ထရမ့်ကို “ပစ်မှတ်”လုပ်ဖို့ ပြောမိတဲ့သူ့မှတ်ချက်တွေ မသင့်လျော်ဘူးလို့ ဘိုင်ဒန် ဝန်ခံ

International News
ထရမ့်ကို “ပစ်မှတ်”လုပ်ဖို့ ပြောမိတဲ့သူ့မှတ်ချက်တွေ မသင့်လျော်ဘူးလို့ ဘိုင်ဒန် ဝန်ခံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ရွေးကောက်ပွဲပြိုင်ဘက် ဒေါ်နယ် ထရမ့်ကို “ပစ်မှတ်ထဲ ထည့်ဖို့ အချိန်ကျပြီ” ဆိုပြီး ပြောခဲ့မိတဲ့သူ့မှတ်ချက်တွေဟာ မပြောသင့်ခဲ့တဲ့စကားတွေဆိုပြီး ပြောလာပါတယ်။

မစ္စတာထရမ့် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ရပ် မကြုံရခင် ရက်ပိုင်းအလိုတုန်းက သူပြောခဲ့တဲ့မှတ်ချက်အတွက် မစ္စတာဘိုင်ဒန်က အခုလိုပြောလာပါတယ်။

စနေနေ့တုန်းက မစ္စတာထရမ့် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်း ပထမဆုံးဖြေတဲ့အင်တာဗျူးမှာ သမ္မတဘိုင်ဒင်က အခုလို ပြောလိုက်တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ထရမ့်အပေါ် ပြောတဲ့ သူ့ရဲ့ ထေ့လုံးနဲ့ ပတ်သက်ပြီး လိုအပ်လို့၊ အရေးကြီးလို့ ပြောခဲ့တာလို့ဆိုပြီးတော့ မစ္စတာ ဘိုင်ဒန်က ခုခံကာကွယ် ပြောဆိုပါတယ်။

ထရမ့်ကို နှိပ်ကွပ်ဖို့ ပညာသားပါပါပြောဆိုခဲ့တဲ့ဒီစကားအပေါ် ခုခံပြောဆိုသလို ဘာကြောင့်ဒီလိုပြောဖို့လိုလဲ ဆိုတာကို ထောက်ပြခဲ့ပါတယ်။

သမ္မတက သူ့ရဲ့မဲဆွယ်စည်းရုံးရေးတာဝန်အရလည်း ခြိမ်းခြောက်လာတဲ့ ထရမ့်ရဲ့ဒုတိယသက်တမ်းအကြောင်း ရှင်းရှင်းလင်းလင်းပြောဖို့ လိုသလို သူ့စကားတွေထဲ ဒေါသဖြစ်စရာ မပါဘူးလို့ NBC သတင်းဌာနရဲ့သတင်းတင်ဆက်သူ လက်စတာဟို့ကို ပြောပါတယ်။

သူဆိုလိုတာက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ပြောသွားတဲ့ ထရမ့်ရဲ့မူဝါဒတွေနဲ့ မှားယွင်းပြောဆိုတာတွေအပေါ်မှာ ဒီမိုကရက်တွေ အာရုံထား ချိန်ဆကြဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဘိုင်ဒန်ဟာ ဒီအင်တာဗျူးတစ်ခုလုံးမှာ သမ္မတလောင်း စကားစစ်ထိုးပွဲတုန်းက အရေးမလှခဲ့တဲ့ သူ့လုပ်ဆောင်ချက်ကိုကြည့်ပြီး ပါတီဝင်တွေကိုယ်တိုင် ရှုတ်ချ ပြောဆိုနေကြပေမယ့် သမ္မတလောင်းယှဉ်ပြိုင်ရာကနေ လက်ရှောင်သွားမဟုတ်ဘူးဆိုတာကို အတိအလင်းပြောခဲ့ပါတယ်။

သူ့ထက် ထရမ့်က အသက် ၃ နှစ်ပဲ ငယ်တာကို သိပေမယ့် “ငါက အသက်လည်းကြီးပြီ”လို့ ညည်းညူခဲ့ပါတယ်။

သူ့ရဲ့ ဖြတ်ထိုးဉာဏ်က အကောင်းအတိုင်းရှိသေးတယ်ဆိုတာနဲ့ သမ္မတတစ်ယောက်အနေနဲ့သူစွမ်းဆောင်နိုင်ခဲ့တာတွေကိုလည်း မှတ်တမ်း ပြုစုထားပေမယ့် သူအလုပ်အကျွေးပြုခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေမြင်သာအောင် ထပ်သက်သေပြဖို့ လုပ်နေတယ်လို့ လည်း ပြောပါတယ်။

“ဘုရားရေ၊ သူက အသက် ၈၁ နှစ် ရှိပြီ။ ၈၃ နှစ်၊ ၈၄ နှစ်သာဆို သူဘယ်လိုများနေမလဲ မသိဘူးဆိုပြီး လူတွေပြောနေကြ တာကိုလည်း ငါနားလည်ပါတယ်။ ဒီမေးခွန်းက သဘာဝကျပါတယ်” လို့ သူကပြောပါတယ်။

ဒီမိုကရစ်တစ်ပါတီဘက်ကနေ သူ့ကို တခဲနက်ထောက်ခံခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကို ယုံကြည်တယ်လို့လည်းပြောပါတယ်။

“ကျွန်တော် သူတို့အသံတွေကို နားထောင်တယ်။”

