတယ် ။ လိုချင်ရင် ချက်ချင်း ။ မရ ရအောင် ရှာ၀ယ်တယ် ။ မကြိုက်တော့ပြန်ဘူး ဆိုရင်လည်း ချောင်ထိုးထားလိုက်ကြပြန်ရော ။ တချို့များ ရည်းစားနဲ့ လျှောက်လည်ရင်း စိတ်ကောက်ရင် လမ်းလယ်ခေါင်မှာ ထိုင်ချပစ်တာမျိုး ။ အမှန်က အချော့ကြိုက်တာ ။ ချက်ကို မသိရင် ရည်းစားကောင်တော့ သေဖို့သာပြင်ထားပဲ ။ နောက်ထပ်တစ်ခုကတော့ ယှဉ်စိတ်ပြိုင်စိတ် အနိုင်စိတ် များတတ်ကြတယ် ။ ပတ်၀န်းကျင်က လူတွေ မိသားစု ဆွေမျိုးညီကိုမောင်နှမတွေ အားလုံးဟာ သူတို့ စိတ်ထဲမှာ ထောင့်မကျိုးဘူး အမြင်မကြည်တတ်ကြဘူး ။ မြင်မြင်သမျှ သူတို့ စိတ်ထဲမှာ မကျေနပ်စရာက များနေတတ်တယ် ။ ပြောရရင်တော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စလည်း ၀င်ပါတတ်ကြတယ်။

ဥပမာ ပြောရရင် ကိုယ့်ရှေ့မှာ မတော်မတရား လုပ်နေတာမြင်ရင် ကြားရင် မနေတတ်ဘူး ၀င်ပြောတတ်တာမျိုး ။ နောက်တစ်ခုက စာရင်းမှတ်တာမျိုး ။ ငါ့ မင်္ဂလာဆောင်တုန်းက သူမလာဘူးနော် အေးမှတ်ထား ။ ဒင်း မသာကျမှ ငွေတထောင်ကူပြီး တစ်မိသားစုလုံးခေါ်ပြီး အ၀ကြိတ်ပစ်မယ်.ဘာညာ တေးထားတာမျိုး ။ စိတ်ထဲ တင် တေးထားတာလား ဆိုတော့ မဟုတ်ပြန်ဘူး လူကြားထဲ ထထပြောမိတာမျိုး ။ တကယ်ကြီး တေးထားတာလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး ။ အဲ့လူ တစ်ခုခု ဖြစ်တယ်ဘာညာ ကြားရင် သနားပြီး ကူညီတတ်ပြန်ရော ။ ဒါကြောင့် အငြိုးအတေး ကြီးလား ဆိုရင် ကြီးတယ် ။ တကယ် ငြိုးထားတာလား ဆိုပြန်တော့ မဟုတ်ပြန်ဘူး ။ မမဆောင်းလိုပဲ ။

ဦးစားပေး အရေးတယူဆက်ဆံတာမျိုးလည်း သိပ်ခံချင်တတ်ကြတယ်။ အဲ့လို မဟုတ်ဘဲ ဘာသိဘာသာ လုပ်လို့ကတော့ တင်းသွားပြီသာ မှတ်ပေတော့ပဲ ။ စိတ်တက် စိတ်ကျ လည်း မြန်တတ်ကြတယ် ။ စိတ်တွေ တက်ကြွပြီဟေ့ ဆိုလို့ကတော့ တကယ့်ကို လန်းဆန်းတက်ကြွနေတတ်ကြတယ် ။ စိတ်ဓာတ်ကျသွားပြီ ဆိုရင်တော့ အိပ်ရာထဲ ၀င်ခွေခေါက်နေရောပဲ ။ စိတ်ထဲ တစ်ခုခု အလိုမကျ ဖြစ်သွားရင် မျက်နှာမှာ တန်းပေါ်လာရော ။ ချစ်ရင် တအား ၊ မုန်းရင် တအား. ၊ ချစ်ပြီဟေ့ ဆို အပြင်ကို ထုတ်ပြီး ချစ်တာ ၊ မုန်းပြီဟေ့ ဆိုလည်း လှည့်မကြည့်ချင်အောင် ဖြစ်တာမျိုး။

