၁၈လကြာ စစ်မှုထမ်းပြီး ပြန်ရောက်လာတဲ့ တောင်ကိုရီးယားနာမည်ကျော် ကေပေါ့ပ် အဖွဲ့ BTS Jin က ပရိသတ်တွေကို ဖျော်ဖြေ

Celebrity International News
၁၈လကြာ စစ်မှုထမ်းပြီး ပြန်ရောက်လာတဲ့ တောင်ကိုရီးယားနာမည်ကျော် ကေပေါ့ပ် အဖွဲ့ BTS Jin က ပရိသတ်တွေကို ဖျော်ဖြေ

သူဖက်ယမ်းနှုတ်ဆက်မယ့် အစီအစဉ်အတွက် မဲမပေါက်လို့ စိတ်ပျက်သူတွေလည်းရှိ

တောင်ကိုရီးယားမှာ ၁၈လကြာ စစ်မှုထမ်းပြီး ပြန်ရောက်လာတဲ့ နာမယ်ကျော် ကေပေါ့ပ် အဖွဲ့ BTS က Jin – ဂျင်န် ရဲ့ ဖျော်ဖြေမှုကို ကြည့်ဖို့ ထောင်နဲ့ချီတဲ့ ပရိသတ် ဆိုးလ်မြို့မှာ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။

ဂျင်န်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ စစ်တန်းလျားက ပြန်လာတာ ဖြစ်ပြီး ၃ နာရီကြာတဲ့ သူ့ဖျော်ဖြေပွဲဟာ စစ်မှုထမ်းပြီးနောက် ပထမဆုံး ဖျော်ဖြေမှု ဖြစ်ပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ HUGGATHON လို့ နာမည်ပေးထားတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီအစီအစဉ်အရ ဂျင်န်က သူ့ပရိသတ် အယောက် ၃ ထောင်ကို အခမဲ့ ပွေ့ဖက်နှုတ်ဆက်မယ်လို့ ပြောထားပေမယ့် အခုတော့ ကံစမ်းမဲဖောက်ပြီး အယောက် ၁ ထောင်ကိုဘဲ ရွေးခဲ့တာပါ။

ဇွန်လ ၁၃ရက် ကြာသပတေးနေ့မှာ ကျင်းပတဲ့ ပွဲမှာ နေရာတခုစာ ရထားခဲ့တာကို ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကမှ သိထားတဲ့ အသက် ၃၂ နှစ်အရွယ် မစ္စပါ့ခ် ကတော့ သူမဲပေါက်မယ်လို့ မမျှော်လင့်ထားဘူး၊ သိလိုက်ရတဲ့ အချိန်မှာ မယုံနိုင်ဖြစ်ရလို့ အကြိမ်ကြိမ် စစ်ဆေးနေမိတယ် ၊ ဆိုးလ်မြို့ဆီ လာဖို့ ခရီးသွားအသုံးအဆောင်တွေ ပြင်တဲ့အချိန် ကျမှ ဒီကိစ္စ တကယ်ဖြစ်နေပါလားဆိုတာ ခံစားမိလာတယ် ၊ ဂျင်န်နဲ့ တွေ့ရမှာမို့ အရမ်းပျော်နေတယ်လို့ ပွဲမတိုင်ခင်က သူ့စိတ်လှုပ်ရှားမှုကို ပြောခဲ့ပါတယ်။

ဂျင်န်ဟာ BTS အဖွဲ့ထဲမှာ အသက်အကြီးဆုံး ဖြစ်ပြီး ၃၁ နှစ်ရှိကာ စစ်မှုထမ်းနေတာ ၂၀၂၂ ဒီဇင်ဘာ ကတည်းက ဖြစ်ပါတယ်။ တောင်ကိုရီးယား စစ်တပ်က လေ့ကျင့်ရေးစင်တာမှာ သူဟာ လေ့ကျင့်ရေး လက်ထောက် သင်တန်းမှူး အဖြစ် ထမ်းဆောင်ခဲ့တာပါ။ တောင်ကိုရီးယား မှာ ကိုယ်လက်အင်္ဂါ ပြည့်စုံ တောင့်တင်း၊ လုပ်နိုင်စွမ်း အပြည့်အဝ ရှိမှသာ စစ်မှုထမ်းခွင့်ပြုတာ ဖြစ်ပါတယ်။

ပရိသတ်ထောင်နဲ့ချီ

BTS အဖွဲ့သားတွေထဲမှာ ဂျင်န်က ပထမဆုံး စစ်မှုထမ်းသက် ပြီးဆုံးခဲ့သူ ဖြစ်ပြီး ကျန် ၆ယောက် ဖြစ်တဲ့ ဂျေဟုတ်ပ် ၊ ဗီ ၊ အာအမ် ၊ ဂျီမင် ၊ ဂျန်ကွတ်နဲ့ ဆူဂါ တို့ကတော့ စစ်မှုထမ်းနေစဲ ဖြစ်ကာ သူတို့အားလုံး ၂၀၂၅ ဇွန်လမှာ ပြန်လည် ဆုံစည်းကြဖို့ ရှိတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ကျန်အဖွဲ့သားတွေလည်း ခွင့်တိုင်ကာ ဂျင်န် ရဲ့ စစ်မှုထမ်းသက်ပြည့်တဲ့ အထိမ်းအမှတ် ဆင်နွှဲခဲ့ကြရာမှာ သူတို့ပရိသတ်တွေက သူတို့ပြန်ဆုံတဲ့ ပုံတွေကို အားပေး ခဲ့ကြပါတယ်။