ထရမ့်နားရွက်ကို ကျည်ရှပ်ထိသွားတဲ့ စနေနေ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပြီးကတည်းက သမ္မတအနေနဲ့ အမေရိကန်နိုင်ငံသားတွေ သွေးမပူကြဖို့ ခဏခဏပြောနေခဲ့တာပါ။

ဒီတိုက်ခိုက်ခံရမှုအတွင်း လူထုစုဝေးပွဲတက်ရောက်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

ထရမ့်တိုက်ခိုက်ခံရအောင် လှုံ့ဆော်တယ်ဆိုပြီး ရီပတ်ဘလီကန်တွေက မစ္စတာ ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေကို ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ အများစုက မစ္စတာဘိုင်ဒင်ရဲ့ပစ်မှတ်ထားရေးမှတ်ချက်အပေါ် ထောက်ပြပြောဆိုကြတာပါ။

ထရမ့်သမ္မတရွေးကောက်ခံရရေး တွဲဘက် ဂျေဒီ ဗန့်ကလည်း ရီပတ်ဘလီကန် ကိုယ်စားလှယ်ကိုပြောခဲ့တဲ့ ဒီမိုကရက်ပါတီရဲ့ စကားက “သမ္မတထရမ့်လုပ်ကြံခံရအောင် လမ်းကြောင်းပေးတာ”လို့ အပစ်ခံရပြီး မကြာခင်မှာ ပြောခဲ့ပါတယ်။

မစ္စတာဘိုင်ဒန်က ရန်ပုံငွေထောက်ပံ့သူတွေနဲ့တွေ့ဆုံပွဲမှာ အခုလိုပြောခဲ့တာလို့ Politico မှာ ပါရှိပါတယ်။

“ကျွန်တော့်ရဲ့တာဝန်တစ်ခုက ဒေါ်နယ်ထရမ့်ကို အနိုင်ယူဖို့ဖြစ်တယ်။ ဒါကို လုပ်နိုင်မယ့်အရည်ချင်းလည်း ကျွန်တော့်မှာရှိတယ်ဆိုတာ လုံးဝသေချာတယ်။ စကားစစ်ထိုးပွဲကအကြောင်းတွေပြောတာရပ်ရအောင်။ ဒီအချိန်က ထရန့်ကိုပစ်မှတ်ထားရမယ့်အချိန်ပဲ။”

သမ္မတဘိုင်ဒန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်နိုင်ငံသားတွေ ခေါင်းအေးအေးထားဖို့ တိုက်တွန်းသလို နိုင်ငံမှာ နိုင်ငံရေးအရ ပြောဆိုတာတွေအပေါ် သိပ်ဒေါသဖြစ်နေကြတယ်လို့ တနင်္ဂနွေနေ့တုန်းက သမ္မတရုံးခန်းကနေ သတိပေးခဲ့ပါတယ်။

NBC အင်တာဗျူးမှာ မစ္စတာဘိုင်ဒင်ကို သူ့မှတ်ချက်က မျှမျှတတမတွေးနိုင်တဲ့သူတွေကို သွေးထိုးလှုံ့ဆော်သလို ဖြစ်နိုင်တယ်ဆိုတာကိုရော ခေါင်းအေးအေးနဲ့စဉ်းစားပြီးမှ ပြောခဲ့တာလားလို့ မေးတဲ့အခါမှာတော့ စကားလုံးမီးပွားက သူ့ဆီက စခဲ့တာမဟုတ်ဘူးလို့ ဖြေခဲ့ပါတယ်။

“ကျွန်တော်က စကားလုံးအကြီးကြီးတွေ မပြောခဲ့ဘူး”လို့ မစ္စတာ ဘိုင်ဒင်က ပြောပါတယ်။

“အခု ကျွန်တော့်အတိုက်အခံဘက်ကပဲ ဒီလိုစကားလုံးတွေပြော နေတာ။”

“ဒီမိုကရေစီအန္တရာယ်အကြောင်းကို ဘယ်လို ပြောသလဲ။ ဒါက တကယ်ဖြစ်နေတာ။ သမ္မတတစ်ယောက်က သူ ပြောသလိုတွေ ပြောနေရင်လေ။ တစ်ယောက်ယောက်ကို လှုံ့ဆော်သလို ဖြစ်မယ်ဆိုပြီး ဘာမှ မပြောဘဲ နေမှာလား။”

“ကျွန်တော်က အာဏာရှင်ဖြစ်ချင်တယ်လို့ ပထမနေ့တည်းကပြောခဲ့တဲ့သူ မဟုတ်သလို ရွေးကောက်ပွဲရလာဒ်ကို လက်ခံဖို့ ငြင်းဆန်တဲ့သူလည်းမဟုတ်ဘူး။”

ထရမ့်ကို ပစ်ခဲ့တဲ့ သေနတ်သမားဟာ ပန်ဆဲဗေးနီးယားပြည်နယ် ဘီသဲလ်ပန်းခြံက အသက် ၂၀ အရွယ် မီးဖိုချောင်အလုပ်သမား သောမတ်စ် မတ်သရူး ခရွတ်စ်ဖြစ်တယ်လို့ FBIက ဖော်ထုတ်ခဲ့ပါတယ်။

သမ္မတဟောင်းကို ပစ်ခတ်ပြီးတဲ့နောက် ခရွတ်စ်ကို ကင်းပုန်းဝပ်နေတဲ့လက်ဖြောင့်သေနတ်သမားက ပြန်ပစ်ခဲ့ပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...