ယူကရိန်းစစ် ရှည်ကြာအောင် ရုရှားကို တရုတ်ကူနေတယ်ဆိုပြီး စွပ်စွဲ

International News
ယူကရိန်းစစ် ရှည်ကြာအောင် ရုရှားကို တရုတ်ကူနေတယ်ဆိုပြီး စွပ်စွဲ

ယူကရိန်းစစ်ဒဏ်ခံ အပျက်အစီးတွေ

တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ရှည်ကြာအောင် ရုရှားကို ကူညီပေးနေတယ်ဆိုပြီး ယူကရိန်း သမ္မတက စွပ်စွဲလိုက်ပါတယ်။

ဆွစ်ဇာလန်မှာ ဒီလနှောင်းပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို တရုတ်က မတက်ဘူးလို့ ငြင်းဆန်ရုံသာမကဘဲ တခြားနိုင်ငံတွေလည်း မတက်အောင် တားဆီးနေတယ်ဆိုပြီး ဗိုလိုဒိုမာ ဇယ်လန်းစကီးက ပြောပါတယ်။

ရုရှားလက်နက်တွေထဲမှာ တရုတ်ကလာတာတွေ ပါတယ်ဆိုပြီး စင်္ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေး ဆွေးနွေးပွဲမှာ ဇယ်လန်းစကီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူရောက် ဇယ်လန်းစကီး

စစ်ပွဲမှာ ဘက်လိုက်တယ် ဆိုတဲ့ စကားကိုတော့ တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။

ရုရှားကို လက်နက်အစိတ်အပိုင်းတွေ ပို့ပြီး ကူနေတယ်လို့ တရုတ်ကို စွပ်စွဲကြပါတယ်။ ရုရှားစီးပွားရေးကို မပြိုလဲအောင် ကူညီတဲ့ အနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေ အများကြီး ဝယ်ပြီး အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအကျိုးဆက်ကို လျော့ပါးအောင် လုပ်တယ်လို့ မြင်ကြပါတယ်။

ရုရှားကို ဆွစ်ဇာလန် အစည်းအဝေး မဖိတ်နိုင်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖြစ် အသုံးဝင်မှုကို ယုတ်လျော့စေကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီး ဒေါင်ဂျွန်းက ပြောပါတယ်။

တရုတ်-အမေရိကန် ထိပ်တိုက်တွေ့ကြတဲ့ ရှန်ဂရီလာ လုံခြုံရေး ညီလာခံ

ကာကွယ်ရေး ဝန်ကြီးဒေါင်ဂျွန်း

ဇွန်လနှောင်းပိုင်းမှာ ကျင်းပမယ့် ဆွစ်ဇာလန် ထိပ်သီးဆွေးနွေးပွဲကို တက်ကြဖို့ ရှန်ဂရီလာ ဆွေးနွေးပွဲကို လာတဲ့ ကိုယ်စားလှယ်တွေကို ဇယ်လန်းစကီး တိုက်တွန်းခဲ့ပါတယ်။

အဏုမြူစွမ်းအင်နဲ့ အစားအစာ လုံခြုံရေး၊ ရုရှားမှာ ဖမ်းထားတဲ့ စစ်အကျဉ်းသားတွေနဲ့ ယူကရိန်းကလေးငယ်တွေ ပြန်လွှတ်ပေးရေးတွေ ဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။

အခုထိ ၁၀၆ နိုင်ငံကပဲ ဒီအစည်းအဝေးကို အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေ လွှတ်မယ်လို့ ပြောကြောင်း ဇယ်လန်းစကီးက ဆိုပါတယ်။

ရုရှားကို ဒီအစည်းအဝေးမဖိတ်သလို တရုတ်ကလည်း တက်မှာ မဟုတ်ပါဘူး။

ဒီအစည်းအဝေး မတက်ချင်ကြောင်း ရုရှားက ဆွစ်ဇာလန်ကို အစောပိုင်းက ပြောခဲ့တဲ့အတွက် ရုရှားကိုတရားဝင် ဖိတ်စာမပို့တာလို့ ဘီဘီစီက သိရှိထားပါတယ်။

