ယူကရိန်းစစ်ကြောင့် ပြောင်းလဲလာတဲ့ကမ္ဘာ့အငှားကိုယ်ဝန်ဆောင်စျေးကွက်

International News
ယူကရိန်းစစ်ကြောင့် ပြောင်းလဲလာတဲ့ကမ္ဘာ့အငှားကိုယ်ဝန်ဆောင်စျေးကွက်

အာထရာဆောင်းရိုက်ဖို့ အခန်းတစ်ခုထဲဝင်လာတဲ့ အလီနာကို အသင့်စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်

အငှားကိုယ်ဝန်ဆောင်ခိုင်းချင်ရင် ယူကရိန်းကိုသွားဆိုတဲ့အထိ ယူကရိန်းနိုင်ငံဟာ ဥရောပတလွှားမှာ စီးပွားဖြစ်အငှားကိုယ်ဝန်ဆောင်မှုနဲ့ နာမည်ကြီးခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ အလုံးစုံကျူးကျော်စစ်ကြောင့် ကလေးမွေးနှုန်းလည်း ခန့်မှန်း ၉၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီလို့ ယူဆကြပါတယ်။

အခုတော့ ကလေးလိုချင်ကြတဲ့မိဘလောင်းလျာတွေဟာ ယူကရိန်းအစား အငှားကိုယ်ဝန်ဆောင်ခ ဘယ်လောက်အထိယူပါတယ်လို့ဆိုပြီး စျေးနှုန်းတိတိကျကြေညာထားသလို စျေးလည်းမြင့်နေတဲ့ ဂျော်ဂျီယာနိုင်ငံကို ခြေဦးလှည့်ကြပြီဖြစ်တယ်။

တဖက်မှာလည်း ဒါဟာ အမျိုးသမီးတွေကြုံနေရတဲ့ဖိအားနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာပါတယ်။

ဒီလို ကိုယ်ဝန်ဆောင်ဖို့ လူသစ်စုဆောင်း ခံရသူ အများစုဟာ ပြည်ပနိုင်ငံတွေက ဖြစ်ပါတယ်။

“ငွေကြောင့်သာမဟုတ်ဘူးဆိုရင် ကျွန်မ ဒါကို လုပ်မှာ မဟုတ်ဘူး” လို့ အလီနာက ပြောပါတယ်။ လုံခြုံရေးအရ နာမည်ပြောင်းပေးထားတဲ့ အသက် ၃၇ နှစ်အရွယ် ဒီအမျိုးသမီးဟာ စုံတွဲတစ်တွဲအတွက် ကိုယ်ဝန်ဆောင်ပေးဖို့ ဂျော်ဂျီယာနိုင်ငံက အငှားကိုယ်ဝန်ဝန်ဆောင်မှုပေးတဲ့အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုထားသူပါ။

ကိုယ်ဝန်ဆောင်နေတဲ့ကာလအတွင်း တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀ ရမှာဖြစ်ပြီး မီးဖွားပြီးရင် တော့ ဒေါ်လာ တစ်သောင်းခွဲ ထပ်မံရရှိမှာဖြစ်ပါတယ်။

“ကလေးမရနိုင်တဲ့ မိသားစုတွေကို ကျွန်မကကူညီပေးချင်တာပါ၊ ကလေးမရနိုင်လို့ဆိုပြီး ပြိုကွဲသွားတဲ့အိမ်ထောင်တွေကို ကျွန်မ တွေ့ဖူးပါတယ်” လို့ အလီနာက ပြောပါတယ်။

“ဒါပေမဲ့ အရင်းခံကတော့ ကျွန်မရဲ့ ငွေလိုအပ်မှုပေါ့နော်။ ကျွန်မ မိသားစုကို အကောင်းဆုံး စောင့်ရှောက်ချင်တယ်။ ကျွန်မ ကိုယ်တိုင်အတွက်ရော၊ ကလေးတွေအတွက်ရော ကြံ့ခိုင်ဖို့ လိုအပ်တယ်လေ”

သန္ဓေသားလောင်းတွေကို အငှားကိုယ်ဝန်ဆောင်ဆီ လွှဲပြောင်းပေးနေတဲ့လုပ်ငန်းစဉ်

 နိုက်ထရိုဂျင်အရည်ဘူးထဲက သန္ဓေသားလောင်းတွေကို လက်အိတ်နဲ့ ထုတ်ယူနေစဉ်
တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းဟာ ဒေါ်လာသန်းပေါင်းထောင်နဲ့ချီတဲ့လုပ်ငန်းဖြစ်ပါတယ်။

