Valdaro မှ ချစ်သူနှစ်ဦး (သို့) လွန်ခဲ့တဲ့ နှစ်ပေါင်း(၆,၀၀၀)ခန့်က နောက်ဆုံးပွေ့ဖက်မှု

Knowledge
Valdaro မှ ချစ်သူနှစ်ဦး (သို့) လွန်ခဲ့တဲ့ နှစ်ပေါင်း(၆,၀၀၀)ခန့်က နောက်ဆုံးပွေ့ဖက်မှု

Lovers of Valdaro လို့အမည်ပေးထားတဲ့ ဒီလူ့အရိုးစုနှစ်ခုကို ၂၀၀၇ ခုနှစ်က အီတလီနိုင်ငံ Mantua စီရင်စုအတွင်းက Valdaro ကျေးရွာအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကာဗွန်သက်တမ်းတွက်ချက်မှုတွေအရ ဒီအရိုးစုတွေရဲ့သက်တမ်းဟာ နှစ်ပေါင်း(၆,၀၀၀)ခန့်ရှိနေပြီဖြစ်ပြီး Neolithic ကာလနှောင်းပိုင်းမှာ သူတို့ကိုမြှုပ်နှံခဲ့တာပဲ ဖြစ်တယ်။

ဘေးတစောင်းမျက်နှာချင်းဆိုင် အနေအထားနဲ့ နောက်ဆုံးအချိန်အထိ တစ်ဦးကိုတစ်ဦးပွေ့ဖက်နေတဲ့ပုံစံ မြှုပ်နှံထားတဲ့ ဒီအရိုးစုနှစ်ခုဟာ အသက်(၂၀)ဝန်းကျင် ငယ်ရွယ်စဉ်အချိန်မှာပဲ သေဆုံးသွားခဲ့ကြရတဲ့ လူငယ်အမျိုသားနဲ့အမျိုးသမီးရဲ့ အရိုးစုတွေပဲဖြစ်ပြီး နှစ်ဦးစလုံး အရပ်(၅)ပေ(၂)လက်မခန့်မြင့်ကာ ဘယ်ဘက်ကတော့ အမျိုးသားနဲ့ ညာဘက်ကတော့ အမျိုးသမီးအရိုးစု ဖြစ်တယ်။

အမျိုးသားအရိုးစုရဲ့ လည်ပင်းနားမှာ ကျောက်သားမြှားခေါင်းတစ်ခု၊ အမျိုးသမီးအရိုးစုရဲ့ ပေါင်တံနားမှာ ကျောက်ဓားသွားရှည်တစ်ခုနဲ့ တင်ပါးဆုံရိုးနားမှာ ကျောက်ဓားနှစ်လက်တို့ကို အတူထည့်သွင်းမြှုပ်နှံထားတာ တွေ့ရပေမယ့် ဒီလက်နက်တွေဟာ သူတို့ကို သေဆုံးစေခဲ့တဲ့ အကြောင်းတရားတော့ မဟုတ်ခဲ့ပါဘူး။

သူတို့ ဘာကြောင့်သေဆုံးသွားခဲ့ကြရတယ်ဆိုတာ အတိအကျမသိနိုင်ပေမယ့် စစ်ဆေးလေ့လာချက်တွေအရတော့ အရိုးကျိုးကျေနေတာတွေ၊ သွေးထွက်သံယိုဖြစ်စေနိုင်တဲ့ ထိခိုက်ဒဏ်ရာတွေကို အရိုးစုနှစ်ခုစလုံးမှာ မတွေ့ရှိခဲ့တာကြောင့် သူတို့ဟာ သာမန်သဘာဝအတိုင်း သွေးရိုးသားရိုးဖြစ်စဉ်တစ်ခုကြောင့်သာ သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့နှစ်ဦးရဲ့အကြောင်းကို ဒီ့ထက်ပိုပြီးတော့လည်း ကျွန်တော်တို့ မသိရှိနိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် Valdaro ကချစ်သူနှစ်ဦးရဲ့ သေဆုံးခြင်းဟာ ရိုမီယိုနဲ့ဂျူးလီယက်တို့ထက် ပိုလက်တွေ့ဆန်တဲ့ ကျောက်ခေတ်သစ်က ကြေကွဲဖွယ် မထင်မရှားအချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ပဲ အားလုံးက လက်ခံထားကြပါတယ်။ လူ့သမိုင်းရဲ့ပရိသတ်တွေလည်း အီတလီနိုင်ငံကို အလည်အပတ်သွားရင်းနဲ့ Valdaro ကချစ်သူနှစ်ဦးကို တွေ့မြင်ချင်လာခဲ့ရင် Mantua ကပြတိုက်မှာ သူတို့ကို သွားရောက်နှုတ်ဆက်ဂုဏ်ပြုနိုင်ပါတယ်။

ရေးသားသူ –လူ့သမိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...