ပြည်ပနိုင်ငံတွေကနေ သြစတြေးလျ စစ်သားစုဆောင်းခွင့်ပြု

International News
ပြည်ပနိုင်ငံတွေကနေ သြစတြေးလျ စစ်သားစုဆောင်းခွင့်ပြု

စစ်သားသစ်တွေကို သြစတြေးလျနိုင်ငံသား အမြန်ရအောင် လုပ်ပေးမယ်

စစ်သားသစ် တိုးပွားရေးအတွက် ဗြိတိန်အပါအဝင် ပြည်ပနိုင်ငံတွေက တပ်သားသစ်တွေ လက်ခံဖို့ သြစတြေးလျ စစ်တပ်က ခွင့်ပြုလိုက်ပါတယ်။

သြစတြေးလျမှာ စစ်ထဲဝင်သူဦးရေ လျော့ကျနေလို့ ဒေသတွင်း ခြိမ်းခြောက်မှုတွေ ပိုကြီးလာချိန်မှာ စစ်တပ်ကို ဖြည့်တင်းဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။

ဇူလိုင်လကစပြီး သြစတြေးလျမှာ အမြဲတမ်းနေခွင့်ရှိတဲ့ နယူးဇီလန်နိုင်ငံသားတွေကို သြစတြေးလျစစ်တပ်ထဲ ဝင်ခွင့်ပေးတော့မှာပါ။ နောက်နှစ်ကစပြီး ဗြိတိန်နဲ့ အမေရိကန်၊ ကနေဒါ အပါအဝင် တခြားနိုင်ငံသားတွေကိုလည်း သြစတြေးလျစစ်တပ်ထဲ ဝင်ခွင့်ပြုဖို့ ရှိပါတယ်။

တပ်ထဲ ဝင်ခွင့် သတ်မှတ်ချက် ပြောင်းလဲတာဟာ လာမယ့် ဆယ်စုနှစ်အလွန်မှာ နိုင်ငံရဲ့ လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ ပြည့်မီအောင် လုပ်တာ ဆိုပြီး သြစတြေးလျကာကွယ်ရေး ဝန်ကြီး ရစ်ချတ် မားလ်စ်က ပြောပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့ ပထမကမ္ဘာစစ်မှာ အတူယှဉ်တွဲ တိုက်ခဲ့တဲ့ ခေတ်ကတည်းက စပြီး အန့်ဇက် ဆက်ဆံရေးက ရှည်ကြာလှပြီ လို့လည်း သူက ဆိုပါတယ်။

နောက် သြစတြေးလျနဲ့ ဗြိတိန်၊ အမေရိကန် နိုင်ငံတွေကြား ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ဒီနှစ်ပိုင်းမှာ ကြိုးစားခဲ့ပါတယ်။ ၂၀၂၁ မှာတော့ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာမှာ တရုတ် စစ်ရေးချဲ့ထွင်မှုတွေ လုပ်လာတာကို ရင်ဆိုင်ဖို့အတွက် လုံခြုံရေးနဲ့ ကာကွယ်ရေး မဟာမိတ်ဖွဲ့ဖို့ စစ်စာချုပ်ကိုလည်း ဒီနိုင်ငံတွေကြား လက်မှတ်ထိုးခဲ့ကြပါတယ်။

သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ နယူးဇီလန် နိုင်ငံတွေကြား ထောက်လှမ်းရေး သတင်းအချက် ဖလှယ်မှုတွေကိုလည်း ပိုပြီး နီးနီးစပ်စပ် လုပ်ကိုင်နေကြတယ်။

ပစိဖိတ်မှာ တရုတ်ရေတပ်ကြီးစိုးလာမှာ ပူပန်

china

ဒီနိုင်ငံတွေက လူတွေကို ဦးတည်ပြီး စစ်သားစုဆောင်း နေပေမယ့် ဇန်နဝါရီလ ၁ ရက်ကစပြီး အမြဲတမ်းနေထိုင်ခွင့်ရှိသူ မည်သူမဆို လျှောက်ထားနိုင်တယ်လို့ သြစတြေးလျ စစ်ဘက်ဝန်ထမ်း ရေးရာ ဝန်ကြီး မတ်ကီယိုက ပြောပါတယ်။