ကလေးနှစ်ယောက်ကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်နေတဲ့တစ်ကိုယ်ရည်မိခင်(single mother) ကာဇတ်စတန်နိုင်ငံသူ အလီနာကို ဂျော်ဂျီယာမှာရှိတဲ့အေဂျင်စီက ကာဇက်စတန်နိုင်ငံကနေ လူစုဆောင်းခဲ့တာပါ။ အလီနာအတွက်တော့ အငှားကိုယ်ဝန်ဆောင်မယ့်ကာလတလျှောက်ရမယ့် ငွေပမာဏက အင်္ကျီဆိုင်တစ်ဆိုင်မှာ သူလုပ်နေတဲ့ဝန်ထမ်းလစာထက် သုံးဆ ပိုရရှိမှာ ဖြစ်ပါတယ်။

“ကျွန်မကလေးတွေ မျက်နှာကလွဲရင် တခြားဘာကိုမှ မကြည့်သလို ဂရုလည်း မစိုက်ဘူး” လို့ သူက ပြောရင်း သူ့ကလေးတွေကို အတော်လေးလွမ်းနေရပြီလို့လည်း ထည့်ပြောပါတယ်။ အဲဒီလို ပြောနေချိန်က အလီယာ တစ်ယောက် သူ အငှားကိုယ်ဝန်ဆောင်ပေးရမယ့် စုံတွဲရဲ့ သန္ဓေသားလောင်းကို သူ့ရဲ့သားအိမ်ထဲထည့်ဖို့ ဂျော်ဂျီယာ မြို့တော် တီဘလစ်စီမြို့ကို သွားဖို့ စောင့်ဆိုင်းနေချိန်ဖြစ်ပါတယ်။

“ကျွန်မ ဒီအတွက် စိတ်ရော ကိုယ်ပါ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမှာ ဘယ်သူ့ဆီကမှ အကူအညီမရဘဲ တစ်ယောက်တည်း ထီးထီးကြီးလို ခံစားရတယ်”

မြင့်တက်လာတဲ့ အငှားကိုယ်ဝန်ဆောင်ခိုင်းမှု

ရုံးခန်းက စားပွဲမှာထိုင်နေတဲ့ ဒါမီရ ဘတ်ဘာဂီနိုဗာ

ဂျော်ဂျီယာဟာ ဥရောပအငှားကိုယ်ဝန်ဆောင်ဈေးကွက်ကို ယူကရိန်းလက်ကနေ လွှဲပြောင်းယူလိုက်ပြီဆိုပေမဲ့ ယူကရိန်းထက်စာရင် လူဦးရေ ၁၀ ဆအထိ နည်းပါးတာကြောင့် အေဂျင်စီတွေဟာ အလီနာလိုမျိုး အာရှအလယ်ပိုင်းက အမျိုးသမီးတွေကို ပိုတိုး စုဆောင်းရပါတယ်။

ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်တဲ့ ငွေကြေးပမာဏလည်း ပါဝင်နေတာကြောင့် အငှားကိုယ်ဝန်ဆောင်မှုဟာ ဒီနယ်ပယ်ထဲရောက်နှင့်ပြီးသား အမျိုးသမီးတွေ အတွက်တောင် ဖိအားပိုင်းမှာ စိုးရိမ်ချက်တွေရှိနေပါတယ်။

“သေချာမြင်အောင်ကြည့်ကြည့်မယ်ဆိုရင် အငှားကိုယ်ဝန်ဆောင်တဲ့မိခင်အတွက် ကောင်းကျိုး ဘာမှရှိမနေဘူး။ ကိုယ်ဝန်ဆောင်ပေးတဲ့ကျွန်မ တို့ ကလေးမလေးတွေဆိုရင် ဖိအားပေးခံရသလို ခံစားကြရတယ်” လို့ (ကာဇတ်စတန်ဘာသာနဲ့ဆိုရင် အနာဂတ်) အဓိပ္ပာယ်ရတဲ့ ဘိုလာရှက် အငှားကိုယ်ဝန်ဆောင်အေဂျင်စီ ဒါရိုက်တာ ဒါမီရ ဘတ်ဘာဂီနိုဗာ က ပြောပါတယ်။

