ဓာတ်ခွဲခန်းထဲမှာ တိရစ္ဆာန်တွေ စမ်းသပ်ခံဖြစ်နေရတဲ့ဘဝက လွတ်ကင်းအောင် AI ကူညီနိုင်မလား

International News Tech
ဓာတ်ခွဲခန်းထဲမှာ တိရစ္ဆာန်တွေ စမ်းသပ်ခံဖြစ်နေရတဲ့ဘဝက လွတ်ကင်းအောင် AI ကူညီနိုင်မလား

ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေမှာ တိရစ္ဆာန်တွေ သုံးစရာမလိုအောင် AI က တချိန်ကျရင် လုပ်ပေးနိုင်မယ်လို့ မှန်းဆနေကြ

တိရစ္ဆာန်တွေကို သိပ္ပံဆိုင်ရာစမ်းသပ်မှုတွေမှာ အသုံးချနေရတာတွေအပေါ် တိရစ္ဆာန်ချစ်သူပဲဖြစ်ဖြစ်၊ ဓာတ်ခွဲခန်းပညာရှင်ပဲဖြစ်ဖြစ် ဘယ်သူကမှ လိုလားကြမှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဒီလိုစမ်းသပ်ကြည့်ပြီးမှသာ ဒီတီထွင်ဖန်တီးထားတဲ့ ဆေးတွေ၊ ဓာတုပစ္စည်းတွေကို လူတွေမှာ သုံးရင် ဘေးကင်းစိတ်ချရမှာမို့ တိရစ္ဆာန်တွေကို ဓာတ်ခွဲခန်းတွေမှာ သုံးနေရဆဲဖြစ်ပါတယ်။

တိရစ္ဆာန်တွေကို မသုံးရပဲ အစားထိုးသုံးနိုင်မယ့်အရာတွေကို သုတေသီတွေက ရှာဖွေစူးစမ်းနေကြတာ ကာလအတော်ရှိလာနေပါပြီ။ ဉာဏ်ရည်တု (Artificial intelligence – AI) စနစ်တွေက ဒါကို ရဖို့ အရှိန်မြင့်ဆောင်ရွက်နေကြပါတယ်။

AI အပလီကေးရှင်းတခုက ရိုးရိုးလေးပေမဲ့ အစွမ်းထက်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားနေပါတယ်။ သူက ကမ္ဘာတဝန်းမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ထားတဲ့ ဓာတ်ခွဲခန်း ရလဒ်တွေကို ရှာဖွေစုဆောင်းတဲ့နေရာမှာ အသုံးချနိုင်ပါတယ်။ အဲဒီရလဒ်တွေကို စုဆောင်းထားနိုင်ပြီဆိုရင် တိရစ္ဆာန်တွေနဲ့ နောက်ထပ် စမ်းသပ်မှု အသစ်တွေ လုပ်စရာမလိုတော့ပါဘူး။

တာဝန်ခံမှုရှိတဲ့ ဆေးပညာရှင်များအဖွဲ့ (Physicians Committee of Responsible Medicine) က ထိပ်တန်း သုတေသီ ဂျိုးဇက် မန်နုပဲလိုက ဒါက သိပ်ကို အသုံးကျပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သိပ္ပံပညာရှင်တွေအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ချီပြီးရှိနေတဲ့ ဒေတာ အချက်အလက်တွေကို ရှာဖွေရာမှာဖြစ်စေ၊ ဆန်းစစ်သုံးသပ်ရာမှာ ဖြစ်စေ ဘယ်လိုမှ လွယ်ကူနိုင်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ChatGPT လို AI အပလီကေးရှင်းက ကျွန်တော့် အဖို့ သိပ်ကို စိတ်လှုပ်ရှား စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ရှိနေတဲ့ ဒေတာတွေကို သူကဆန်းစစ်ပေးနိုင်မှာ ဖြစ်သလို အဲဒီထဲကအကောင်းဆုံးတွေကို စစ်ထုတ်ပေးနိုင်ပါလိမ့်မယ်” လို့ သူကပြောပါတယ်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်က အဆိပ်လေ့လာမှုဆိုင်ရာ ပါမောက္ခ သောမတ်စ် ဟတ်တန်က တိရစ္ဆာန်တွေကို အစားထိုးနိုင်မယ့် စမ်းသပ်နည်း ဆိုင်ရာ စင်တာက ဒါရိုက်တာလည်းဖြစ်ပါတယ်။ သူက “သိပ္ပံ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းတွေက အချက်အလက်တွေကို ထုတ်ယူတဲ့နေရာမှာ AI က လူသားတယောက်လိုပဲ ကောင်းပါတယ်၊ ပိုပြီးတော့တောင် ကောင်းပါတယ်” လို့ ဆိုပါတယ်။