သူ့ကို စောင့်ဆိုင်းခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ အားလုံးကို ချစ်တယ် လို့ ပရိသတ်တွေကို ဖျော်ဖြေပွဲ အကြို တိုက်ရိုက်ပြသတဲ့ ဗီဒီယို ကလစ်မှာ ဂျင်န်က ဗုဒ္ဓဟူးနေ့က ပြောကြားထား ပါတယ်။

Vanessa May Leuterio ဗင်နက်ဆာမေ လီတာရီယို ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ကတော့ သူ့အနေနဲ့ ဂျင်န်ရဲ့ ဖျော်ဖြေပွဲ လက်မှတ် ကံစမ်းမဲ မပေါက်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ ဝင်ကံစမ်းဖို့ ဖိလစ်ပိုင်ကနေ သွားမယ်လို့ ဆိုပါတယ်။

မဲမပေါက်တာ သိရတော့ ကျွန်မ ငိုမိတယ် ၊ ဝင်ခွင့်ရဖို့ အကြိမ်ကြိမ် ဘုရားဆုတောင်းခဲ့ရတယ် ၊ ဘီတီအက်စ် ပရိသတ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ က ထောင်သောင်းချီတဲ့သူတွေနဲ့ ကျွန်မယှဉ်ရတာ ဆိုတာ မဲပေါက်ဖို့ မလွယ်ဘူး ဆိုတာ သိပါတယ်လို့ ဗင်နက်ဆာမေက ပြောပါတယ်။

သူဖက်ယမ်းနှုတ်ဆက်မယ့် အစီအစဉ်အတွက် မဲမပေါက်လို့ စိတ်ပျက်သူတွေလည်းရှိ

မဲပေါက်ခဲ့တဲ့ မစ္စပါ့ခ် တယောက် စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်စိတ် တပြိုင်တည်း ခံစားခဲ့ရပါတယ်။

ဂျင်န်က စစ်တပ်ထဲက ထွက်လာသူမို့ ကြံ့ခိုင်ပေမယ့် ၃ နာရီအတွင်း လူတထောင်ကို ဖက်ပြီး နှုတ်ဆက်ရမယ့် အလုပ်က သိပ်မလွယ်လှပါဘူး သူက ဆိုပါတယ်။

ပွဲစီစဉ်တဲ့ BTS အဖွဲ့မန်နေဂျာ HYBE အနေနဲ့ ဂျင်န် ဖက်ယမ်းနှုတ်ဆက်မယ့် အရေအတွက်ကို လျှော့ချပေးစေချင်တယ်လို့လည်း မစ္စပါ့ခ်က ပြောခဲ့ပါတယ်။

တစုံတယောက်ဟာ သူ့ပရိသတ်ယောင်ဆောင်ပြီး ဂျင်န် ဆီကို ချဉ်းကပ်နိုင်ပါတယ် ၊ သူ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်မိပါတယ်လို့ မစ္စပါ့ခ်က ပြောခဲ့ပါသေးတယ်။

အဖွဲ့ဝင် ၂၅ သန်းကျော် ရှိတဲ့ ARMY မှာ အခုလက်မှတ်ဝယ်မယ့် ပရိသတ်တွေဟာ အဖွဲ့ဝင် ဖြစ်ရမယ် ၊ BTS အခွေတွေကို သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကနေ ဝယ်ရမယ်၊ များများဝယ်ရင် ဖက်ယမ်း နှုတ်ဆက်ခံရနိုင်မယ့် အခွင့်အရေး များများရှိလိမ့်မယ် ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ဒီပွဲအပေါ် တုန့်ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။

BTS – ဂီတမှ စစ်မှုထမ်း ဘ၀ဆီသို့

အဆိုပါသတ်မှတ်ချက်တွေကြောင့် လူတွေကြား အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသလို ပွဲစီစဉ်တဲ့ HYBE ကုမ္ပဏီဟာ မရောင်းရတဲ့ အခွေတွေကို ဒီပွဲမှာ တွန်းရောင်းနေတယ်လို့ စွပ်စွဲခံနေရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ တိုက်ရိုက် ပြောဆိုထားတဲ့ ဗီဒီယိုမှာ ဒီကိစ္စတွေဟာ ကုမ္ပဏီနဲ့ ကျွန်တော်တို့ ပရိသတ်တွေအတွက် စေတနာ ရှေ့တန်းတင်ပြီး ပြင်ဆင်ထားမှုတွေ ဖြစ်တာကြောင့် ကျေးဇူးပြုပြီး နားလည်ပေးပါလို့ ဂျင်န်က ပြောထားပါတယ်။