“မိခင်စိတ်နဲ့ အငှားကိုယ်ဝန်ဆောင်တယ်ဆိုတာက ရှားပါတယ်” လို့ သူက ပြောပါတယ်။ “မွေးထားပြီးသား သူတို့ ရင်သွေးတွေရဲ့ အနာဂတ်အတွက် ဒီအမျိုးသမီးတွေက အငှားကိုယ်ဝန်ဆောင်ကြတာပါ။ လိုရင်းကတော့ ငွေလိုလို့ လုပ်ကြတာပေါ့လေ” လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီဟာ တစ်တော့ နဲ့ အင်စတာဂရမ် ကနေ အသက် ၂၀ နဲ့ ၃၄ နှစ်အရွယ်ကြား ကလေးမွေးဖွားဖူးတဲ့ အမျိုးသမီးတွေကို ဦးတည်ပြီး ကြော်ငြာပါတယ်။ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းရဲ့ ဈေးကွက်လိုအပ်ချက်မြင့်တက်နေပြီး ကာဇက်စတန်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ ရုံးသုံးခုကို လေယာဥ်နဲ့ သွားချည်လာလှည့် လုပ်နေရသလို တစ်ခါတလေဆို အမျိုးသမီးတွေနဲ့တွေ့ဆုံဖို့ တရုတ်ပြည်အထိသွားရတာတောင် ရှိပါတယ်။

ဒါမီရရဲ့ အပြောအရဆိုရင် အငှားကိုယ်ဝန်ဆောင်ခ စျေးနှုန်းမြင့်တက်လာချိန်မှာ နေထိုင်စားသောက်စရိတ်ကလည်း ကာဇတ်စတန်မှာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ တချို့အမျိုးသမီးတွေဆို တင်နေတဲ့အကြွေးတွေဆပ်နိုင်ဖို့ဆိုပြီး ဒုတိယအကြိမ် ဒါမှမဟုတ် တတိယအကြိမ် ကိုယ်ဝန်ဆောင်ဖို့ စာချုပ်တာတောင် ရှိပါတယ်။

“ဝမ်းနည်းစရာကောင်းတဲ့တစ်ချက်က ဒီဘက်ကာလတွေမှာဆိုရင် ဆေးပညာသင်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့ အငယ်တန်းဆရာဝန်တွေ၊ ပြီးတော့ ဆရာမတွေတောင် အငှားကိုယ်ဝန်ဆောင်ဖို့ စာရင်းပေးတာတွေရှိလာတယ်။ ဒီလို စာရင်းလာပေးကြလို့ ကျွန်မတော့ ဂုဏ်မယူနိုင်ပါဘူး” လို့ သူက ပြောပါတယ်။

“ဒီမိန်းမငယ်လေးတွေအတွက် ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။ သူတို့ရတဲ့ငွေက သူတို့ လွယ်ရမယ့် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးကြီးနဲ့စာရင် တန်တယ်လို့ မထင်ဘူး”

“အခြားအေဂျင်စီတွေမှာမပေးတဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့တာတွေကို ကျွန်မတို့ပေးတယ်ဆိုပေမဲ့ ခန္ဓာကိုယ်မှာ ဖိအားကြီးကြီးမားမားရတာလေ။ ဒါက ပိုက်ဆံလွယ်လွယ်ရတာမဟုတ်ဘူး။ သိပ်ခက်ခဲတဲ့အလုပ်ပါ”

ဒီလိုဆိုရင် သူ့အတွက် အကျိုးအမြတ်ရနေတဲ့ ဒီလုပ်ငန်းကို သူမ ဘာကြောင့် ဆက်လုပ်နေတာလဲ။

အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး ကလေးလိုချင်သူတွေ များလာတာကြောင့် ကျွန်မ ဆက်လုပ်နေရတာပါ” လို့ သူမက ပြောပါတယ်။ “ တရားဝင်ဖြစ်ဖို့လည်း လိုတယ်။ ရှင်းရှင်းပြောရရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းတာကြောင့်လည်း ပါတာပေါ့လေ”

ဥပဒေဘာသာ ကထိကဟောင်း ဒါမီရ ကတော့ ဒီအငှားကိုယ်ဝန်ဆောင်မှု လုပ်ငန်းစဉ်တစ်ခုလုံးမှာပါဝင်နေတဲ့ လူအကုန်လုံးကို ဥပဒေအရ များနိုင်သမျှ များများအကာအကွယ်ပေးနိုင်အောင် တိုက်တွန်း လုပ်ဆောင်နေတာလည်းရှိပါတယ်။

အငှားကိုယ်ဝန်ဆောင်တာကို ပိတ်ပင်ထားတဲ့နိုင်ငံတွေမှာဆိုရင် ကလေးလူကုန်ကူးတဲ့ဖြစ်ရပ်တွေမှာပါဝင်ဖို့အထိ လှည့်စားခံရတာ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ခ ပိုက်ဆံမရတာလို ဆိုးရွာတဲ့ဖြစ်ရပ် တွေကို ကြုံရတဲ့ အမျိုးသမီးတွေက သူ့ကို ဆက်သွယ်လာတာမျိုးလည်းရှိတယ်လို့ သူက ပြောပါတယ်။

