မိုးရာသီရဲ့ သဘာဝလက်ဆောင်အင်ဥ ချက်စားခြင်းအကျိုးနှင့် တွဲမစားသင့်သော အစားအစာများ

Health Knowledge
မိုးရာသီရဲ့ သဘာဝလက်ဆောင်အင်ဥ ချက်စားခြင်းအကျိုးနှင့် တွဲမစားသင့်သော အစားအစာများ

အင်ဥဆိုတာ
မိုးဥ‌ီးကျ ကာလမှာ မိုးလေးကျလိုက် နေရောင်လေး ကျလိုက်ဖြစ်ရာက အင်ရွက်တွေ မြေဆွေးတွေကနေ အင်ဥလေးတွေ ဖြစ်လာတာပါ။ သဘာဝ သစ်ဥ သစ်ဖုတစ်မျိုးပေါ့။ အင်ဥက အပြင်ခွံ မဲမဲလေးဖြစ်ပေမယ့် အထဲကို ခွဲလိုက်တဲ့အခါ ဖြူဖြူလေး ဖြစ်နေမယ်ဆိုရင် လတ်ဆတ်ပြီး စားရတာ အရသာရှိပါတယ်။ အလယ်က မဲနေမယ်ဆိုရင်တော့ အင်ဥက ရင့်နေတာပါ။

အင်ဥတွင် Vitamin – B, Vitamin – D, Potassium,Copper,Selenium နှင့် Antioxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။

(၁) အသားဓါတ် (Protein )အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။

(၂) Fiber (အမျှင်ဓါတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။

(၃) အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။

(၄) အင်ဥသည် ရောင်ရမ်းမှုကို လျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်ပါသည်။

(၅) အင်ဥတွင် Antioxidantsနှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copperပါဝင်သောကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေပါသည်။

(၆) ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrateပါဝင်မှုနှုန်းနည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ္်ပေးပါသည်။

သတိပြုရန်အချက်များမှာ –

(၁) မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့် လည်း ချင့်ချိန်စားသုံးသင့်ပါသည်။

(၂) အင်ဥကို တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဥ်၊ ပုစွန်ချဥ်၊ ငါးချဥ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။

(၃) ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း “မှိုတစ်နှစ်၊ မျှစ်တစ်လ” မစားသင့်ဟု ဖတ်မှတ်ရဖူးပါသည်။

အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

အင်ဥဟင်းချက်နည်းလေးကိုလည်း တင်ပြပေးလိုက်ပါတယ်နော်

၁။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (၄-၅)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ(၁)လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။

၂။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေးနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။

၃။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။

၄။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။

၅။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ(၂)ကြိမ်၊ (၃)ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေး ကျက်ပါပြီ။

ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။

ထိုကဲ့သို့ အရသာရှိလှပြီး (၁)နှစ်မှာ (၁)ကြိမ်သာပေါ်သော ရာသီစာအင်ဥအကြောင်းကို လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။

#Credit ;မူရင်းရေးသားသူများအား လေးစားလျက်
#Photo Crd

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...