တိရစ္ဆာန်တွေနဲ့ လက်ရှိစမ်းသပ်နေတဲ့ကိစ္စတွေကို ကြည့်ရင် အသုံးပြုမယ့် ဓာတု ပစ္စည်းတွေကို ဆန်းစစ်ဖို့က ပထမဆုံးလုပ်ရမယ့် အရေးပဲလို့ ပါမောက္ခ ဟတ်တန်က ပြောပါတယ်။ စျေးကွက်ထဲကို နှစ်စဉ်ဝင်လာတဲ့ ဓာတုဒြပ်ပေါင်းတွေက ၁,၀၀၀ ကျော်ရှိပြီး ဒါတွေကို စမ်းသပ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

ဓာတုပစ္စည်းအသစ်တခုရဲ့ အဆိပ်ဓာတ်ကို ဘာလဲဆိုတာသိနိုင်ဖို့ လေ့ကျင့်ထားတဲ့ AI စနစ်တခုက စွမ်းဆောင်နိုင်တယ်လို့ ပါမောက္ခ ဟတ်တန်က ပြောပါတယ်။

“ကျွန်တော်တို့ ခလုတ်နှိပ်နိုင်တဲ့ ကိရိယာတွေရှိရင်၊ ကျွန်တော်တို့ အစပျိုးဆန်းစစ်ဖို့ အခွင့်အရေးရမယ်၊ အဲဒီနည်းနဲ့ ‌ဟောဒီနေရာမှာတော့ ပြဿနာရှိနေပြီဆိုတာကို သိနိုင်မယ်ဆိုတော့ ဒါက သိပ်ကို အကူအညီဖြစ်မှာပါ။”

အဆိပ်လေ့လာမှုဘာသာရပ်မှာ ဆော့ဝဲလ်စနစ်တွေ ဟိုးအရင်ကတည်းက သုံးနေတာဖြစ်ပြီး AI က စွမ်းဆောင်ရည်ပိုင်းနဲ့ တိကျမှုအပိုင်းတွေမှာ “ခုန်ပျံ ကျော်လွှား ရှေ့ကိုရောက်သွားမှာ” လို့ ပါမောက္ခ ဟတ်တန်က ပြောပါတယ်။

“အခုလောလောဆယ်မှာ AI ဟာ အဆိပ်အ‌တောက်လေ့လာရေး အဆင့်တိုင်းမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒါက အရင်တုန်းကမရှိခဲ့တော့ ချက်ချင်းကို အခွင့်အလမ်းများစွာကို ပေးလိမ့်မယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ AI ဟာ ကနဦး စစချင်းမှာပဲ ဆေးဝါးအသစ်တွေ ထုတ်လုပ်ရေးမှာ ကူညီနေပါပြီ။

ဒါပေမဲ့ လူသားတွေအတွက်ရည်ရွယ်တဲ့ ဆေးဝါးကို တိရစ္ဆာန်တွေနဲ့ အရင် စမ်းသပ်တဲ့နေရာမှာလည်း အသုံးမတည့်တာမျိုးတွေ ဖြစ်တတ်ကြောင်း ပါမောက္ခ ဟတ်တန်က ထောက်ပြပါတယ်။