အငှားကိုယ်ဝန်ဆောင်နဲ့ လူမှုအသိုင်းအဝိုင်းရဲ့အမြင်
ကိုယ်ဝန်ဆောင်ဗိုက်ပေါ် လက်တင်ထားတဲ့ အမျိုးသမီးတစ်ဦး

ဘီဘီစီက တွေ့ဆုံစကားပြောခဲ့တဲ့ အမျိုးသမီးတိုင်းကတော့ သူတို့ကိုယ် သူတို့ နစ်နာသူတွေလို့မထင်ပါဘူး။ ကိုယ်တိုင်အတွက်ရော အခြားသူတွေအတွက်ပါ ကလေးမွေးဖွားပေးနိုင်တဲ့ဘဝကို အများစုက ဂုဏ်ယူကြပါတယ်။ ဒါပေမဲ့ သူတို့ဇာတိနိုင်ငံတွေမှာ အငှားကိုယ်ဝန်ဆောင်တာကို အမည်းစက်တစ်ခုလို မြင်တတ်ကြတဲ့အမြင်ကိုတော့ သူတို့တွေ အတော်လေး မချင့်မရဲ ဖြစ်ကြပါတယ်။

အခြားမိဘတွေအတွက် သုံးယောက်မြောက်၊ သူ့အတွက် ငါးယောက်မြောက် ယောကျ်ားလေးကို ကိုယ်ဝန်ဆောင်ထားတာ ၇ လရှိနေပြီဖြစ်တဲ့ ဆာဘီနာ(အမည်လွှဲ)က တီဘလစ်စီ မြို့လယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ကျွန်မတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဆာဘီနာရဲ့ အငှားကိုယ်ဝန်ဆောင်အေဂျင်စီက ထောက်ပံ့ပေးထားတဲ့ အိမ်မှာ အိပ်ခန်းတစ်ခန်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်းပါဝင်ပြီး သူ့လိုပဲ ကိုယ်ဝန်ဆောင် ငါးဦးစုပြီးနေကြပြီး ဒါဟာ မီးမဖွားခင် သုံးလအလို ဂျော်ဂျီယာမှာ နေထိုင်ရတာပဲဖြစ်ပါတယ်။

တိုက်ခန်းက နေရောင်ကောင်းကောင်းရပြီး ခေါင်မိုးမြင့်မြင့်နဲ့ ကော့ကေးဆပ်တောင်တန်းတွေကိုတောင် လှမ်းမြင်ရတဲ့ ဝရံတာအသေးလေးလည်းပါတယ်။

အသက် ၁၅ နှစ်အရွယ်ကတည်းက အိမ်ထောင်ကျခဲ့ပြီး ကာဇက်စတန်ရဲ့ ဘဲလ်ကတ်ရှ်ရေကန်ဘေး မြို့ငယ်လေးတစ်မြို့ကနေလာတဲ့ ဆာဘီနာအတွက်တော့ အိမ်ပြန်ရင် ရပ်ထဲ ရွာထဲမှာ ကြုံရမယ့် ဝေဖန်မှုတွေထက် ဂျော်ဂျီယာမှာနေရတာက စိတ်ငြိမ်းချမ်းရာဖြစ်နေပါတယ်။ နေရပ်မှာဆိုရင် ဒီအလုပ်ကို လိင်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းနဲ့ခိုင်းနှိုင်းတာမျိုးတောင် ရှိဖူးတယ်လို့ သူက ပြောပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ဒီလို အငှားကိုယ်ဝန်ဆောင်တာ စိတ်ပိုင်းဆိုင်ရာထောက်ခံအားပေးမှု မရှိဘူး” လို့ သူမက ပြောပါတယ်။ “ကျွန်မကို ဝေဖန်ကဲ့ရဲ့ကြမယ်၊ ပြီးတော့ ကလေး ရောင်းစားတဲ့လူဆိုပြီး ကျွန်မကို စွပ်စွဲကြလိမ့်မယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှမပြောပြဖို့ ဆုံးဖြတ်ထားတယ်။ ဒါမှပဲ အိမ်ပြန်တဲ့အခါ ဖယ်ကျဥ်ခံရတာမျိုး မဖြစ်မှာ”

