ဒုတိယကမ္ဘာစစ်နဲ့ ယူကရိန်းစစ်ကို ဒီဒေးမိန့်ခွန်းမှာ ဘိုင်ဒန် ဆက်စပ်ပြ

International News
ဒုတိယကမ္ဘာစစ်နဲ့ ယူကရိန်းစစ်ကို ဒီဒေးမိန့်ခွန်းမှာ ဘိုင်ဒန် ဆက်စပ်ပြ

ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ ကျင်းပတဲ့ ဒီဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈ဝ ပြည့် အခမ်းအနားမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒုတိယကမ္ဘာစစ်နဲ့ ယူကရိန်းကို ရုရှားကျူးကျော်စစ်တွေကို နှိုင်းယှဉ်ပြခဲ့ပါတယ်။

ဒီဒေးမှာ ပါဝင်ပြီး ကျဆုံးခဲ့တဲ့ အမေရိကန်တပ်သား ကိုးထောင်ကျော်ကို မြှုပ်နှံထားရာ နေရာအနီးမှာ သူ မိန့်ခွန်းပြောခဲ့တာပါ။ ဒီမိုကရေစီနိုင်ငံတွေ ထပ်ပြီး ခြိမ်းခြောက်ခံနေရပြီလို့လည်း မစ္စတာ ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ အာဏာရှင်တွေက ယူကရိန်းအရေးမှာ အနောက်အုပ်စုရဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်နေတယ်လို့လည်း သူက ဆိုပါတယ်။

၁၉၄၂ မှာ မွေးတဲ့ သမ္မတဘိုင်ဒန်ဟာ နာဇီသိမ်းထားတဲ့ပြင်သစ်ကို လွတ်မြောက်အောင် လုပ်ချိန်ကို မီခဲ့တဲ့ နောက်ဆုံး အမေရိကန် ခေါင်းဆောင် ဖြစ်ပါလိမ့်မယ်။

ကြာသပတေးနေ့က ကျင်းပတဲ့ ဒီဒေးအခမ်းအနားတွေကို တက်ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်၊ ဗြိတိသျှဘုရင် တတိယချားလ်စ်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးတို့လည်း ပါဝင်ပါတယ်။

မိန့်ခွန်းပြောနေတုန်းမှာလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်စနစ်ကို ခုခံခဲ့ပုံနဲ့ အခု ဖြစ်နေတဲ့ ယူကရိန်းစစ် နှစ်ခုကို မစ္စတာ ဘိုင်ဒန်က မကြာခဏ ဆက်စပ်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းမှာ ဖြစ်နေတာတွေကို အာဏာရှင်တွေက စောင့်ကြည့်နေတယ်ဆိုပြီး အမေရိကန်တပ်သားတွေရဲ့ အုတ်ဂူတွေနဲ့ ပြည့်နေတဲ့ ကွင်းပြင်ရှေ့မှာ အမေရိကန် သမ္မတက သတိပေးခဲ့ပါတယ်။

ပဋိပက္ခကနေ အမေရိကန်က လက်ရှောင်ထွက်သွားမှာမဟုတ်ဘူးလို့ သူက ကြုံးဝါးပါတယ်။ ယူကရိန်းကို အသိမ်းခံလိုက်ရင် အဲဒါနဲ့ပဲ ပြီးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ယူကရိန်းရဲ့ အိမ်နီးချင်းတွေကိုလည်း ခြိမ်းခြောက်ခံရမယ်၊ ဥရောပတတိုက်လုံးလည်း ခြိမ်းခြောက်ခံရမှာလို့ ဘိုင်ဒန်က ပြောပါတယ်။

နောက် ရုရှား ခေါင်းဆောင် ဗလာဒီမာ ပူတင်ကိုလည်း ဘိုင်ဒန်က တိုက်ရိုက် ထိပါးခဲ့ပါတယ်။

ကမ္ဘာတလွှား ဒီမိုကရေစီ ဆန့်ကျင်တဲ့ အင်အားစုတွေက ခြိမ်းခြောက်မှုတွေ တိုးလာနေကြောင်းနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်မှုတွေ ပိုတိုးလာကြောင်း ထပ်တလဲလဲ ပြောပြီး အနောက်တိုင်း ခေါင်းဆောင်တွေကို သူက စည်းရုံးခဲ့ပါတယ်။

ဒီဒေးကမ်းတက်တိုက်ပွဲကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ မြင့်မြတ်တဲ့ ညီအစ်ကိုတွေရဲ့ အားထုတ်မှုကိုလည်း သူက ချီးကျူးခဲ့ပြီး ဒီမှာ တိုက်ပွဲဝင်ခဲ့သူတွေဟာ သူရဲကောင်းတွေပါလို့ ဆိုပါတယ်။

usa, france

ဒီဒေးနေ့ပွဲက ပြင်သစ်နဲ့ အမေရိကန် သမ္မတစုံတွဲတွေ

ပြင်သစ်သမ္မတ မက်ကရွန်နဲ့အတူ အခမ်းအနားတက်လာတဲ့ မစ္စတာ ဘိုင်ဒန်က ကမ္ဘာတလွှားက ဒီမိုကရေစီနိုင်ငံတွေအကြား မဟာမိတ်ဖွဲ့မှု ခိုင်မြဲဖို့ အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