ပရိသတ်တွေ အတွက်တော့ အခုလို ဂျင်န် ဖျော်ဖြေပွဲတွေ ပြန်စလုပ်တာဟာ BTS အဖွဲ့ လူထုကြား ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခဏနားပြီးရာက ပြန်ပေါ်လာတဲ့ ကမ္ဘာ့အကျော်ကြားဆုံး အမျိုးသား ဂီတအဖွဲ့ အရင်လို အောင်မြင်ဦးမှာလား ဆိုတာကတော့ အနုပညာလောကမှာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ဂီတနဲ့ ပတ်သက်ပြီး ဝေဖန်ရေး ဆောင်းပါးတွေ ရေးတဲ့ လင်မ်ဟီရွန်း ကတော့ BTS အဖွဲ့ကို သက်ကြီး ဂီတအဖွဲ့အဖြစ် မြင်လာကြလိမ့်မယ် ၊ ဒါပေမယ့် ဒါဟာ တီးဝိုင်းရဲ့ ပုံရိပ်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် BTS အဖွဲ့ဟာ ဆယ်နှစ်ကျော်ကြာ အောင်မြင်ခဲ့တယ် ၊ အသစ် အသစ်တွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေ အတွက် ဆွဲဆောင်မှု ရှိတော့မှာ မဟုတ်ပေမယ့် လက်ရှိ ပရိသတ်နဲ့ဘဲ ဆက်သွားနေလိမ့်မယ် ၊ ဂီတဝိုင်း အသက်ကြီးလာတာနဲ့အတူ သူ့ပရိသတ်လည်း လိုက်လာမှာပါလို့ ပြောပါတယ်။

ဒီအချက်ကို ပရိသတ်တွေက လက်ခံပုံရပြီး သူတို့အတွက်တော့ ARMY ဆိုတဲ့ သူ့ပရိသတ်တွေနဲ့ BTS အဖွဲ့ကြား ပြဿနာ မရှိသင့်ဘူးလို့ အသက် ၂၀ အရွယ် ဆမန်သာ ဆိုသူက ပြောပါတယ်။

သူကတော့ ဂျင်န် ရဲ့ ဖက်ယမ်းနှုတ်ဆက်မယ့် အစီအစဉ် ကံစမ်းမဲ လက်မှတ် မပေါက်ပေးမယ့် ဒုတိယအကျော့ ပွဲကို တက်ရောက်မယ့်သူ ဖြစ်ပါတယ်။

သူ့အသက် ၁၀နှစ် ကတည်းက BTS ကို အားပေးခဲ့တာဖြစ်ပြီး လတ်တလော သူ့အကြိုက်ပြောင်းမယ့် အစီအစဉ် မရှိသေးဘဲ ၊ ကျွန်မကတော့ သူ့တို့ သီချင်းတွေကို ကြိုက်တယ် သူတို့ရဲ့ ကျော်ကြားမှုကို ကြိုက်တာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ဇွန် ၁၃ ရက်ပွဲကို သွားခဲ့တဲ့ ပရိသတ်တွေကတော့ ဒီလိုအောင်မြင်တာက အဖွဲ့ရဲ့ ထူးခြားတဲ့ဆွဲဆောင်မှုရှိရှိ တင်ဆက်နိုင်မှုတွေနဲ့ ပရိသတ်ရဲ့ သစ္စာစောင့်သိမှုတွေကြောင့်လို့ ပြောပါတယ်။

“သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းရည်တွေက အမြဲတမ်း ထိပ်တန်းပါပဲ။ သူတို့အဖွဲ့က သူမတူပါပဲ “လို့ ပရိသတ်တစ်ဦးက ကိုရီးယား Arirang News ကို ပြောပါတယ်။

“ကပ်ရောဂါ ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကအများကြီးပဲ။ BTS က အခုအခိုက်အတန့်မှာ ကျွန်မတို့ကို ကယ်တင်လိုက်သလိုပါပဲ။” လို့နောက်ထပ်တစ်ဦးကလည်းပြောထားပါတယ်။

BTS အပြည့်အဝပြန်လည်ပေါင်းစည်းဖို့အတွက် ကြိုဆိုပွဲစတင်ခဲ့ပြီး အဖွဲ့ဝင်ခုနှစ်ဦးစလုံး စစ်မှုထမ်းတာပြီးဆုံးတဲ့ ၂၀၂၅ ခုနှစ် ဇွန်လနောက်ပိုင်းမှာ ပြီးပြည့်စုံတဲ့အဖွဲ့ပြန်ဖြစ်လာဖို့လည်း ပရိသတ်တွေကစောင့်ဆိုင်းနေကြတယ်လို့ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...