အဲ့လိုပြောသွားတဲ့ စိတ်ပိုင်း ဆိုင်ရာ အားနည်းချက်တွေဟာ တစ်ယောက်နဲ့ တယောက်တော့ မတူကြဘူးပေါ့ ။ အဲ့ဒီလို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို လျော့ပါးအောင် ထိန်းသိမ်းနိုင်လာရင် မိသားစုထဲမှာ သူက ဆရာကြီး ၊ အလုပ်မှာ အပေါင်းအသင်းတွေကြားမှာဆိုလည်း သူက ခေါင်းဆောင်နေရာ ရလာတာမျိုးပေါ့ ။ အဲဒီလို မဟုတ်ဘဲ စိတ်ထင်တိုင်း ကြဲနေရင်တော့ မိသားစု ၊ အုပ်စု အသိုင်းအဝိုင်းက သူ့ကို ရှေ့တင်တစ်မျိုး ကွယ်ရာမှာဆို တစ်မျိုး ခွဲခြားဆက်ဆံတာ ခံရတတ်ကြတယ် ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကောင်းအောင်နေမလား ၊ အုပ်စုရဲ့ အပယ်ခံ အဖယ်ခံ နေရာမှာ နေမလား ဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ် ။ ပြင်စရာရှိတာ ပြင်နိုင်သလောက်ပြင်ပေါ့ ။

ကံကြမ္မာ အတက်အကျအနေနဲ့ကတော့ အသက် ၁၆ ၊ ၂၄ ၊ ၃၂ ၊ ၄၀ ၊ ၄၈ ၊ ၅၆ တွေဟာ စိတ်တိုင်းမကျစရာတွေ ၊ ဒေါသဖြစ်စရာတွေ ဆင့်ကဲ ကြုံလာရတတ်တယ် ။ ငွေရေးကြေးရေး အချစ်ရေး ပြဿနာတွေပါ ကြုံရတတ်တယ် ။ အဲဒီအသက်ပိုင်းအခြားတွေမှာ ရည်းစားရရင် ကြည်နူးရတယ်ကို မရှိဘူး။

အသက်၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၅၇နှစ် တွေကတော့ ကိုယ်တိုင်လည်း မကြာခဏ ကျန်းမာရေးချူချာတတ်တယ် ။ တချို့ကျတော့ အဲဒီအသက်ပိုင်းတွေရောက်ရင် မိသားစု၀င်တွေ မကြာခဏ ချူချာတတ်ကြတယ် ။ ကိုယ့်ကိစ္စသိပ်မပါဘဲ သူများကိစ္စတွေနဲ့ ရှုပြီး လူပန်းစိတ်မော ဖြစ်နေရတတ်တယ် ။ အပူသည်တွေ ဒုက္ခသည်တွေ တယောက်ပြီးတယောက် ကိုယ့်ဆီ ရောက်လာတတ်တယ် ။ သူတို့ ကောင်းစားတုန်းကတော့ ကိုယ့်ကို ဖုတ်လေတဲ့့ ငပိ ရှိတယ် မထင်ကြဘူး။ ဒုက္ခရောက်ပြီ ဆိုမှဖြင့် ကိုယ့်ဆီ ဦးတည်လာကြတော့တာပဲပေါ့ ။ ဒီအသက်ပိုင်းတွေမှာ ရည်းစားရရင် သူ့လူမှုဒုက္ခအဖုံဖုံကို ကိုယ်ပါ နားထောင်ပေးရ ၊ ရင်မောရနဲ့ ဘယ်လိုမှကို Romantic မဆန်ဘူး။

အိမ်သူအိမ်သား ၊ ချစ်သူရည်းစား ၊ လင်နဲ့မယား ၊ မိဘနဲ့သားသမီး အနားရှိတဲ့လူတွေဟာ ကိုယ်ဘယ်လို ခံစားနေရတယ် ၊ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်သန်းနေရတယ် ဆိုတာ သူတို့ စိတ်မ၀င်စားဘူး ။ သူတို့လိုချင်တာ ရချင်တာ ဖြစ်ချင်တာတွေချည့်ပဲ ပြောတတ်ကြလို့ ဂျာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို ဆိုသလိုပဲ တစ်ယောက်တည်း ရွက်အုပ်သီးပူ နေရတတ်တဲ့ ကာလတွေပါပဲ ။

