အီဖယ်မျှော်စင်က အခေါင်း ပဟေဠိ ရုရှားကို မသင်္ကာ

International News
အီဖယ်မျှော်စင်က အခေါင်း ပဟေဠိ ရုရှားကို မသင်္ကာ

ပဲရစ်မြို့ အီဖယ်မျှော်စင်မှာ လုံခြုံရေး အမြဲတင်းကျပ်

ယူကရိန်းက ပြင်သစ်စစ်သားများ ဆိုပြီး စာထွင်းထားတဲ့ ပြင်သစ်အလံအုပ်ထားတဲ့ အခေါင်းငါးလုံး အီဖယ်မျှော်စင်နားမှာ လာချသွားတဲ့ လုပ်ရပ်နောက်ကွယ်မှာ ရုရှားလက်ချက်ပါတယ်ဆိုပြီး ပြင်သစ် ထောက်လှမ်းရေးက ယူဆပါတယ်။

စနေနေ့ မနက် ပဲရစ်စံတော်ချိန် ကိုးနာရီလောက်က အမျိုးသားသုံးယောက် ဗန်ကားနဲ့ ရောက်လာတာကို တွေ့ရပါတယ်။ သူတို့ချသွားတဲ့ အခေါင်းတွေထဲ ပတ္တီးမှုန့်အိတ်တွေ ထည့်ထားတာ နောက်ပိုင်းမှာ တွေ့ခဲ့ပါတယ်။

ရဲက ကားမောင်းသမားကို အမြန် လက်ရဖမ်းမိခဲ့ပြီး သူ့ကို ယူရိုငွေ ၄ဝ ပေးပြီး အခေါင်းတွေ သယ်ပေးဖို့ တခြားလူနှစ်ယောက်က ခိုင်းတာလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ဘူလ်ဂေးရီးယားကနေ ပဲရစ်ကို ရောက်တာ တရက်ပဲ ရှိပါသေးတယ်။

တခြားလူနှစ်ယောက်ကိုတော့ ပဲရစ်မြို့လယ်က ဘာစီကားဂိတ်မှာ နောက်ပိုင်း ရဲက ဖမ်းမိခဲ့ပါတယ်။ အဲဒီကနေ သူတို့ ဘာလင်ကို ဘတ်စ်ကားနဲ့ သွားဖို့ပြင်နေတာလို့လည်း ဆိုပါတယ်။

ခေါင်းတွေ မျှော်စင်နား ချပေးဖို့ သူတို့ကို ယူရို လေးရာ ပေးတယ်လို့ ရဲကို ပြောကြောင်း ပြင်သစ် သတင်းတွေအရ သိရပါတယ်။

ကားသမားက ဘူလ်ဂေးရီးယားက ဖြစ်ပြီး ကျန်တဲ့နှစ်ယောက်က ယူကရိန်းနဲ့ ဂျာမနီကလို့ ပြင်သစ်ရဲက ပြောပါတယ်။

တရားရေးဘက်က စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခင် သူတို့သုံးယောက်ကို တနင်္ဂနွေနေ့က တရားသူကြီးဆီ ခေါ်သွားကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။ ဆူပူရန် တင်ကူးကြံစည်မှုနဲ့ စစ်မှာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို ပြည်ပက အကွက်ချ စီစဉ်သလား သိရဖို့ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။

အရင်ဖြစ်ခဲ့တဲ့ ကိစ္စနှစ်ခုနဲ့ ဆက်စပ်ကြည့်ပြီး ဒီကိစ္စမှာ ရုရှားသူလျှိုတွေ ပတ်သက်နိုင်ကြောင်း ပြင်သစ်ရဲက ယူဆပါတယ်။ ဒီနှစ်ခုလုံးကလည်း လူထုကြားထဲ အထင်အမြင် ရှုပ်ထွေးအောင် ကြိုးစားတဲ့ကိစ္စတွေ ဖြစ်ပုံရပါတယ်။

