အမှိုက်မပစ်ဖို့ အမိန့်ထုတ်ထားတဲ့ ဧဝရက်တောင်ထိပ်ကနေ နှစ်စဉ် အမှိုက်တန် ရာချီ ရနေ
ဟိမဝန္တာပေါ်က စွန့်ပစ်မှိုက် ၁၁ တန်၊ အလောင်း ၄ လောင်းနဲ့ အရိုးစု ၁ စုံ
အခုနှစ်အတွင်း ဧဝရက်တောင်ထိပ်ဖျား နဲ့ တခြား ဟိမဝန္တာတောင်ထိပ် နှစ်ခုကနေ စွန့်ပစ်အမှိုက် ၁၁ တန်ကို ဖယ်ရှားပစ်ခဲ့ရတယ်လို့ နီပေါ စစ်တပ်က ပြောပါတယ်။
ဒါ့အပြင် ရုပ်အလောင်း ၄ လောင်းနဲ့ လူအရိုးစု တစုံကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နီပေါ စစ်တပ်အနေနဲ့ ဧဝရက်တောင်၊ နူ့ပ်ဆီ နဲ့ လော့ဆီ စတဲ့ တောင်ထိပ်တွေပေါ်က အမှိုက်နဲ့ ရုပ်ကြွင်းတွေကို ရက်ပေါင်း ၅၅ ရက်ကြာ အချိန်ယူ ဖယ်ရှား ရှင်းလင်းခဲ့ရပါတယ်။
တိဗက် ဒေသမှာ ရှိတဲ့ လော့ဆီဟာ ကမ္ဘာပေါ်မှာ စတုထ္တ အမြင့်ဆုံး တောင်ထိပ် ဖြစ်ပြီး နက်ဆီ ကတော့ ဟိမဝန္တာ တောင်တန်းတွေရှိရာ နီပေါနိုင်ငံက ခွန်မ်ဘူ ဒေသမှာ ရှိတာ ဖြစ်ပါတယ်။
အခုဆိုရင် ဧဝရက်တောင်ထိပ်ကနေ သူတို့ဖယ်ရှား ရှင်းလင်းခဲ့ရတဲ့ အမှိုက်တန်ပေါင်း ၅၀ ကျော် အပြင် အလောင်း ၂၀၀ ကျော် ရှိပြီလို့ နီပေါစစ်တပ်က ပြောပါတယ်။
သူတို့အနေနဲ့ အခုနှစ်ပိုင်းတွေကစလို့ တောင်ထိပ် ရှင်းလင်းမှု စစ်ဆင်ရေးကို နှစ်စဉ် ပြုလုပ်ပြီး ဟိမဝန္တာတောင်ထိပ်ဟာ ကမ္ဘာ့အမြင့်ဆုံးဒေသက အမှိုက်ပုံကြီးလို ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
တောင်တက်သမားတွေ ကိုယ်စွန့်တဲ့ မိလ္လာအညစ်အကြေး ကိုယ့်ဖာသာ ပြန်သယ်သွားဖို့ နီပေါ အစိုးရအမိန့်ထုတ်
ခရီးသွားတွေ အလာများတဲ့ ဧဝရက်တောင်ထိပ်မှာ လူတွေ ကျပ်ညပ်လာတဲ့ ပြဿနာကို စိုးရိမ်ရတဲ့ အခြေအနေ အဖြစ် ၂၀၁၉ တုန်းက ထုတ်ဖော် ပြောခဲ့ကြပြီး ဒီလို လူများလာတဲ့အတွက် တောင်ထိပ်ကို ရောက်ဖို့ တန်းစီနေရတဲ့ အခြေအနေက အန္တရာယ် ဖြစ်လာပါတယ်။
five clean-ups လို့ခေါ်တဲ့ အလျား ငါးပေ အနံ ငါးပေ ဝန်းကျင် ရှိတဲ့ နေရာကို ရှင်းလင်းရာမှာ အမှိုက်တန်ချိန် ၁၁၉ တန် လူအလောင်း ၁၄ လောင်းနဲ့ လူအရိုးစု တချို့ တွေ့ရတယ်လို့ နီပေါစစ်တပ်က ပြောပါတယ်။
တောင်ထိပ်မှာ အမှိုက်စွန့်ပစ်မှု လျော့ချရေးနဲ့ တောင်တက်သမားတွေ အနေနဲ့ တခုခုဖြစ်ရင် ခြေရာခံနိုင်မယ့် ကိရိယာ အပြည့်အစုံ တပ်ဆင်သုံးစွဲဖို့ သာမက သူတို့မိလ္လာတွေ ပြန်လည် သယ်ယူခဲ့ဖို့ စတဲ့အချက်တွေကို အာဏာပိုင်တွေ က အခုနှစ်မှာ ညွှန်ကြား အမိန့်ထုတ်ထားခဲ့ပါတယ်။
အနာဂတ်မှာတော့ နီပေါ အစိုးရ အနေနဲ့ တောင်ထိပ် စစ်ဆင်ရေး အဖွဲ့တခု ဖွဲ့စည်းက အမှိုက်စွန့်ပစ်မှု အခြေအနေ တွေကို စောင့်ကြည့်သွားဖို့ စီစဉ်နေပြီး အမှိုက်သိမ်းဆည်းမှာ ငွေကြေး ပိုမို စိုက်ထုတ် သုံးစွဲသွားမယ်လို့ တောင်တန်း ဒေသ ခရီးသွားလာမှု မြှင့်တင်ရေး ဌာန ညွှန်ကြားရေးမှူး ရာကတ်ရှ် ဂူရောင်းက ဘီဘီစီကို ပြောပါတယ်။
တောင်တက်သမားတွေ စွန့်ပစ်အမှိုက်နဲ့ အတူ လူရုပ်အလောင်းတွေလည်း ရရှိတယ်လို့ နီပေါရဲက ပြော
