မြောက်ကိုရီးယားရောက် ရုရှားသမ္မတပူတင်ကို ကင်ဂျုံအွန်းက ကော်ဇောနီခင်း ခရီးဦး ကြိုဆို
မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ကိုရောက်လာတဲ့ ရုရှားသမ္မတ ပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက လေဆိပ်မှာ ကော်ဇောနီခင်း ကနဦး ခရီးဦးကြို ကြိုဆိုထားပြီး ဒီနေ့မှာတော့ ထိပ်သီးဆွေးနွေးပွဲနဲ့ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ကြိုဆိုဖို့လည်းရှိနေပါတယ်။ မြောက်ကိုရီးယား – ရုရှားခေါင်းဆောင်တွေရဲ့တွေ့ဆုံမှု နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ဒီနေ့မှာ တရားဝင် ကြိုဆိုမှာဖြစ်ပြီး သမ္မတပူတင်ဟာ ပြုံယမ်းမြို့ကို ညပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ သမ္မတ ပူတင်တစ်ယောက် မြောက်ကိုရီးယားဒေသစံတော်ချိန် မနက် ၃ နာရီ လေယာဥ် ဆိုက်ရောက်ချိန်မှာ လေဆိပ်မှာ ကိုယ်တိုင် ကြိုဆိုခဲ့ပါတယ်
ဒီနေ့မှာတော့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ မှတ်တမ်းဓာတ်ပုံရိုက်တာ၊ မိနစ် ၉၀ ကြာဆွေးနွေးတာနဲ့ လက်ဖက်ရည်အတူသောက်ကြတာအပါအဝင် ၉ နာရီကြာ တွေ့ဆုံကြဖို့ရှိပါတယ်
ခေါင်းဆောင်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရုရှားအရှေ့ဖျားဒေသမှာ တွေ့ဆုံခဲ့ကြပြီး သမ္မတ ပူတင်အတွက်ကတော့ မြောက်ကိုရီးယားကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးခရီးစဥ်ဖြစ်ပါတယ်
မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံစလုံးကတော့ သူတို့ကြားမှာ လက်နက်ဆိုင်ရာသဘောတူညီချက်ရှိတယ်ဆိုတဲ့ပြောဆိုချက်တွေကို ငြင်းဆိုထားပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းကတော့ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးခိုင်မာအောင် ကြိုးပမ်းမယ်လို့ ပြောထားပါတယ်
ရုရှားက ယူကရိန်းကို အင်အားပြည့်နဲ့ကျူးကျော်ပြီးတဲ့နောက်မှာ ပူတင်ဟာ အနောက်ကမ္ဘာကနေ ဖယ်ကျဥ်ခံရသူဖြစ်လာတာကြောင့် မဟာမိတ်တွေကို ကမ္ဘာ့အခြားနေရာတွေမှာ ရှာဖွေနေပါတယ်
မြောက်ကိုရီးယားခရီးစဥ် ပြီးရင်တော့ သမ္မတ ပူတင်ဟာ ကာလရှည်ကြာမဟာမိတ်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ကုန်သွယ်ရေးလို ကိစ္စရပ်တွေ ဆွေးနွေးနိုင်ခြေရှိနေပါတယ်
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။