၁၈ ၊ ၂၆ ၊ ၃၄ ၊ ၄၂ ၊ ၅၈နှစ် တွေမှာ အညံ့ထဲ ဖြတ်ရတယ် ။ ၁၈ နှစ်နဲ့ ၂၆ နှစ်တွေကတော့ စနေ နှစ်ထပ်ကျလို့ အတော် သတိထားရတယ် ။ အဲဒီအရွယ်တွေဟာ ဆယ်ကျော်သက်အရွယ် ၊ ငယ်ရွယ်တဲ့ အရွယ်တွေမို့ အသဲကွဲရောဂါများတယ်ပေါ့လေ ။ တလောက ကလေးတယောက် ဆုံးသွားတာ အသက် ၁၈ ပဲ ရှိသေးတယ် ။ ရည်းစားက ယောက်ျားနောက်လိုက်သွားလို့ နေ့တိုင်း အရက်တွေသောက်ပြီး သွေးအန်သေဆုံးသွားတာ ။ အချစ်အတွက်နဲ့များ အသက်ထိအောင် ရန်ရှာရသလား အပြစ်မတင်ရက်ပါဘူး ။ သူခံစားရတာ ဘယ်လောက်တောင် နင့်နင့်နဲနဲတွေ ခံစားနေခဲ့ရမလဲပဲ တွေးမိတယ်။

ပြောချင်တာက ဂြိုဟ်အဆိုးတွေဖြတ်ရင် အခန့်မသင့်ရင် အခန့်မသင့်တာတွေ ဖြစ်လာတတ်တယ်လို့ ဆိုချင်တာပါ ။ ဒီအသက်ပိုင်းတွေမှာ မတော်တဆ ထိခိုက်မိတာ ၊ အစွပ်အစွဲ အကဲ့ရဲ့ခံရတာ ၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာတွေပါ လာတတ်တယ်။ တချို့ ကျန်းမာရေးထိပြီး ဆေးရုံဆေးခန်း ရောက်ရတတ်တယ်။

တခါ အသက် ၁၉ ၊ ၂၇ ၊ ၃၅ ၊ ၄၃ ၊ ၅၉နှစ် တွေမှာ စိတ်တွေ မွမ်းကြပ်ပြီး နေတတ်တယ် ။ တကယ်တော့ ဒီအသက်ပိုင်းတွေဟာ ရှေ့ရေးအတွက် အခွင့်အလမ်းတွေ စတင်လာချိန် အစပျိုးချိန်ပေါ့ ။ လုပ်ငန်းသစ်ကိုင်ငန်းသစ်တွေ ပေါ်လာတတ်တယ် ။ ဒါပေမယ့် ချက်ချင်းကောင်းလာတတ်တာမျိုး မဟုတ်ဘဲ တစစနဲ့ အစပျိုးလာချိန်တွေမို့ ကိုယ်ကလည်း စိတ်က မရှည်တတ်သူတွေဆိုရင် သည်းမခံနိုင်မှုကြောင့် အခြေအနေ ပိုဆိုးသွားတတ်တယ် ။ အဲဒီလို စိတ်မရှည် ဖြစ်နေရချိန်မို့ လူကြီးမိဘ ဆရာသမားတွေကိုစိတ်လိုက်မာန်ပါ ပြောဆိုမိတတ်ကြတယ် ။ စိတ်ကိုချ မာန်ကိုလျှော့ တောင်းပန်ကန်တော့ပါမှ ရှေ့လာမယ့် အခွင့်အလမ်းတွေကို လက်၀ယ်ပိုင်ပိုင် ရရှိနိုင်မယ့် ကာလတွေပါပဲ ။

အသက် ၂၀ ၊ ၂၈ ၊ ၃၆ ၊ ၄၄ ၊ ၆၀နှစ် တွေကတော့ ငွေကြေးစီးပွားတွေ ရှာဖွေရလွယ်ကူလာမယ် ။ မျက်နှာပွင့် စန်းပွင့်နဲ့ မြင်သူတကာတွေက ခေါ်ချင်ပြောချင် နဲ့ ပျော်စရာ ကာလတွေပါပဲ ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ် ။ ငယ်ရွယ်သူတွေ စန်းပွင့်တာ ကောင်းပေမယ့် အိမ်ထောင်သည်တွေ ၊ လူကြီးတွေ စန်းပွင့်ရင်တော့ လူမှုရေး ၊ အိမ်ထောင်ရေးပြဿနာတွေ ရောက်လာပြီး ဂိန်တတ်တဲ့ ကာလတွေပါပဲ ။

