မဟာမိတ်တွေရဲ့ ကျောထောက်နောက်ခံမှုနဲ့ မိုဒီ အိန္ဒိယဝန်ကြီးချုပ်ဆက်ဖြစ်
ဝန်ကြီးချုပ်နာရန်ဒြာမိုဒီအောင်ပွဲခံ
တတိယအကြိမ် သက်တမ်းကိုဆက်ရတဲ့ ဝန်ကြီးချုပ်နာရန်ဒြာမိုဒီ
၃ လအတွင်း ရက်ခြားပြီး ၇ ရက်ကြာ ကျင်းပခဲ့တဲ့ ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲရဲ့ ရလဒ်တွေ စတင်ထွက်ပေါ်လာပြီးနောက်တစ်နေ့မှာပဲ လက်ရှိဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်သက်တမ်းကို မဟာမိတ်တွေရဲ့ ထောက်ခံမှုတွေနဲ့ ဆက်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDA)နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပြီးနောက်မှာ မစ္စတာ မိုဒီ ဝန်ကြီးချုပ်တာဝန် ဆက်ယူဖို့ ထောက်ခံမှုရသွားတာဖြစ်ပါတယ်။
မိုဒီ ဝန်ကြီးချုပ် ဆက်ဖြစ်နိုင်ဖို့ဆိုတာဟာ လော့ဆာဘာလို့ခေါ်တဲ့ အောက်လွှတ်တော်က မဲအရေအတွက် အဓိက ကျခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ရွေးကောက်ခံအမတ် ၅၄၃ ဦးရှိပြီး ပါတီတစ်ခု ဒါမှမဟုတ် ညွန့်ပေါင်းအဖွဲ့ဟာ အများစုနေရာရရှိဖို့ဆိုရင် အနည်းဆုံး အမတ်နေရာ ၂၇၂ နေရာ လိုအပ်ပါတယ်။
အခုတကြိမ်ရွေးကောက်ပွဲမှာတော့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ မိုဒီဟာသူ့ရဲ့ BJP ပါတီဝင်တွေရဲ့ မဲတွေအပြင် ပါလီမန်အမတ်အများစုနေရာရှိတဲ့ NDA က ပါတီငယ်တွေ အပေါ်မှာလည်း မှီခိုအားထားနေခဲ့ရပါတယ်။ သူ့ပါတီက နောက်အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၂ မဲ ထက်လျော့နည်းရခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ NDA ရဲ့ ၂၉၃ နေရာမှာ ၂၃၂ နေရာ အနိုင်ရထားတဲ့ အတိုက်အခံတွေကတော့ သူတို့ ရွေး ကောက်ပွဲမှာ အနိုင်မရတော့ဘူးဆိုတာမျိုး တရားဝင်မကြေညာသေးပါဘူး။
နောက်ထပ် ဘယ်လိုဘယ်ပုံခြေလှမ်းမယ်ဆိုတာကို ဆွေးနွေးဖို့ အတိုက်အခံတွေကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ဒေလီမြို့မှာ တွေ့ဆုံထားကြပါတယ်။
မစ္စတာ မိုဒီဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာ တတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိပါတယ်။
မစ္စတာမိုဒီနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရတ်တီယာဂျာနာတားပါတီ(BJP)ဟာ ထိုင်ခုံနေရာ ၂၄၀ ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ အောက်လွှတ်တော် လော့ဆာဘာမှာ အကြီးဆုံးပါတီ ဖြစ်လာပါတယ်။
ဒါပေမဲ့ ဒီအရေအတွက်က ဝန်ကြီးချုပ်နဲ့ သူ့ပါတီအတွက် မဲအရေအတွက်သိသိသာသာ လျော့ကျလာတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် BJP က ၃၀၃ နေရာ အနိုင်ရခဲ့ပြီး အခုအကြိမ်မှာ ထိုင်ခုံ ၃၇၀ ရရှိဖို့ ရည်မှန်းထားတယ်လို့ မစ္စတာ မိုဒီက ပြောထားခဲ့တာပါ။အဲဒီလိုရမယ့်အစား အခုတော့ BJP ဟာ မစ္စတာမိုဒီရဲ့ တတိယမြောက် ဝန်ကြီးချုပ်သက်တမ်းကို စိတ်ချလက်ချရနိုင်ဖို့ NDA(မိတ်ဖက်မဟာမိတ်ပါတီ)တွေကို အားကိုးခဲ့ရတာဖြစ်ပါတယ်။
NDA ထုတ်ပြန်ချက်အရ ဒေလီအစည်းအဝေးမှာ မစ္စတာမိုဒီကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် ဆက်ရှိဖို့ ”တညီတညွတ်တည်း” ရွေးချယ်ခဲ့ကြပြီး “ဆင်းရဲသား၊ အမျိုးသမီး၊ လူငယ်၊ လယ်သမားတွေနဲ့ ခေါင်းပုံဖြတ်ခံနေရတဲ့ အိန္ဒိယနိုင်ငံရဲ့ အဖိနှိပ်ခံ အိန္ဒိယနိုင်ငံသားတွေရဲ့ တာဝန်တွေကို ထမ်းဆောင်မယ် “လို့ ကတိပြုထားတယ်လို့ ထည့်ပြောထားပါတယ်။
