အအေးမိပြီဆိုရင် ဘာလို့ နှာစေး၊ နှာပိတ်၊ နှာချေဖြစ်ရတာလဲ?

Health Knowledge
အအေးမိပြီဆိုရင် ဘာလို့ နှာစေး၊ နှာပိတ်၊ နှာချေဖြစ်ရတာလဲ?

အအေးမိ၊ တုပ်ကွေးဖြစ်ပြီး ဖျားနာကြပြီဆိုရင် နှာစေး၊ နှာပိတ်၊ နှာချေဖြစ်တတ်ပါတယ်။ ဘာလို့ ဒီလိုလက္ခဏာတွေ ဖြစ်လာရတာလဲဆိုတာကို ဒီနေ့ရှင်းပြပါမယ်။

နှာစေးခြင်း ဘာ့ကြောင့်ဖြစ်ရတာလဲ?

အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို ကူးစက်ဝင်ရောက်လာပါတယ်။ ဒီအချိန်မှာ နှာခေါင်းအတွင်းပိုင်းကို ဖုံးအုပ်ထားတဲ့ Nasal mucosa လို့ခေါ်တဲ့ နံရံကို ရောင်ရမ်းစေပါတယ်။ ရောင်ရမ်းလာတဲ့ Nasal mucosa တွေကနေ Mucous လို့ခေါ်တဲ့ ချွဲတစ်မျိုးကို အမြောက်အမြား ထုတ်လွှတ်ပါတော့တယ်။ အဲ့ဒီ အချွဲတွေ အပြင်ဘက်ကို နှပ်ချေးအနေနဲ့ စီးဆင်းလာရာကတစ်ဆင့် နှာစေးလာရတာပါ။ အစပိုင်းမှာ နှပ်ဟာ ကျဲပြီး အကြည်ရောင်ရှိပါတယ်။ နောက်ပိုင်းကျရင် တဖြည်းဖြည်းပျစ်လာပြီး နို့နှစ်ရောင်၊ အဝါရောင်၊ အစိမ်းရောင် စသည်ဖြင့် အရောင်ပြောင်းသွားတတ်ပါတယ်။

နှာပိတ်ခြင်း ဘာ့ကြောင့်ဖြစ်ရတာလဲ?

အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေကြောင့် ရောင်ရမ်းလာတဲ့ နှာခေါင်းအတွင်းနံရံတွေက ထူလာပြီး နှာခေါင်းပိတ်တတ်သလို၊ အထက်မှာဖေါ်ပြခဲ့တဲ့ နှပ်ချေးတွေ ပျစ်ရာကတစ်ဆင့်လည်း နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပါတယ်။

ဘာ့ကြောင့် နှာချေရတာလဲ?

အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက နှာခေါင်းအတွင်းကို ဝင်လာတဲ့အချိန်မှာ နှာခေါင်းထဲက ဆဲလ်လေးတွေက ဟစ်စ်တမင်း (Histamine) လို့ခေါ်တဲ့ ယားယံစေတဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ အဆိုပါ ဟစ်စ်တမင်းက နှာခေါင်းအတွင်းနံရံမှာရှိတဲ့ သွေးကြောလေးတွေကို ကျယ်စေပြီး သွေးပို့လွှတ်မှုကို များစေပါတယ်။ ထိုအခါ နှာခေါင်းအတွင်းနံရံက ရောင်ရမ်းဖောင်းကြွလာပြီး နှာချေစေတဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်လို့ နှာချေခြင်းဖြစ်လာရတာပါ။

နှာချေခြင်းဟာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ အာရုံကြောတုန့်ပြန်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ နှာခေါင်းအတွင်းက ဗိုင်းရပ်စ်ပိုးမွှားတွေနဲ့ ယားယံစေတဲ့ ပစ္စည်းတွေကို အပြင်ကိုပြန်လည်မှုတ်ထုတ်ဖို့ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...