အသက်အငယ်ဆုံး ရွေးကောက်ခံ ဗြိတိန်လေဘာအမတ်

International News
အသက်အငယ်ဆုံး ရွေးကောက်ခံ ဗြိတိန်လေဘာအမတ်

ကိန်းဘရစ်ဂျ် တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ရပြီး နိုင်ငံရေးလောကထဲဝင်လာသူ ဆမ် ကာလင်း

အသက် ၂၂ နှစ် ရှိ ဆမ်ကာလင်း ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇူလိုင် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။

ဝက်စ်မင်စတာ လွှတ်တော်မှာ တက်ရောက်တော့မယ့် အသက်အငယ်ဆုံး အမတ်ဖြစ်ပေမယ့် သူ့အပေါ် အသက်ငယ်တာကိုပဲ အလေးထား အာရုံစိုက်နေတာမျိုးကို သဘောမတွေ့လှဘူးလို့ သူက ဆိုပါတယ်။

အနောက်မြောက်ပိုင်း ကိန်းဘရစ်ဂျ်ရှိုင်းယား အရပ်မှာ ပြိုင်ဘက် ကွန်ဆာဗေးတစ်အမတ် ရှိုင်းလက်ရှ် ဗာရာ ကို ၃၉ မဲ အသာနဲ့ကပ်ပြီး အနိုင်ရခဲ့တဲ့ လေဘာပါတီအမတ် ဆမ်ကာလင်းဟာ House of Commons လို့ခေါ်တဲ့ ဗြိတိန် အောက်လွှတ်တော်မှာ အသက်အငယ်ဆုံး “baby of the House” အမတ်ပေါက်စလေး ဖြစ်လာတော့မှာပါ။

သူဟာ ကိန်းဘရစ်ဂျ် တက္ကသိုလ်ကနေ သိပ္ပံဘွဲ့နဲ့ ကျောင်းပြီး ထားသူဖြစ်ပြီး သူ့ရဲ့ အောင်မြင်ဟာ နိုင်ငံရေး မြေငလျင်ပဲ လို့ သူက တင်စားပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့ လူငယ်တွေ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပိုမိုပါဝင်လုပ်ကိုင်လာဖို့ မျှော်လင့်ပြီး အဲဒီကတဆင့် ပါလီမန် နှစ်ရပ်စလုံးသာမက ဒေသန္တရကောင်စီတွေမှာ ရွေးကောက်ခံရကာ ဒီဖြစ်စဉ်က လူငယ်တွေ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့ကျလာတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ကြောင်း သူကဆိုပါတယ်။

သူ့မတိုင်ခင်တုန်းကလည်း ပါလီမန်ထဲမှာ အမတ်ပေါက်စလေး တယောက် ရှိခဲ့ဖူးပြီး ၂၀၂၃ ကြားဖြတ် ရွေးကောက်ပွဲမှာ ဆယ်လ်ဘီနဲ့ အိမ်စတီ အရပ်ကနေ အနိုင်ရခဲ့တဲ့ လေဘာပါတီ အမတ် ကီယား မက်သာ ပါ သူကတော့ အောက်စဖို့ တက္ကသိုလ်ဘွဲ့ရ ဖြစ်ပါတယ်။

ကိန်းဘရစ်ဂျ် အရပ်က ဒေသန္တရကောင်စီမှာ တာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ကာလင်း တယောက် အမတ်ဝင်အရွေးခံတော့မယ်လို့ သိရတဲ့အခါ မဲဆန္ဒရှင် တော်တော်များများက အံအားသင့်ခဲ့ကြတယ်၊ ဒါပေမဲ့ သူ့အပေါ် အကောင်းဘက်က ရှုမြင်သုံးသပ် ပေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။

လူငယ်တွေ နိုင်ငံရေး လောကထဲ ဝင်တဲ့အပေါ် ”ဒါဟာ သိတ်ကောင်းတယ် ၊ ဗြိတိသျှနိုင်ငံရေးကို လူငယ်တွေ ပိုမို စိတ်ဝင်စား၊ ပါဝင်လာဖို့ လိုတယ် ၊ အွန်လိုင်းပေါ်မှာ လူငယ်တွေကို ဦးတည်ပစ်မှတ်ထားတဲ့ အနိုင်ကျင့်မှုတွေရှိပေမယ့် ဒီပြဿနာတွေကို လက်တွေ့ကျကျ အဖြေရှာဖို့ လိုတယ်” လို့ မဲဆန္ဒရှင်တွေက ထောက်ပြလေ့ရှိကြောင်း သူကဆိုပါတယ်။