နွေဦး တောင်တက်ရာသီဟာ မေလမှာ ကုန်ဆုံးခဲ့ပြီး အစိုးရက တောင်တက်သမား ၄၂၁ ယောက်ကို တောင်တက်ခွင့် လိုင်စင် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ မနှစ်က စံချိန်တင် အများဆုံး ဖြစ်ခဲ့တဲ့ ၄၇၈ ယောက်ကို လိုင်စင် ထုတ်ပေးခဲ့မှုထက် လျော့ကျသွားခဲ့တာပါ။ အဲဒီ တောင်တက်သမားစာရင်းထဲ နီပေါနိုင်ငံသား ခရီးသွား လမ်းညွှန် အရေအတွက် မပါသေးပါဘူး။ အားလုံး ပေါင်းလိုက်ရင်တော့ အခုနှစ်အတွင်း တောင်တက်သူ စုစုပေါင်း အယောက် ၆ဝဝ ဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အခုနှစ်အတွင်း တောင်တက်သမား ၈ ယောက် သေဆုံး၊ ပျောက်ဆုံးမှု ဖြစ်ခဲ့ပြီး ဒါဟာ မနှစ်က ဖြစ်ခဲ့တဲ့ ၁၉ ယောက်ထက် စာရင် အများကြီး ကျဆင်းသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့တုန်းကလည်း ရေခဲစိုင် ပြိုကျရိုက်ခတ်မှုဖြစ်ခဲ့ပြီး ဗြိတိန် နိုင်ငံသား ဒန်နီရယ် ပက်တာဆင် နဲ့ သူ့ရဲ့ နီပေါနိုင်ငံသား ခရီးသွားလမ်းညွှန် ပက်စတန်ဂျီ ရှီရာပါ တို့ ပျောက်ဆုံးလျက် ရှိပါတယ်။
မစ္စတာ ပက်တာဆင် ရဲ့ ကျန်ရစ်သူ မိသားစုက သူ့ကို ရှာဖွေနိုင်ရေးအတွက် ရံပုံငွေ စတင် ကောက်ခံ နေပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နောက်ဆုံးသတင်းတွေ အရ ပျောက်ဆုံးတဲ့ နေရာ သိဖို့နဲ့ ရှာဖွေရေး လုပ်ဖို့ အန္တရာယ် အခက်အခဲတွေကြောင့် အခုလို အချိန်မှာ ရှာဖွေရေးလုပ်ဖို့ အတွက် မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
အမှိုက်ပြဿနာနဲ့ အတူ တောင်တက်သမားတွေ ပြည့်နှက်နေလို့ အတက်အဆင်းမှာ အန္တရာယ်တွေလည်း ရှိလာ
နီပေါ ခရီးသွား တိုးမြှင့်ရေး ဌာန အကြီးအကဲ မစ္စတာ ဂူရန်း ကတော့ ဒီနှစ်မှာ ကမ္ဘာစီးပွားရေး အခြေအနေ ၊ တရုတ် ဘက်က ပါမစ် ထုတ်ပေးမှု အပြင် အိန္ဒိယ ရွေးကောက်ပွဲတွေကြောင့် သူတို့အပါအ၀င် အနီးဝန်းကျင်နိုင်ငံတွေမှာ တောင်တက်သမား အရေအတွက် လျော့သွားခဲ့တယ်လို့ ဆိုပါတယ်။
နောင်ပိုင်းမှာလည်း နီပေါ အစိုးရကနေ တောင်တက်ခွင့် လိုင်စင် ပါမစ် ထုတ်ပေးမှု လျော့ကျသွားနိုင်ပြီး အကြောင်းရင်းကတော့ နီပေါ အစိုးရကို တရားရုံးချုပ်က တောင်တက်ပါမစ် ကန့်သတ်ဖို့ ပြီးခဲ့တဲ့ မေလတုန်းက အမိန့်ထုတ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကနဦး အမိန့်မှာတော့ တောင်တက်ခွင့် အများဆုံး အရေအတွက်ကို ဖော်ပြမထားပါဘူး။
မစ္စတာ ဂူရန်း ကတော့ တရားရုံးချုပ် အမိန့်ကို ကြိုဆိုလိုက်ပြီး အစိုးရ အနေနဲ့ တောင်ထိပ်မှာ တောင်တက်သမားတွေ အတက်အဆင်း ပိတ်ဆို့ ကြပ်ညပ်နေမယ့် အခြေအနေကို ဖြေရှင်းရအောင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တောင်တက်သမားတွေ ဘေးကင်းလုံခြုံရေးအတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းကာ လုပ်ဆောင် သွားမယ်လို့လည်း သူက ဆိုပါတယ်။
ခိုင်လုံတဲ့ ဆန်းစစ် လေ့လာ သုံးသပ်ချက်တွေ မရှိဘဲ ဧဝရက်တောင်ထိပ်ကို လုံခြုံဘေးကင်းစွာ တက်နိုင်မယ့်သူ အရေအတွက်ကို ထုတ်ပြောဖို့ မဖြစ်နိုင်သေးဘူးလို့ နီပေါ ခရီးသွားမြှင့်တင်ရေး ဌာန ညွှန်ကြားရေးမှူး မစ္စတာ ဂူရန်းက ပြောကြားသွားခဲ့ပါတယ်။
ရေးသားသူ –BBC burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။