“မွတ်ဆလင် တစ်ဦးဆိုတော့ ငါများ မကောင်းမှုကျူးလွန်နေတာလားဆိုပြီး ကိုယ့်ဘာသာ ပြန်မေးမိတယ်။ အင်တာနက်မှာ ဒါနဲ့ပတ်သက်ပြီး ရှာဖွေဖတ်ကြည့်တယ်။ ကလေး မရနိုင်တဲ့သူတွေအတွက် ကောင်းရာ ကောင်းကျိုးအနေနဲ့ ကိုယ်ဝန်လွယ်ပေးပြီး ကလေးယူပေးတာ၊ အိမ့်ဆည်းလည်းလေးရှိလာအောင် ဖန်တီးပေးတာမလို့ ကျွန်မကောင်းတာလုပ်နေတာလို့ ထင်တယ်”

“ကျွန်မ ဒါကိုတော့ ငွေမရဘဲ လုပ်မပေးနိုင်ပါဘူး။ ကြီးပြင်းလာမယ့် ကျွန်မကလေးတွေကို ကျွေးမွေးရဖို့ ရှိတယ်၊ အကြီးဆုံးသားဆိုရင် လာမယ့်နှစ်တွေမှာ ကောလိပ်တက်ရတော့မယ်လေ။ ကာဇက်စတန် မှာဆိုရင် ဒီငွေပမာဏကိုရဖို့ အချိန်နှစ်ဆကြာမှာ”

ဥပဒေအရ တားမြစ်ထား
အငှားကိုယ်ဝန်ဆောင်တာနဲ့အတူ တွဲပါလာတဲ့အငြင်းပွားဖွယ်ရာအခြေအနေက ဂျော်ဂျီယာရဲ့ နိုင်ငံရေးအစုအဖွဲ့ရပ်ဝန်းနှစ်ခုစလုံးကနေ ဝေဖန်မှုကြုံရပါတယ်။

လစ်ဘရယ်ဘက်က အမျိုးသမီးဝါဒီအစုအဖွဲ့ကတော့ ဆေးဘက်ဆိုင်ရာပိုမိုတင်းကြပ်တဲ့ စည်းကမ်း တွေချမှတ်ဖို့နဲ့ ခေါင်းပုံဖြတ်ခံရတာကနေ အပြည့်အဝကာကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်တုန်းက နိုင်ငံခြားသားတွေအတွက် အငှားကိုယ်ဝန်ဆောင်တာတားမြစ်မယ့် အစီအစဉ်အကြောင်း ဆိုရှယ်ကွန်ဆာဗေးတစ်ဖြစ်တဲ့ Georgian Dream ပါတီ က ဝန်ကြီးချုပ် အီရာကလီ အဲဂါရီဗားရှီရီ က ထုတ်ပြန်ပါတယ်။ သူ့အပြောအရတော့ ဒီလုပ်ငန်းတွေဟာ “စီးပွားရေးလုပ်ငန်းအသွင်ကူးပြောင်းလာပြီး ကြော်ငြာတွေ တအားများနေတယ်” လို့ ဆိုပါတယ်။

LGBT ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်တွေနဲ့ မူဝါဒတွေကို ထုတ်ပြန်လေ့ရှိတယ်လို့ ရှုမြင်ခံရတဲ့ ဂျော်ဂျီယာအစိုးရကတော့ “လိမ်တူစုံတွဲတွေဟာ ပြည်တွင်းမှာ မွေးတဲ့ကလေးတွေကို မွေးစားနိုင်တယ်” ဆိုအချက်ကို စိုးရိမ်ကြောင်း ပြခဲ့ပါတယ်။

ဒါပေမဲ့ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းတွေရဲ့ စည်းရုံးမှု ဆွယ်မှုတွေကြောင့် အငှားကိုယ်ဝန်ဆောင်မှုဆိုင်ရာ ဥပဒေမူကြမ်းဟာ ဂျော်ဂျီယာမှာ လာမယ့်ဆောင်းဦး ရွေးကောက်ပွဲမတိုင်ခင်အထိ လွှတ်တော်တွင်း ဆွေးနွေးတဲ့အဆင့်ပဲ ရှိနေဦးမှာဖြစ်ပါတယ်။

အလီနာလိုမျိုး တကိုယ်ရည်မိခင်တွေအတွက်ကတော့ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေဆက်ပြီး ရနေသေးဖို့ မျှော်လင့်နေကြပါတယ်။

“ကိုယ်ဝန်ဆောင်မယ့်အစီအစဉ်တွေကို မြန်မြန်ဆန်ဆန်စချင်ပြီ၊ ဒါမှမြန်မြန်ပြီးမှာလေ” လို့ အလီနာ က ပြောပါတယ်။

“အချိန်ကုန်တာမြန်တယ်၊ ကျွန်မသားတွေလည်း ကြီးလာကြပြီ။ အကုန်လုံး တက်သုတ်ရိုက်လုပ်မှဖြစ်မှာ”

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...