BJP အနေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဘက်က ဘယ်လိုတောင်းဆိုချက်တွေကို လိုက်လျောပေးရမလဲဆိုတာကလည်း မြင်သာလာနိုင်တဲ့အခြေအနေပါ။ ဆွေးနွေးပွဲမတိုင်မီကတော့ မဟာမိတ်ကြားထဲက အင်အားကြီး အစုအဖွဲ့တွေဟာ မိုဒီကို ဝန်ကြီးချုပ်အဖြစ် သူတို့က ထောက်ခံပေးတဲ့အနေနဲ့ သူတို့ကို အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီးရာထူးတွေ ပေးဖို့ တောင်းတာမျိုး ပါလာနိုင်တယ်လို့တောင် ခန့်မှန်းတာတွေ ရှိခဲ့ပါတယ်။
မစ္စတာ မိုဒီအနေနဲ့ သူ့ရဲ့ပါတီက မဲအပြတ်အသတ် အများစုအနိုင်မရဘဲ ညွန့်ပေါင်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အစိုးရဖွဲ့စည်းကာ ဝန်ကြီးချုပ်အနေနဲ့ အုပ်ချုပ်ရမယ့် ပထမဆုံးအကြိမ်ဖြစ်လာပါတယ်။ လာမယ့် ငါးနှစ်အတွင်း ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။
ရာဟူးဂန္ဒီ ဟာ မိုဒီရဲ့ BJP ကိုစိန်ခေါ်ခဲ့တဲ့ “အိန္ဒိယ” ညွန့်ပေါင်းပါတီအဖွဲ့ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
မစ္စတာ မိုဒီရဲ့ အတ္ထုပ္ပတ္တိကို ရေးသားခဲ့တဲ့ Nilanajan Mukhopadhyay ကတော့ မိုဒီအနေနဲ့ အခြားသူတွေရဲ့ အမြင်ကို ရှုမြင်ဖို့ တွန်းအားပေးလာနိုင်မယ်လို့ AFP သတင်းဌာနကိုဖြေထားပါတယ်။
“ဒီမိုကရေစီစနစ် အားကောင်းမောင်းသန်ပြီးပိုခိုင်မာတဲ့ လွှတ်တော်ကို ပိုမြင်လာမယ်” လို့သူကသုံးသပ်ပါတယ်။
“သူက တစ်ခါမှမဖြစ်ဘူးသေးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ်၊ မိုဒီအသစ်ကို ကျွန်တော်တို့တွေ့ရမယ်။”
တစ်ချိန်တည်းမှာပဲ အတိုက်အခံ အိန္ဒိယ ညွန့်ပေါင်းအဖွဲ့ကလည်း အနိုင်မရရှိခဲ့ပေမဲ့ ရလဒ်ကောင်းတွေ ရခဲ့ပါတယ်။
ကွန်ဂရက်ပါတီဥက္ကဋ္ဌ မာလီခါဂျန်ခါဂျီက ” ကျွန်တော်တို့ရဲ့ မဟာမိတ်အဖွဲ့က ကြီးမားတဲ့ ထောက်ခံမှုရရှိခဲ့ပါတယ်။” လို့ ချီးကျူးခဲ့ပြီး မဲဆန္ဒရှင်တွေက BJP ရဲ့ “အမုန်းတရားနိုင်ငံရေး၊ အကျင့်ပျက်ခြစားမှုနဲ့ ချို့တဲ့မှု” တွေကို ဆန့်ကျင်ကြောင်းအချက်ပေးလိုက်တာလို့ ဆိုပါတယ်။
“ဒါဟာ အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေးနဲ့ စျေးနှုန်းမြင့်တက်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ခရိုနီအရင်းရှင်စနစ်ကို ကာကွယ်ပြီး ဒီမိုကရေစီကို ကယ်တင်ဖို့ လုပ်ပိုင်ခွင့်တစ်ခုပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာလည်း မာလီခါဂျန်ခါဂျီကရေးပါတယ်။
NDA ရဲ့ အောင်ပွဲကြေညာပြီးနောက် အိမ်ဖြူတော်က မစ္စတာမိုဒီကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အာရှဒေသတွင်းမှာ လွတ်လပ်ပြီး ပွင့်လင်းမှုရှိလာဖို့ အမေရိကန်က အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယရွေးကောက်ပွဲက ကမ္ဘာပေါ်က မြင်ဖူးသမျှရွေးကောက်ပွဲတွေထဲမှာ အကြီးမားဆုံး ရွေးကောက်ပွဲဖြစ်ပါတယ်။ လူဦးရေ သန်း ၆၀၀ ကျော် – နိုင်ငံရဲ့ အရည်အချင်းပြည့်မီတဲ့ မဲဆန္ဒရှင်တွေရဲ့ ၆၆ ရာခိုင်နှုန်း။ စုစုပေါင်း ၁ ဘီလီယံနီးပါးက မဲပေးဖို့စာရင်းပေးခဲ့ကြပြီး ဒီပမာဏရဲ့ ကမ္ဘာ့လူဦးရေ ရဲ့ ၈ ပုံ ၁ ပုံခန့်ရှိပါတယ်။
လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေအနေ အကြောင်းကြောင်းတွေကြောင့် ဧပြီလ ၁၉ ရက်ကနေ ဇွန်လ ၁ ရက် အထိ အဆင့် ၇ ဆင့်နဲ့ မဲပေးပွဲကို ကျင်းပခဲ့ရတာပါ။
အိန္ဒိယနိုင်ငံရဲ့ ဒေသအချို့ မှာ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်နီးပါးအထိ မြင့်တက်လာသောကြောင့် ရွေးကောက်ပွဲရက်တွေ အများစုက ပြင်းထန်ပြီး သေစေနိုင်တဲ့ အပူရှိန်အောက်မှာ ကျင်းပခဲ့ပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။