ကမ္ဘာ့အကြီးဆုံးလို့ ယူဆထားကြပြီး စတုရန်းမီတာ ၈၄၀၀ ကျယ်ဝန်းတဲ့ ပိုင်ရန်ဂီသီဟိုဠ်သရက်ပင်

International News Knowledge
ကမ္ဘာ့အကြီးဆုံးလို့ ယူဆထားကြပြီး စတုရန်းမီတာ ၈၄၀၀ ကျယ်ဝန်းတဲ့ ပိုင်ရန်ဂီသီဟိုဠ်သရက်ပင်

ဘရာဇီးနိုင်ငံမှာရှိတဲ့ ပိုင်ရန်ဂီသီဟိုဠ်သရက်ပင်ဟာ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်အဖြစ် ယူဆထားကြပါတယ်။ ရီယိုဂရန်ဒီဒိုနော့တ်ပြည်နယ်မှာရှိပြီး အဝန်းပတ် မီတာ ၅၀၀ ရှိကာ အကျယ်အဝန်း ၈၄၀၀ စတုရန်းမီတာအထိ လွှမ်းခြုံထားပါတယ်။

ဒဏ္ဍာရီစကားတွေအရ ၁၈၈၈ ခုနှစ်မှာ ဒေသခံ တံငါသည်တစ်ယောက်က အဲဒီအပင်ကို စိုက်ပျိုးခဲ့တာဖြစ်ပြီး အသက် ၉၃ နှစ်အရွယ်ရောက်တော့ အပင်ရိပ်အောက်မှာပဲ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အပင်ကြီးထွား ဖွံ့ဖြိုးမှုနှုန်းထားအရ အဲဒီသီဟိုဠ်သရက်ပင်က နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ပုံမှန်အားဖြင့် အပင်ကြီးထွားလာရင် ပိုမြင့်လာရမှာဖြစ်ပေမဲ့ ထူးခြားတဲ့ မျိုးဗီဇအခြေအနေတစ်ရပ်ကြောင့် အကိုင်း၊ အခက်တွေက ဘေးဘက်ကို ဖြာထွက်ပြီး အလေးချိန်နဲ့ ဆွဲအားကြောင့် မြေပြင်ဘက် ကိုင်းညွှတ်လာကြတာပါ။ မြေကြီးနဲ့ထိတဲ့အခါ အမြစ်သစ်တွေ ထပ်ထွက်လာပြီး အကိုင်းအခက်သစ်တွေ ထပ်ထွက်လာကြတာကြောင့် အခုလို ကြီးထွား ပြန့်ကားလာတာ ဖြစ်ပါတယ်။

ပုံမှန်သီဟိုဠ်သရက်ပင် ၇၀ စာ အရွယ်အစားမျိုးဖြစ်ပြီး တစ်နှစ်ကို သီဟိုဠ်သရက်သီး ၆၀၀၀၀ ဝန်းကျင် သီးပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီအပင်ကို လာကြည့်ကြတဲ့ ခရီးသွား ထောင်နဲ့ချီ ရှိပြီး ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုလည်း ဖြစ်နေပါတယ်။ ပိုင်ရန်ဂီ သီဟိုဠ်သရက်ပင်ကို စီမံခန့်ခွဲနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးသိပ္ပံဌာနရဲ့ ပြောကြားချက်အရ နှစ်စဉ်နှစ်တိုင်း အဲဒီအပင်ကို လာကြည့်တဲ့ ခရီးသွား ၃ သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...