အစ္စရေးမှာ ဟားမတ်စ် တိုက်ခိုက်မှုဖြစ်လို့ လူ ၁၂၀၀ လောက် thayပြီး ဓားစာခံတွေ ဖမ်းသွားပြီးနောက် သိပ်မကြာခင် အောက်တိုဘာလမှာပဲ ပဲရစ်က နံရံတွေပေါ်မှာ ဒေးဗစ်ကြယ်လို့ခေါ်တဲ့ ဂျူးဘာသာရေးအရသုံးတဲ့ ခြောက်ထောင့်ကြယ်တွေ ပေါ်လာခဲ့ပါတယ်။ ဒီကြယ်တွေက အစ္စရေးအလံကို ပြန်ပြောင်းအောက်မေ့စေပါတယ်။

ဒီအတွက် ရုရှားထောက်လှမ်းရေးက ပိုက်ဆံပေးတယ်လို့ ပြင်သစ်အာဏာပိုင်တွေ ယူဆတဲ့ မော်လ်ဒိုဗာက စုံတွဲကို ဖမ်းခဲ့ပါ တယ်။

အရင်လကတော့ ပဲရစ်က ဂျူးလူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ် နေရာမှာ လက်ဖ၀ါးနီတွေ ရေးခြယ်ခဲ့ပါတယ်။ ဒီအမှုမှာ ကျူးလွန်သူတွေ ပြည်ပကို ထွက်ပြေးသွားတယ်လို့ ပြင်သစ်ရဲက ယူဆပါတယ်။

စနေနေ့ဖြစ်ရပ်မှာ ဖမ်းဆီးထားသူတယောက်ဟာ လက်ဖဝါးနီကိစ္စမှာ အလိုရှိတဲ့ ဘူလ်ဂေးရီးယားက တယောက်နဲ့ ဖုန်းအဆက်အသွယ်ရှိနေကြောင်း ရဲဘက်ရင်းမြစ်ကို ကိုးကားပြီး လမွန့် ပြင်သစ် သတင်းစာက ရေးသားပါတယ်။

ဒီသံသယတရားခံဟာ ၃၄ နှစ်အရွယ် ဂျော်ဂျီ အက်ဖ်ဆိုပြီးလည်း သတင်းစာက ဖော်ပြပါတယ်။

ယူကရိန်းကို ပြင်သစ် စစ်သားတွေ လွှတ်ဖို့ မရှိဘူးဆိုပြီး ပြင်သစ် သမ္မတ အီမန်ဝဲ မက်ကရွန်းရဲ့ ထပ်ဆင့်ငြင်းဆိုချက်ကို ရုရှားက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ် စစ်ရေးနည်းပြတွေ စေလွှတ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း အရင်ပတ်ကပဲ ယူကရိန်း အစိုးရက အတည်ပြုခဲ့ပါတယ်။

ဒီသတင်းကြောင့် အခေါင်းတွေ လာချတဲ့ ကိစ္စဖြစ်လာနိုင်ကြောင်း ပြင်သစ်ရဲက ယူဆပါတယ်။ ယူကရိန်းစစ်မှာ ပြင်သစ်နက်နက်ရှိုင်းရှိုင်းပါဝင်မှုကို ရုရှားက ပြင်းပြင်းထန်ထန် ဆန့်ကျင်တာကို ပြဖို့ ရုရှားထောက်လှမ်းရေးက ကြိုးစားတာလို့လည်း ယူဆပါတယ်။

ဒေးဗစ်ကြယ်တွေနဲ့ လက်ဖဝါးနီတွေ ရေးခြယ်တဲ့ ကိစ္စ နှစ်ခုလုံးမှာလည်း ရုရှားဝါဒဖြန့် ဝက်ဆိုက်တွေမှာ မကြာခဏပါလေ့ရှိတဲ့ ဓာတ်ပုံဆရာတယောက် ပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...