နေတိုးမဟာမိတ်တွေရဲ့ တန်ဖိုးကိုလည်း သူက ဂုဏ်တင်ပြောဆိုခဲ့ပါတယ်။ အရင် နှစ် ၈ဝ က မဟာမိတ်တွေ ဒီမှာ လုပ်သွားခဲ့တာတွေကို ခုထိ ကျွန်တော်တို့ မကျော်လွှားနိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီသင်ခန်းစာကို အမေရိကန်တွေ ဘယ်တော့မှ မမေ့ပါစေနဲ့လို့ ဆုတောင်းကြောင်းလည်း ပြောပါတယ်။

အမေရိကန်မှာ ရီပတ်ဘလစ်ကန်ပါတီဘက်က ကမ္ဘာ့အရေးတွေမှာ မပါဘဲ သီးသန့်ခွဲနေဖို့ လှုံ့ဆော်နေချိန်မှာ ဘိုင်ဒန် ဒီလို ပြောကြားခဲ့တာပါ။ ရီပတ်ဘလစ်ကန်ပါတီဝင် အများအပြားက ယူကရိန်းကို စစ်ပစ္စည်း အကူအညီတွေ ပို့တာကို ဝေဖန်တာတွေလည်း တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း ယူကရိန်း စစ်မြေပြင်က ဆုံးရှုံးမှုတွေအတွက် အကူအညီသစ်တွေ ခွင့်ပြုရေးမှာ ရီပတ်ဘလစ်ကန်ဘက်က နှောင့်နှေးအောင် လုပ်ခဲ့တာကိုလည်း သမ္မတ ဘိုင်ဒန်က အပြစ်တင်ခဲ့ပါတယ်။

တခါ အမေရိကန်မှာ ဒီလို သီးခြားနေချင်သူတွေ ရှိနေတာကိုလည်း ဘိုင်ဒန်က ထိုးနှက်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကို လျစ်လျူရှုထားမှုရဲ့ တန်ဖိုးက ငယ်ရွယ်သူနဲ့ ရဲရင့်သူတွေရဲ့ အသက်သွေးတွေနဲ့ ပေးရပါတယ်လို့ ဆိုပါတယ်။

ရုရှားကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို အမေရိကန် လက်နက်တွေ သုံးခွင့်ပေးခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို မစ္စတာ ဘိုင်ဒန်က အေဘီစီ သတင်းနဲ့ တွေ့ဆုံခန်းမှာ ကာကွယ်ပြောကြားခဲ့ပါတယ်။ နယ်စပ်နားတဝိုက်မှာသာ ဒီတိုက်ခိုက်မှုတွေကို ကန့်သတ်ထားပြီး မော်စကိုထိ မရောက်စေရကြောင်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

france

နော်မန်ဒီက အခမ်းအနားမှာ ဒီဒေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန်စစ်သား တချို့လည်း တက်ရောက်ကြပါတယ်။

၁၉၄၄ ဇွန်လ ၆ ရက်က နော်မန်ဒီကမ်းခြေ ငါးခုကို အမေရိကန်၊ ဗြိတိသျှ၊ ကနေဒါနဲ့ ပြင်သစ်တပ်သား တသိန်းခွဲကျော် ကမ်းတက်တိုက်ပွဲဝင်ခဲ့ကြတာပါ။ သမိုင်းမှာ အကြီးဆုံး ပင်လယ်ရေကြောင်းက သိမ်းပိုက်မှုကြီး ဖြစ်ပါတယ်။

ဘေ့စ်ဘောဦးထုပ်တွေ ဆောင်းထားကြတဲ့ ဒီတပ်သား အများအပြားကို ပြင်သစ်ရဲ့ အမြင့်ဆုံး အရပ်ဘက် ဂုဏ်ထူးဆောင်ဆု လရွှန်းဒေါ်နဲ ဘွဲ့ကို မစ္စတာ မက်ကရွန်းက ချီးမြှင့်ခဲ့ပါတယ်။

canada

အသက် တရာ စစ်ပြန်ကြီးနဲ့ ကနေဒါ ဝန်ကြီးချုပ်

ဒီနေ့အစောပိုင်းမှာပဲ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးကလည်း ဒီဒေးနေ့မှာ ကျဆုံးခဲ့တဲ့ ကနေဒါ တပ်သား ၃၈၁ ဦး အတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အနာဂတ်မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့ ဒီမိုကရေစီအတွက် နေ့စဉ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်ဆိုပြီး သူကလည်း ဘိုင်ဒန်လိုပဲ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှဘုရင် တတိယချားလ်စ်ကတော့ နော်မန်ဒီက ဗြိတိသျှတပ်တွေအတွက် အောက်မေ့ဖွယ်နေရာမှာ ပန်းခွေချခဲ့ပါတယ်။

ဒီဒေးစစ်ပြန်တွေ လုပ်ခဲ့တဲ့ စွန့်စားမှုကို ပြန်လုပ်ယူလို့မရဘူးလို့လည်း သူက မိန့်ခွန်းပြောပါတယ်။ ဒီအတွက် ကျေးဇူးတင်သလို အမြဲ အားကျလေးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...