ဝေဖန်သံတွေကြားက အဆုံးထိ ပြိုင်မယ်လို့ ဘိုင်ဒန် ကတိပြု

International News
ဝေဖန်သံတွေကြားက အဆုံးထိ ပြိုင်မယ်လို့ ဘိုင်ဒန် ကတိပြု

နို၀င်ဘာ ရွေးကောက်ပွဲမှာ အဆုံးထိ ပြိုင်ပွဲဝင်သွားမယ် ဆိုပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြုလိုက်ပါတယ်။ ဒီမိုကရက်တချို့က သူ့ကို မပြိုင်ဖို့ ပြောဆိုနေတဲ့ကြားက ခုလို ကတိပေးလိုက်တာပါ။

ဒေါ်နယ်ထရမ့်ကို သူမနိုင်ဘူး ထင်ရင် ထပ်ပြိုင်မှာ မဟုတ်ဘူးဆိုပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က ဒီမိုကရက်အမတ်တွေကို ပေးတဲ့စာမှာ မစ္စတာဘိုင်ဒန်က ရေးပါတယ်။

အမေရိကန် အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ဟာကင်မ် ဂျက်ဖရီစ်ဆီကို အမတ်တစုက တွေ့ဆုံပြီးနောက် ဒီစာ ထွက်လာတာပါ။ လွှတ်တော်အမတ် လေးယောက်က မစ္စတာ ဘိုင်ဒန် မပြိုင်ဘဲ ဘေးဖယ်ပေးဖို့ ပွင့်ပွင့်လင်းလင်း ပြောကြောင်း စီဘီအက်စ် သတင်းအပါအဝင် သတင်းဌာနတွေဆီက သိရပါတယ်။

တနင်္လာနေ့မှာ အမတ်တွေ လွှတ်တော်ပြန်တက်ပြီးနောက် ဒီလို ပြောသံတွေ ပိုကြားလာရမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး ဝါရှင်တန်မှာ နေတိုး ထိပ်သီးဆွေးနွေးပွဲကို ဘိုင်ဒန် လက်ခံကျင်းပမှာ ဖြစ်လို့ ဒီရက်ပိုင်း သူ လူကြားထဲ ပိုရောက်နေမှာပါ။

ပရိုင်မရီ ရွေးကောက်ပွဲမှာ ဒီမိုကရက် မဲဆန္ဒရှင်တွေက သူ ဝင်ပြိုင်သင့်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီးသား ဖြစ်ကြောင်း ဘိုင်ဒန့်စာမှာ ပါရှိပါတယ်။ လူတွေ စိုးရိမ်ကြောင့်ကြမှုတွေကို သူ မျက်ကွယ်ပြုနေတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်က အရေးမကြီးတော့ဘူးလို့ ပြောရမှာလား၊ မဲဆန္ဒရှင်တွေမှာ ပြောခွင့်မရှိတော့ဘူးလား၊ ဒီမိုကရေစီကို ပါတီထဲမှာ မျက်ကွယ်ပြုနေရင် နိုင်ငံမှာ ဒီမိုကရေစီအတွက် ဘယ်လို ရပ်တည်ကြမလဲ၊ သူမလုပ်နိုင်ဘူး၊ လုပ်မှာ မဟုတ်ဘူးလို့ ရေးပါတယ်။

ဒီစာရေးတဲ့အပြင် သူ ဘယ်မှ ထွက်သွားမဟုတ်ဘူးလို့ အမ်အက်စ်အန်ဘီစီ သတင်းရဲ့ မနက်ခင်း ဂျိုး အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ ဂျိုး စကာဘာရာကို သူ ပြောကြားခဲ့ပါတယ်။

အရင်လက ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ ရုပ်သံမှာ စကား စစ်ထိုးပွဲ လုပ်ပြီးနောက် ဘိုင်ဒန်ရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ပြန်ပေါ်လာပါတယ်။ အဲဒီပွဲမှာ သမ္မတ ဘိုင်ဒန်က တချို့ မေးခွန်းတွေကို ထစ်ထစ်ငေါ့ငေါ့နဲ့ ဖြေတာ၊ စဉ်းစားမရ ဖြစ်နေတာတွေ ရှိခဲ့ပါတယ်။