ဥပမာအားဖြင့် အဆစ်ရောင် ရောဂါအတွက် ထုတ်လုပ်တဲ့ Vioxx ဆေးဆိုရင် တိရစ္ဆာန်တွေနဲ့ စမ်းသပ်ရာမှာ အောင်မြင်တဲ့အတွက် လူတွေသုံးဖို့ ဆေးဝါးအဖြစ် ရောင်းချခဲ့ပေမဲ့ လူတွေမှာ ရေရှည်သုံးရင် နှလုံးသွေးကြောရုတ်တရက်ပိတ်လို့ နှလုံးဖောက်တာ၊ လေဖြတ်သွားတာ စတဲ့ အန္တရာယ်တွေ ရှိတာကို လေ့လာမှုတွေမှာ တွေ့ရှိခဲ့တဲ့အတွက် စျေးကွက်ထဲကနေ ဒီဆေးကို ပြန်ရုတ်သိမ်းခဲ့ရပါတယ်။

တဖက်မှာလည်း လူတွေမှာ အကျယ်အပြန့်သုံးစွဲနေကြတဲ့ ဆေးဝါးတချို့က တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ရာမှာ မအောင်မြင်ပါဘူး၊ ဥပမာ – နာကျင်ကိုက်ခဲတာ သက်သာတဲ့ အက်စ်ပရင် (aspirin) ဆေးဆိုရင် ကြွက်တွေရဲ့ သန္ဓေသားလောင်းကို ထိခိုက်တတ်ပါတယ်။

တိရစ္ဆာန်တွေနဲ့ စမ်းသပ်တာထက် AI နဲ့ လုပ်တာက ပိုပြီး တိကျတယ်ဆိုတဲ့ စမ်းသပ်တွေ့ရှိမှုတွေ အတော်များပါတယ်လို့ ပါမောက္ခ ဟတ်တန်က သုံးသပ် ကောက်ချက်ချ ထားပါတယ်။

AI က “ခုန်ပျံ ကျော်လွှား ရှေ့ကိုရောက်သွားမှာ” လို့ ပါမောက္ခ ဟတ်တန်က ပြော

အနာဂတ်မှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်တာကို အစားထိုးနိုင်ဖို့ ကြိုးပမ်းနေတဲ့ AI စီမံချက် တခုက AnimalGAN လို့ ခေါ်ပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံကွပ်ကဲရေးဌာန (Food and Drug Administration – FDA) က လုပ်နေတဲ့ အဲဒီဆော့ဖ်ဝဲလ်က ဓာတုပစ္စည်းအမျိုးမျိုးကိုကြွက်တွေက ဘယ်လို တုံ့ပြန်သလဲဆိုတာကို အတိအကျသိရအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ဆေးကုသမှုပုံစံ ၁,၃၁၇ ခုကို တကယ့်ကြွက်ပေါင်း ၆,၄၄၂ ကောင်က တုံ့ပြန်ပုံ တွေကနေ ရထားတဲ့ ဒေတာတွေကို သုံးပြီး အဲဒီ AI ကို လေ့ကျင့်ပေးထားပါတယ်။

အလားတူ စီမံချက်တခုက တူညီလုနီးပါး ဒုတိယ မျိုးစိတ် (Virtual Second Species) လို့ အမည်ရပြီး AI နဲ့ဖန်တီးထားတဲ့ တူညီလုနီးပါး ခွေး (virtual dog) ပါ၊ သမိုင်းတလျောက် ‌ခွေးတွေနဲ့ စမ်းသပ်လို့တွေ့ရှိထားတဲ့ ဒေတာ အချက်အလက်တွေကို သုံးပြီး သူ့ကို လေ့ကျင့်ပေးထားပါတယ်။

