ဂျိုးဘိုင်ဒင် သမ္မတလောင်းနေရာက ဖယ်မပေးဖို့ ဘိုင်ဒင်မိသားစု အခိုင်အမာ အားပေး ဝန်းရံ

International News
ဂျိုးဘိုင်ဒင် သမ္မတလောင်းနေရာက ဖယ်မပေးဖို့ ဘိုင်ဒင်မိသားစု အခိုင်အမာ အားပေး ဝန်းရံ

အမေရိကန်ပြည်ထောင်စုရဲ့ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒင်ကို ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုတဲ့ သူ အဖြစ် ဆက်နေပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဘိုင်ဒင် မိသားစုက သမ္မတဘိုင်ဒင်ကို တိုက်တွန်းနေပါတယ်။

ရီပတ်ဘလစ်ကင် သမ္မတလောင်း အဖြစ် ဝင်ပြိုင်မယ့် ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒင် မရှုမလှ ဖြစ်ခဲ့ရတယ် ဆိုတဲ့ အမြင်တွေ အားကောင်းနေချိန်မှာပဲ သမ္မတဘိုင်ဒင်ရဲ့ မိသားစုက သမ္မတအပေါ် ထောက်ခံ အားပေးမှု အခိုင်အမာ ပြသလာတာ ဖြစ်ပါတယ်။

အတ္တလန်တာမြို့ စကားစစ်ထိုးပွဲမှာ သမ္မတ ဘိုင်ဒင် စွမ်းဆောင်ရည် မကောင်းခဲ့ဘူး ဆိုတဲ့ အမြင်နဲ့ ဒီမိုကရက်ပါတီတွင်းမှာလည်း စိုးရိမ် ပူပန်မှု တချို့ ရှိနေပါတယ်။

သမ္မတဘိုင်ဒင်ရဲ့ ၈၁ နှစ် ဆိုတဲ့ လက်ရှိ အသက် အရွယ်အပေါ် စိုးရိမ်မှုတွေလည်း စကားစစ်ထိုးပွဲနောက် ပိုပြီး တိုးလာတယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

စီဘီအက်စ် သတင်းဌာနက ပြုလုပ်တဲ့ စစ်တမ်းအရ ဒီမိုကရက်ပါတီကို အားပေးတဲ့ မဲဆန္ဒရှင် ၇၂% အထိ သမ္မတဘိုင်ဒင် အနေနဲ့ နောက် ၄ နှစ် သမ္မတနေရာမှာ ဆက်လက် တာဝန်ထမ်းဖို့ရာ လုံလောက်တဲ့ စိတ်အား၊ ကိုယ်အားနဲ့ ပြည့်စုံ မနေဘူးလို့ ယူဆနေကြပါတယ်။

ဒါပေမယ့် သမ္မတဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရရေး မဲဆွယ် အဖွဲ့ကရော၊ သမ္မတ ဘိုင်ဒင်ရဲ့ မိသားစုကပါ ဒေါ်နယ်ထရမ့်ကို အနိုင်ယူဖို့ အတွက် သမ္မတဘိုင်ဒင်ကသာလျှင် ဒီမိုကရက်တွေ အတွက် အကောင်းဆုံး မျှော်လင့်ချက် ဆိုပြီး ပြောကြပါတယ်။

မေရီလဲန်း ပြည်နယ်မှာ ရှိတဲ့ ကမ့်ဒေးဗစ် အပန်းဖြေ စံအိမ်မှာ ဘိုင်ဒင် မိသားစု စုဝေးခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတကတော် ဂျေးလ်နဲ့ သားသမီး မြေးမြစ်တွေ အစုံအလင် ရှိခဲ့ကြပါတယ်။

“ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး သမ္မတ တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကို အဲဒီ တစ်နာရီခွဲ စကားစစ်ထိုးပွဲ သက်သက်နဲ့ တန်ဖိုးမဖြတ်သင့်ဘူး” ဆိုပြီး သမ္မတ ကတော် ဂျေးလ်ဘိုင်ဒင်က နာမည်ကျော် ဗို့ဂ်မဂ္ဂဇင်းကို တယ်လီဖုန်းကနေ တဆင့် ပြောပါတယ်။

မိသားစု အနေနဲ့လည်း သမ္မတဘိုင်ဒင်နောက်ကနေ အခိုင်အမာ ဆက်လက် ဝန်းရံမှာ ဖြစ်ပြီး၊ သမ္မတဘိုင်ဒင်ဟာ တိုင်းပြည်အတွက် အကောင်းဆုံး အသင့်တော်ဆုံးသူ နေရာမှာ ဆက်ရှိ နေတယ်လို့ သမ္မတကတော်က ဆိုပါတယ်။

အခုလို မိသားစု တစ်ခုလုံး သမ္မတဘိုင်ဒင်ရဲ့ နောက်မှာ ရပ်တည် ပေးနေတဲ့ အကြောင်း အမေရိကန်ရဲ့ သြဇာကြီး နယူးယောက်ခ်တိုမ်းစ် သတင်းစာက စတင် ဖော်ပြခဲ့ပြီး၊ နောက်ပိုင်း စီဘီအက်စ် သတင်းဌာနကလည်း အတည်ပြုပါတယ်။

