ကိုယ်ဝန်ဖျက်ချမှုကို ထောင်ဒဏ်အနှစ် ၂၀ ချမယ့် ဥပဒေကြမ်းကြောင့် ဘရာဇီးနိုင်ငံတဝန်း ဆန္ဒပြ

International News
ကိုယ်ဝန်ဖျက်ချမှုကို ထောင်ဒဏ်အနှစ် ၂၀ ချမယ့် ဥပဒေကြမ်းကြောင့် ဘရာဇီးနိုင်ငံတဝန်း ဆန္ဒပြ

ကိုယ်ဝန်ဖျက်ချမှုကို လူthetမှုနဲ့ တန်းတူထားမယ့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဘရာဇီးနိုင်ငံမှာ ဒီရက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ဒီဥပဒေကြမ်းဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရလို့ ရလာတဲ့ ကိုယ်ဝန်ဖျက်ချမှုအပါအဝင် ကိုယ်ဝန်ဖျက်ချမှုအခြေအနေအတော်များများကို ပိတ်ပင်ထားတဲ့ ဥပဒေကြမ်းလည်းဖြစ်ပါတယ်။

ရက်သတ္တပတ် ၂၂ ပတ်ကျော်ကြာလွယ်ထားတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့လုပ်ရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပြင်ဆင်ထားပါတယ်။

ဘရာဇီးက အာဏာရပါတီဟာ ဥပဒေကြမ်းကို ဆန့်ကျင်နေပေမယ့် အောက်လွှတ်တော်အတွင်းက ကွန်ဆာဗေးတစ်တွေက ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ကို အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။

ရီယိုဒီဂျနေရို၊ ဆော်ပေါလိုနဲ့ ဘရာစီးလျားအပါအဝင် မြို့များစွာမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေတာပါ။

တချို့ကလည်း “မိန်းကလေးတစ်ဦးဟာ မိခင်တစ်ဦးမဟုတ်” လို့ရေးသားထားတဲ့ ကတ်ပြားတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ ပြောင်းလဲပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းက အသက် ၁၈ နှစ်အောက် မိန်းကလေးတွေအပေါ် သက်ရောက်မှုရှိလာပုံနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဘရာဇီးက လိင်ပိုင်းအနိုင်ကျင့်ခံရသူ ရာခိုင်နှုန်း ၆၀ ကျော်ဟာ အသက် ၁၃ နှစ်နဲ့ ၁၃ နှစ်အောက်တွေဖြစ်တယ်လို့ ရာဇဝတ်မှုစာရင်းအင်းလေ့လာချက်တွေအရ သိရပါတယ်။

လက်ရှိဘရာဇီးဥပဒေအရ လိင်ပိုင်းအနိုင်ကျင့်ခံရတာ၊ မိခင်လောင်းအတွက် အသက်အန္တရာယ်ရှိတဲ့အခါ နဲ့ သန္ဓေသားဦးနှောက်ပုံမမှန်တာ စတဲ့ ကန့်သတ်ထားတဲ့ အခြေအနေတချို့မှာပဲ ဥပဒေနဲ့အညီ ကိုယ်ဝန်ဖျက်ချခွင့်ရှိနေပါတယ်။

ဒီကိစ္စတွေနဲ့အကျုံးမဝင်ရင် ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
အခုဥပဒေကြမ်းကိုသာ အတည်ပြုဖြစ်မယ်ဆိုရင် ကိုယ်တိုင်ဖျက်ချတာဖြစ်စေ၊ ဖျက်ချလိုကြောင်း ခွင့်ပြုတာဖြစ်စေ သာမန်လူသတ်မှုတွေအတွက် ချမှတ်လေ့ရှိတဲ့ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ထောင်ဒဏ် ခြောက်နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ်လည်း ဥပဒေက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

သာမန်ကိုယ်ဝန်ဖျက်ချမှုဆိုတာ ဘရာဇီးပြစ်မှုဆိုင်ရာဥပဒေအရ လူတစ်ဦးက အခြားလူတစ်ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာလို့ ဖွင့်ဆိုထားပါတယ်။