အဲဒီစီမံချက်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ယူကေအခြေစိုက် National Centre for the Replacement, Refinement and Reduction of Animals in Research ရဲ့ အကြီးအကဲက ကေသီ ဗစ်ကာပါ။ သူက အခုလောလောဆယ်မှာ ဆေးဝါးသစ်တွေကို လူတွေနဲ့ စပြီး မစမ်းသပ်ခင် ကြွက်နဲ့ ခွေး ၂ မျိုးလုံးနဲ့ ပထမဆုံး စမ်းသပ်ရကြောင်း ရှင်းပြပါတယ်။

AI စမ်းသပ်မှုအတွက်အကြီးအမား စိန်ခေါ်မှု တခုက စည်းမျဥ်းထိန်းချုပ်ရေးပိုင်းရဲ့ အတည်ပြုချက်ရနိုင်ဖို့ပါ။ ဒေါက်တာ ဗစ်ကာက “လုံးဝလက်ခံနိုင်ဖို့အထိ ရဖို့က အချိန်ယူဖို့ လိုဦးမယ်” ဆိုတာကို လက်ခံပါတယ်။

သို့သော်လည်း ရက်စက်ကြမ်းကြုတ်မှုတို့မှ ကင်းဝေးရေးအဖွဲ့ (Cruelty Free International) က သိပ္ပံနဲ့ စည်းမျဥ်းရေးရာ ဒါရိုက်တာ အမ်မာ ဂရန့်က ဒီ AI ကြိုးပမ်းနေမှုတွေအားလုံးက တိရစ္ဆာန်တွေနဲ့ စမ်းသပ်နေတာကို တဖြည်းဖြည်းချင်း လျော့ချလာရာကနေ နောက်ဆုံး ကင်းပသွားအောင် လုပ်ဖို့ ရည်ရွယ်သင့်တယ်လို့ ဆိုပါတယ်။

“အခုအချိန်မှာတော့ AI လို နည်းပညာသစ်တွေကို သုံးဖို့ ပြင်နေတာတွေက တိရစ္ဆာန်တွေနဲ့ စမ်းသပ်နေတာတွေ တကယ် အဆုံးသတ်သွားဖို့ ရည်ရွယ် နေတာလား၊ လျော့ပါးအောင်လုပ်ဖို့ ပဲလား ဆိုတာက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး” လို့ သူက ပြောပါတယ်။

“ဒါပေမဲ့ ကျွန်မတို့ သိထားတာက လူသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် တိရိစ္ဆာန်တွေကို အသုံးချရတယ်ဆိုတဲ့ စံထားချက်က ခေတ်ဟောင်းက သိပ္ပံဘာသာရပ်ဖြစ်နေပြီဆိုတာပါ

စမ်းသပ်မှုတွေ၊ လက်တွေ့ သုတေသနတွေအတွက် တိရိစ္ဆာန်တွေကို အသုံးချခြင်းက ကင်း‌ဝေးအောင် လုပ်မယ့် အပြောင်းအလဲအတွက် AI က စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့ ဂျာမနီက Merck ဆေးဝါးကုမ္ပဏီက တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ကာစတင် ကလိန်းရှမစ်ဒိုးက မကြာခင်ကာလပိုင်းလေးမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်တာတွေ ပျောက်ကွယ်သွားနိုင်ဖို့က မဖြစ်နိုင်သေးပါဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ကုမ္ပဏီကလည်း Virtual Second Species အတွက် ရန်ပုံငွေထည့်တဲ့ အထဲ ပါဝင်ပါတယ်။

မစ္စ ကလိန်းရှမစ်ဒိုးက “ရှုဒေါင့်အမျိုးမျိုးကကြည့်ရရင် တိရစ္ဆာန်တွေကို သုံးစွဲနေရတာက မဖြစ်မနေလုပ်နေကြရပြီး ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတာပါ” လို့ ဆိုရင်း “ဒါပေမဲ့ အနာဂတ်မှာတော့ တိရိစ္ဆာန်တွေ စမ်းသပ်ခံရတဲ့ ဘဝကနေ ကင်းဖို့ ဒီနေ့မှာ မရနိုင်သေးတဲ့ အဖြေကို ကျွန်မတို့ ရှာတွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...