တကယ်တော့ ပြိုင်ဘက် နှစ်ယောက် စလုံးရဲ့ လက်ရှိ အသက်အရွယ်တွေ အပေါ် စိုးရိမ်မှုတွေ နှစ်ဘက်စလုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒင်ဟာ ထရမ့်ထက် ၃ နှစ်သာ ကြီးပါတယ်။ သမ္မတဟောင်းလည်း ဖြစ်၊ အခုလည်း သူ့ကို နိုင်ခဲ့သူကို ပြန်အနိုင်ယူပြီး အမေရိကန်ရဲ့ တကျော့ပြန် သမ္မတဖြစ်ဖို့ ရည်မှန်းထားတဲ့ မစ္စတာ ဒေါ်နယ်ထရမ့်လည်းပဲ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ စကားစစ်ထိုးပွဲတုန်းက မစ္စတာ ဘိုင်ဒင်ရဲ့ စကားသံဟာ အားနည်းသွားပြီး၊ တုံ့ပြန်ချက်တွေ အဖြေတွေဟာ မသဲမကွဲနဲ့ ရောထွေး နေတဲ့ အခိုက်တွေ ရှိခဲ့တာကြောင့် သမ္မတဘိုင်ဒင်ရဲ့ ကျန်းမာရေး အပေါ် မူတည်တဲ့ စိုးရိမ်ချက်တွေ ပြန်လည် ကြီးထွားလာတာ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်မယ့် နေရာကို သူတစ်ပါးကို လွှဲပေးဖို့ အထိ တောင်းဆိုသံတချို့ ထွက်လာခဲ့ပါတယ်။ အဲဒီလို ဝေဖန်တောင်းဆိုတဲ့ အထဲ နယူးယောက်တိုင်းမ် သတင်းစာလည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲ ပြန်မဝင်တော့ဘူး ဆိုပြီး ကြေညာတာဟာ ဘိုင်ဒင့်အတွက် အများပြည်သူ အကျိုး ရှေ့ရှုပြီး လုပ်တဲ့ အကြီးမားဆုံးသော အပြုအမူ ဖြစ်လိမ့်မယ် ဆိုပြီး နယူးယောက်တိုင်းမ်စ် အယ်ဒီတိုရီရယ် ခေါင်းကြီးပိုင်းက ရေးပါတယ်။

ပြီးခဲ့တဲ့ စကားစစ်ထိုးပွဲမှာ မစ္စတာထရမ့်ရဲ့ အပြုအမူနဲ့ ရပ်တည်ချက်တွေ အပေါ် မူတည်တဲ့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲဟာ သူနိုင်ရက်နဲ့ သူ့ထံကနေ ဒီမိုကရက်တွေ မတရား အာဏာယူ သွားတာဆိုတဲ့ သူ့ရဲ့ နှစ်ရှည်လများ မကျေနပ်ချက်ကို ဖော်ကျူးပြီး ထပ်ပြန်တလဲ ပြောရာမှာ၊ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒီမိုကရက်ပါတီရဲ့ ကွန်ဂရက်စ်လွှတ်တော် အမတ်တစ်ယောက် ဖြစ်တဲ့ ဂျေမီ ရပ်စကင်ကတော့ “တစ်ခါ အထိနာပြီး အလဲထိုးခံရရင်၊ ပြန်ထပြီး နောက်တချီ ပိုလို့တောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ် မဟုတ်လား” ဆိုပြီး ပြောပါတယ်။

လက်ရှိ အချိန်ထိတော့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် မစ္စတာ ဘိုင်ဒင်ကို တရားဝင် မကြေညာရသေးပါဘူး။ လာမယ့် သြဂုတ်လ ပါတီ ညီလာခံကျမှ ကြေညာမှာ ဖြစ်ပါတယ်။

သြဂုတ်လ ဒီမိုကရက်ပါတီ ညီလာခံကျရင် မစ္စတာ ဘိုင်ဒင်ကို ပါတီကိုယ်စားလှယ် သမ္မတလောင်း အဖြစ် ကြေညာချင်မှ ကြေညာလိမ့်မယ် ဆိုပြီး ခန့်မှန်း ပြောဆိုချက်တွေလည်း ထွက်ပေါ် နေပါတယ်။

မစ္စတာ ရပ်စကင်ကတော့ ပါတီညီလာခံမှာ သမ္မတ ဘိုင်ဒင်ဟာ အဓိက မိန့်ခွန်းပေးမယ့်သူ ဖြစ်နေမယ် … သူ့ကိုသာ ဗဟိုပြု ဝန်းရံပြီး ကျွန်တော်တို့ ရှေ့ကို ချီတက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကင်တွေကတော့ စကားစစ်ထိုးပွဲကို ကြည့်ရင် ထရမ့်သာ ဘာ့ကြောင့် သမ္မတ ဖြစ်သင့်တယ်ဆိုတာ ထင်ရှားလှတယ်လို့ ဆိုပါတယ်။

တကယ်လို့ မစ္စတာ ဘိုင်ဒင်သာ သူ ရွေးကောက်ပွဲ မဝင်တော့ဘူး … ဘေးဖယ်ပေးမယ် ဆိုပြီး ဆုံးဖြတ်လာမယ် ဆိုရင်လည်း ဒီမိုကရက်ပါတီ အတွက် အလွန် ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ပါတီ ညီလာခံ အချိန်မီ ပါတီကိုယ်စားပြု သမ္မတလောင်း အသစ်ကို ရှာဖွေရမှာ ဖြစ်ပြီး၊ အဲဒီအတွက် ရိုးရှင်းလှမှာ မဟုတ်ပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...