သမ္မတ အအေးမိနေလို့၊ ခရီးပန်းလို့ ဆိုပြီး ဘိုင်ဒန်ဘက်က လူတွေက ဖြေရှင်းချက်တွေ ပေးကြပါတယ်။

ဒီပွဲအပြီး နောက်တရက်မှာတော့ ၀စ္စကွန်ဆင်က ချီတက်ပွဲမှာ မစ္စတာ ဘိုင်ဒန် ရဲရဲရင့်ရင့်နဲ့ ပြောဆိုနေတာ တွေ့ရပြန်ပါတယ်။ ဒီအတွက် သူ့မဟာမိတ်တချို့ရဲ့ စိုးရိမ်မှုတွေ အနည်းငယ် ပြေလျော့သွားပါတယ်။ အရင်ပတ်ကတော့ မစ္စတာ ဘိုင်ဒန် သမ္မတ ရွေးပွဲက ထွက်ပေးဖို့ လွိုက် ဒေါ့ဂတ်က ကွန်ဂရက်မှာ ပထမဆုံး ထွက်ပြောလာပါတယ်။

အဲဒီနောက် တခြားအမတ်တွေလည်း ဒီလိုစကားမျိုး ပြောလာကြတာပါ။

ထရမ့်ကတော့ ဘိုင်ဒန်ကို ဂျုံးဂျုံးကျနေပြီလို့ ဆိုပါတယ်။ သူက မစ္စတာ ဘိုင်ဒန်ထက် သုံးနှစ် ငယ်ပါတယ်။

ဘိုင်ဒန်ရဲ့ နို၀င်ဘာ ရွေးကောက်ပွဲ ဝင်ပြိုင်မှုနဲ့ ပတ်သက်ပြီး သူ့ကို ဘယ်သူနဲ့ အစားထိုးရမလဲ ဒီမိုကရက်တချို့က စဉ်းစားလာကြပါတယ်။

တချို့က ဒုသမ္မတ ကမ်မလာဟဲရစ်ကို ထောက်ခံကြပါတယ်။ ကမ်မလာဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတလောင်း အဖြစ် ထပ်ပြိုင်ဖို့ ရှိပါတယ်။

မစ္စဟဲရစ်ဟာ ထရမ့်ကို အပြတ်အသတ် နိုင်နိုင်တယ်လို့ ကွန်ဂရက်အမတ် အဒမ်ရှစ်ဖ်က ပြောပါတယ်။ ဒါပေမဲ့လည်း ထရမ့်ထွက်ပေးဖို့တော့ သူက မပြောပါဘူး။

ကမ်မလာဟဲရစ်က ဘိုင်ဒန်ထက် ပိုကောင်းလိမ့်မယ်လို့ ထရမ့်က ယူဆပေမယ့် သနားစရာပဲလို့ သူက ဆိုပါတယ်။

လာမယ့် သီတင်းပတ်တွေ ရက်တွေမှာ မစ္စတာဘိုင်ဒန်ရဲ့ သမ္မတလောင်းပြိုင်ပွဲ မဲဆွယ်ပွဲတွေကို ကယ်ဆယ်ဖို့ အရေးကြီးမှန်း သိကြပေမယ့် ထရမ့်ကို နှစ်ခါဆက်ပြီး နိုင်ဦးမယ်လို့ ဘိုင်ဒန်နဲ့ မဟာမိတ်တွေ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

အေဘီစီ သတင်းနဲ့ သောကြာနေ့က တွေ့ရာမှာတော့ သမ္မတ ဘိုင်ဒန်က သူ့သိမှုမှတ်ဉာဏ်ကို စစ်ဆေးပြီး လူထုကြားမှာ ထုတ်ပြန်ဖို့ ကိစ္စကို ပယ်ချခဲ့ပါတယ်။

နေ့တိုင်း သိမှု စာမေးပွဲ ဖြေနေရတာပါ ဆိုပြီး ဘိုင်ဒန်က ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...