အသက် ၂၁ ၊ ၂၉ ၊ ၃၇ ၊ ၄၅ ၊ ၆၁နှစ် တွေဟာ ဂုဏ်သတင်းမွှေးပျံ့ ဘာလုပ်လုပ် လွယ်လွယ်ကူကူ အောင်မြင်နိုင်မယ့် ကာလတွေပါပဲ ။ ဘုရားဖူးခရီး ၊ နိုင်ငံခြားခရီးတွေ ၊ ပျော်စရာခရီး တွေ လွတ်လပ်ပျော်ရွှင်စွာ သွားရတတ်တယ် ။ အပျော်တွေများ ပြီး အချိန်မဖြုန်းဘဲ မိမိဘ၀ တက်လမ်းအတွက် အစွမ်းကုန် ကြိုးစားသင့်တဲ့ ကာလတွေပါပဲ ။

သို့သော် အသက် ၂၀ ၊ ၂၈ ၊ ၃၆ ၊ ၄၄ ၊ ၆၀ နှစ်တွေမှာ လူမှုရေး အိမ်ထောင်ရေး ရှုပ်ထွေးဖောက်ပြန်ခဲ့သူတွေကတော့ ဆုလာဘ်နဲ့ ဝေးနေရတတ်တာမျိုးပေါ့ ။ ဥပမာ အသက် ၄၄ မှာ မိန်းမရှုပ် ပြဿနာတက်ခဲ့လို့ ၄၅ မှာ ရာထူးတက်ဖို့ ကိစ္စ နှောင့်နှေးနေရတာမျိုးတွေပေါ့ ။

အသက် ၂၂ ၊ ၃၀ ၊ ၃၈ ၊ ၄၆ ၊ ၆၂နှစ် တွေကတော့ မိမိအိမ်မှာ မင်္ဂလာကိစ္စတွေ ပေါ်ပေါက်မယ် ။ မင်္ဂလာရှိမယ် ။ လုပ်ငန်းစီးပွားမှစလို့ အစစ အရာရာ အောင်မြင်မယ် ။ သို့သော် ရန်အတိုက်အခံ များရတတ်တယ် ။ အိမ်တွင်း အတူနေတွေနဲ့ မတည့်မရှုဖြစ်တာ ၊ လုပ်ငန်းမှာ ရန်ပေါ်တာမျိုးတွေ ၊ ကလန်ကဆန်လုပ်မယ့်သူတွေနဲ့ ဆုံရတတ်တာမျိုးတွေ လာတတ်တယ် ။

မိန်းမတစ်ယောက် ပြဿနာ ရှာတာ ခံရတတ်တယ် ။ ဗိုက်မကြာခဏ အောင့်တတ်တယ် ။ အလုပ်ပြောင်း နေရာပြောင်းပေါ်တတ်တယ် ။ မြေ၀ယ်ပြီး မှ အရှုပ်အထုပ်တွေ ရှင်းမနိုင် ဖြစ်ရတတ်တယ် ။

အသက်၂၃ ၊ ၃၁ ၊ ၃၉ ၊ ၄၇ ၊ ၆၃နှစ် တွေမှာ ငွေအစုလိုက် အပုံလိုက် ၀င်တာမျိုး ၊ ငွေက မကြာခဏ၀င် လာဘ်ကို ရွှင်နေတာမျိုးကြုံရတတ်တယ် ။ ဒါပေမယ့် ကျန်းမာရေး ချူချာတတ်တယ် ။ ဒါမှမဟုတ် အလုပ်တွေ ရုတ်တရပ် ရပ်ဆိုင်းသွားတာမျိုး ၊ ပြဿနာတစ်ခုခု ထတက်တာမျိုး ဖြစ်တတ်လို့ သတိပြုရမယ် ။ ဒါပေမယ့် ဒီအသက်ပိုင်းတွေဟာ စီးပွားတက်မယ့် ကာလတွေပဲ ဖြစ်ပါတယ် ။

ဒါဟာ ဗုဒ္ဓဟူးသားသမီးတွေအတွက် အကြမ်းဖျင်း ကံကြမ္မာဖြစ်ပါတယ် ။ တစ်ဦးချင်းစီရဲ့ စိတ်နေသဘောသဘာ၀ ၊ အကျင့်စရိုက်တွေအပေါ်မှာ မူတည်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲလွဲမှုလေးတွေ ရှိနိုင်ပါတယ် ။ ကိုယ့်တစ်ယောက်စာ ကံကြမ္မာကို တိတိကျကျ သိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီမှာ မေးပါဗျာ ။
ပြန်လည်မျှဝေခြင်း………

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...