တရုတ်ရဲ့ ရဲတင်းမှုတွေကို စိုးရိမ်ကြောင်း သြစတြေးလျက ထပ်ခါ ထပ်ခါ ပြောကြားခဲ့ပါတယ်။ ဒါကို တန်ပြန်ဖို့အတွက် အဆင့်မြင့် လေ့ကျင့်ထားတဲ့ ကာကွယ်ရေး လုပ်သားစု ဖြည့်တင်းဖို့ လိုတယ်ဆိုပြီး သြစတြေးလျစစ်တပ်ရဲ့ မနှစ်က ထုတ်တဲ့ မဟာဗျူဟာ သုံးသပ်ချက်မှာ ထောက်ပြထားပါတယ်။

ဆယ်စုနှစ် နှစ်စုအတွင်း တပ်သားဦးရေ ၃၀ ရာခိုင်နှုန်း တိုးချဲ့ဖို့ အတွက် အမေရိကန် ဒေါ်လာ ၂၅ ဘီလျံခွဲဖိုးနီးပါး သုံးစွဲမယ်လို့လည်း အရင်အစိုးရက ၂၀၂၀ မှာ ကြေညာခဲ့ပါတယ်။

သြစတြေးလျမှာ အလုပ်လက်မဲ့ နည်းပါးမှုကြောင့် စစ်သားစုဆောင်းရေး လုပ်ရတာ အင်မတန် ခက်ခဲတယ်လို့လည်း မစ္စတာ မတ်ကီယိုက ပြောပါတယ်။ မကြာခင်က ကောက်တဲ့ အစိုးရ စာရင်းဇယားတွေအရ သြစတြေးလျတပ်မှာ စစ်သားဦးရေ ၄၄ဝဝ လောက် လျော့နည်းနေပါတယ်။

,သြစတြေးလျက ခေတ်မီလှပတဲ့ ဆစ်ဒနီမြို့

Australia
သြစတြေးလျမှာ မဟာမိတ်နိုင်ငံတချို့က ပြောင်းရွှေ့လာတဲ့ စစ်သားအနည်းငယ်ကို လက်ခံတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အခု စစ်သားလက်ခံတဲ့ စည်းမျဉ်းသစ်တွေကတော့ စုဆောင်းမှုကို ပိုပြီး သိသိသာသာ တိုးချဲ့တဲ့ သဘောရှိပါတယ်။

သြစတြေးလျစစ်တပ် ဝင်ခွင့်နဲ့ လုံခြုံရေး လိုအပ်ချက်တွေနဲ့ ပြည့်မီတဲ့ တပ်ထဲ ဝင်ချင်သူတွေဟာ သြစတြေးလျမှာ အမြဲတမ်းနေခွင့် တနှစ်ကျော် ရှိရမှာ ဖြစ်ပါတယ်။ နောက်ပြီး တခြားနိုင်ငံစစ်တပ်တွေမှာလည်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မထမ်းဆောင်ခဲ့ရဘူးလို့ ဆိုပါတယ်။

တပ်ထဲဝင်ပြီး ရက် ၉ဝ အကြာမှာ သူတို့ကို သြစတြေးလျနိုင်ငံသား ဖြစ်ခွင့်လည်း ရစေရမယ်လို့ မစ္စတာကီယိုက ပြောပါတယ်။ ဒီပြည်ပက စစ်သားသစ်တွေ သြစတြေးလျ နိုင်ငံသား လျှောက်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို မကန့်ကွက်ဘူးလို့ အတိုက်အခံဘက်က နိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကာကွယ်ရေး မဟာဗျူဟာက စစ်တပ်တွင်း ယုံကြည်မှုနဲ့ စာရိတ္တကို မထိခိုက်စေရဘူးလို့လည်း ဆိုပါတယ်။

သြစတြေးလျ နိုင်ငံသားတွေ သြစတြေးလျ စစ်ဝတ်စုံကို ဝတ်တာ ပိုမြင်ချင်တယ်လို့ ဆိုင်မွန် ဘာမင်ဟမ်က သြစတြေးလျ စကိုင်းရုပ်သံကို ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...