ဒါပေမယ့် ငယ်ရွယ်စဉ်မှာ နိုင်ငံရေးလောကထဲ ရောက်လာသူတွေအပေါ် အသက်ငယ်တဲ့ ကိစ္စကိုချည်း အာရုံစိုက်တာမျိုးကို သူ့အနေနဲ့ သဘောမတွေ့လှပဲ သူ့ကို အများနဲ့တန်းတူ ဆက်ဆံကာ သူလုပ်တဲ့ အလုပ်ကိုကြည့်ပြီး ဆုံးဖြတ်စေချင်တယ်လို့လည်း ပြောပါတယ်။

သူ့အနေနဲ့ လတ်တလောမှာ နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး လူမှုရေးနဲ့ စီးပွားရေး စပ်ဆက်လျှက် ကျဆင်းနေတဲ့ အခြေအနေ၊ အရင် အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို လေ့လာသုံးသပ်လျက် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူဟာ အင်္ဂလန် အရှေ့မြောက်ပိုင်းက ကျေးလက်ဒေသ၊ သူ့အဆိုအရ ဆင်းရဲသား အများအပြား နေထိုင်တဲ့အရပ်မှာ ကြီးပြင်းခဲ့သူ ဖြစ်တယ်လို့ မစ္စတာ ကာလင်းက ပြောပါတယ်။

သူ့ပတ်ဝန်းကျင်မှာ လူမှုစီးပွားရေး အခြေအနေဆိုးရွားလျက်ရှိတာကို တွေ့မြင်နေရပြီး သူတို့နေထိုင်ရာ ဒေသတဝိုက်မှာ အရင်က စည်ကားလှတဲ့လမ်းမကြီးပေါ်က စျေးဆိုင်တွေ ပိတ် ၊ စီးပွားရေး ဆုတ်ယုတ်ကာ လူသူကင်းမဲ့ ပစ်ထားတဲ့အခြေအနေ၊ အထက်တန်းကျောင်းတွေလည်း ပိတ်လာတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်

ပီတာဘာရာလို့ ခေါ်တဲ့ သူ့မဲဆန္ဒနယ်အတွင်းမှာ အခု လေဘာအစိုးရသစ်က ကိုင်တွယ်ဖြေရှင်းပေးရမယ့် ပြဿနာတွေ အများကြီးရှိတယ်၊ တတိုင်းပြည်လုံးလည်း သူ့မဲဆန္ဒနယ်လိုမှာဘဲ ကြုံနေကြရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူ့မဲဆန္ဒနယ်အတွင်းမှာ သွားအထူးကု ဆရာဝန်တွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လိုနေပြီး ကျန်းမာရေး ဝန်ထမ်းတွေဟာ အလုပ်ရဲ့ ဝန်ပိတဲ့ဒဏ် ခံနေရတဲ့ အခြေအနေနဲ့ ကျေးလက် ဒေသမှာ လမ်းပန်း ဆက်သွယ် သွားလာရေး ကိစ္စတွေအပေါ် အဖြေရှာ ဖြည့်ဆည်းပေးဖို့ လိုနေတယ်လို့ သူက ထောက်ပြပါတယ်။

သူတို့မျိုးဆက်သစ် လူငယ်တွေအနေနဲ့ နိုင်ငံရေးခေတ်သစ်တခု ဖော်ဆောင် ဖန်တီးတာမျိုး သူ့အနေနဲ့ မြင်တွေ့လိုတယ်လို့လည်း ပြောပါတယ်။

လူတော်တော်များများက အရင် ကွန်ဆာဗေးတစ် အစိုးရအပေါ်မှာပဲ အာရုံစိုက်ခဲ့ကြတယ်လို့ သူ့အနေနဲ့ ထင်မြင်ကြောင်းနဲ့ သူကတော့ လေဘာပါတီကလည်း အပြောင်းအလဲတွေ ဖော်ဆောင်ကာ ပိုမို ကောင်းမွန်တဲ့ အခြေအနေနဲ့ လူငယ်တွေ နိုင်ငံရေးမှာ ပိုမို ပါဝင်လာတာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...