လွှတ်တော်အမတ်တွေက လုပ်ထုံးလုပ်နည်းအဆင့်တချို့ကို ဖြတ်ကျော်ပြီးတဲ့နောက် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ရေးက ပိုမိုနီးစပ်လာတာမို့ ဆန့်ကျင်သူတွေဘက်ကနေ ဝေဖန်တာတွေရှိလာပါတယ်။

“ရပြီးသားအခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို လက်မခံနိုင်ပါဘူး” လို့ ကောင်စီဝင်အမျိုးသမီး မော်နီကာ ဘနီလျှိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ကျွန်မတို့ဘဝတွေနဲ့ပတ်သက်တဲ့ အတုအယောင်မူဝါဒကို ကွန်ဆာဗေးတစ်အစိုးရတစ်ရပ်က စေ့စပ်ဆွေးနွေးနေတာကို မလိုချင်ပါဘူး၊ ဘရာဇီးမှာ ဥပဒေနဲ့အညီ ကိုယ်ဝန်ဖျက်ချခွင့်ရတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်” လို့ သူကပြောပါတယ်။

ဥပဒေကြမ်းကို ရေးသားခဲ့တဲ့ အောက်လွှတ်တော်အမတ် ဆိုစတဲနက်စ် ကာဗယ်ကန်တီးက လွှတ်တော်တွင်း မှာဥပဒေကြမ်းကိုတင်ပြီးတဲ့နောက် ကျေနပ်ဝမ်းမြောက်နေကြပြီး ‘‘အသက်ရှင်သန်မှုအတွက် အောင်ပွဲ’’ ဆိုတဲ့စကားကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဘရာဇီးအစိုးရဟာ ဥပဒေအပြောင်းအလဲကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေပြီး လူ့အခွင့်အရေးဝန်ကြီး ဆယ်လ်ဗီယို အယ်မိုင်ဒါက ဥပဒေကြမ်းဟာ “ကိုယ်ကျင့်တရားပျက်စေတဲ့အရာဖြစ်တယ်’’ လို့ ဆိုခဲ့ပါတယ်။

“ဘရာဇီးလူ့အဖွဲ့အစည်းက ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိနေတာပါ။ အခုလိုအချိန်မှာ လိင်ပိုင်းအနိုင်ကျင့်ခံရသူ အမျိုးသမီးနဲ့ လိင်ပိုင်းအနိုင်ကျင့်သူတို့ ဥပဒေအရသက်ရောက်မှုအတူတူရှိမရှိ ဆွေးနွေးနေရတာဟာ မယုံနိုင်စရာပဲ” လို့ မစ္စတာ အယ်မိုင်ဒါက ပြောပါတယ်။

လိင်ပိုင်းအနိုင်ကျင့်သူ တစ်ဦးဟာ ထောင်ဒဏ် ၁၀ နှစ်ဝန်းကျင်ပဲ ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုတာကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပြီးနောက်မှာ မစ္စတာအယ်လ်မိုင်ဒါက ပြောခဲ့တာဖြစ်ပါတယ်။

သမ္မတ လူလာ ဒါ ဆေလ်ဗာရဲ့ လက်ဝဲပါတီက ဘရာဇီးကိုဦးဆောင်နေပေမယ့် လွှတ်တော်အမတ်များစွာက သမ္မတဟောင်း ဂျိုင်ယာဘိုဆိုနာရို ရဲ့ လက်ယာ လစ်ဘရယ်ပါတီ(PL) နဲ့ တခြားကွန်ဆာဗေးတစ်အုပ်စုများက ဖြစ်နေပါတယ်။

PL ဟာ ဘရာဇီးကွန်ဂရက်က အောက်လွှတ်တော်မှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် ဥပဒေကြမ်းအတည်ပြုနိုင်ဖို့အတွက် အခြားအတိုက်အခံအမတ်တွေရဲ့ ထောက်ခံမှုကိုလည်း လိုအပ်ဦးမှာဖြစ်ပါတယ်။

အောက်လွှတ်တော်တွင်းမှာ ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ မဲပေးမယ့်ရက်ကို မသတ်မှတ်ရသေးပါဘူး။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...