ရုရှားက တခြားနိုင်ငံတွေ ဒီအစည်းအဝေးမတက်အောင် စိုက်ပျိုးရေးထွက်ကုန်တွေ၊ ဓာတုကုန်စည်တွေနဲ့ စွမ်းအင် ပိတ်ဆို့မယ်ဆိုပြီး ဖိအားပေးကာ ပွဲပျက်အောင် လုပ်နေတယ်လို့ ဇယ်လန်းစကီးက ပြောပါတယ်။

တချို့နိုင်ငံတွေက ဒီ သံတမန်ရေး နှောင့်ယှက်မှုမှာ ကူညီပေးနေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်နာမည်ကို သူထည့်ပြောပြီး အမေရိကန်လို အားပေးကူညီမှု မရှိဘူးလို့ ဆိုပါတယ်။

ရုရှားဟာ ဒေသတွင်း တရုတ်သြဇာသုံးပြီး ဒီထိပ်သီးအစည်းအဝေးကို ပျက်အောင်လုပ်မှာလို့လည်း ဇယ်လန်းစကီးက ဆိုပါတယ်။

တရုတ်လို အင်အားကြီး လွတ်လပ်တဲ့ နိုင်ငံကြီးက ပူတင့်လက်ထဲရောက်နေတာ ကံဆိုးတယ်လို့လည်း သူက ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ရုရှားနဲ့ ယူကရိန်းကို တန်းတူပါဝင်ခွင့် ရှိသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလိုမဟုတ်ရင် ငြိမ်းချမ်းရေး ပြန်တည်ဆောက်ဖို့ ခက်မယ်လို့ တရုတ်ဘက်က သောကြာနေ့က ပြောဆိုပါတယ်။

စစ်ရေးပြပွဲက ရုရှားစစ်သုံးကားတွေ

ရုရှားရဲ့ လက်နက်ခဲယမ်းတွေ၊ သံချပ်ကာကားတွေနဲ့ ဒုံးကျည်တွေ ပိုထုတ်နိုင်အောင် တရုတ်က ကူနေကြောင်း အမေရိကန်က ဆိုပါတယ်။ စက်ပစ္စည်း ၇ဝ ရာခိုင်နှုန်းနဲ့ ရုရှားထဲ သွင်းတဲ့ မိုက္ကရိုအီလက်ထရောနစ် ပစ္စည်း ၉ဝ ရာခိုင်နှုန်းက တရုတ်ကလာတာလို့ ခန့်မှန်းပါတယ်။

ယူကရိန်းပဋိပက္ခမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအားပေးရေး ဘက်ကပဲ တရုတ်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ရပ်တည်ပါတယ်။ ဘယ်ဘက်ကိုမှ လက်နက် ထောက်ပံ့တာလည်း မလုပ်ပါဘူး။ စစ်ဘက် အရပ်ဘက်သုံးပစ္စည်းတွေ တင်ပို့မှုကို တင်းကျပ်ခဲ့သလို မီးလောင်ရာ လေပင့်လည်း မလုပ်ခဲ့ပါဘူးဆိုပြီး တရုတ်ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်

ဒီအစည်းအဝေးမှာ တရုတ်ဝန်ကြီးနဲ့ မတွေ့ပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ခဲ့ကြောင်း ဇယ်လန်းစကီးက ပြောပါတယ်။ ရုရှားပိုင်နက်ထဲ အမေရိကန်လက်နက်တွေ ယူကရိန်း သုံးခွင့်ပြုဖို့ ဆုံးဖြတ်ချက်ကိုလည်း သူတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဟေးမားဒုံးကျည်ပစ်စင်တွေကို တိုက်ပွဲပြင်းထန်နေတဲ့ ဟာကိနယ်မြေအစပ်မှာ အမေရိကန်က သုံးခွင့်ပေးတာကို ကျေးဇူးတင်ကြောင်း ဇယ်လန်းစကီးက ပြောပါတယ်။

အမေရိကန်နဲ့ ပြင်သစ်လို အနောက်နိုင်ငံတချို့က ထောက်ပံ့တဲ့ လက်နက်တွေ ယူကရိန်းကို သုံးခွင့်ပိုပေးလာကြပါတယ်။ ဒီအတွက် ပြင်းထန်တဲ့ အကျိုးဆက် လာနိုင်ကြောင်း ရုရှားက သတိပေးထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...