နေတိုး စွပ်စွဲချက် တရုတ်တုံ့ပြန်၊ အမေရိကန် ခရုဇ် ဒုံးကျည်တွေ ဂျာမနီဆီ ပြန်ပို့လို့ ရုရှား စိတ်ဆိုး

International News
နေတိုး စွပ်စွဲချက် တရုတ်တုံ့ပြန်၊ အမေရိကန် ခရုဇ် ဒုံးကျည်တွေ ဂျာမနီဆီ ပြန်ပို့လို့ ရုရှား စိတ်ဆိုး

ယူကရိန်းမှာ ရုရှား စစ်ထိုးနိုင်အောင် တရုတ် ကူနေတယ် ဆိုတဲ့ နေတိုးအဖွဲ့ရဲ့စွပ်စွဲချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

တရုတ်ရဲ့ အခန်းကဏ္ဍကို ပုံကြီးချဲ့ ပြောတာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

နေတိုးက သူများကို အပြစ်တင်တာတွေ ရပ်ဖို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ လင် ဂျီယန်က ပြောပါတယ်။ ဒီပဋိပက္ခရဲ့ ဇာစ်မြစ်နဲ့ ကိုယ့်လုပ်ရပ်ကို သေချာ ပြန်စဉ်းစားဖို့ နေတိုးကို တောင်းဆိုပါတယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းပြောတာကို သေချာ နားထောင်ပြီး အခြေအနေ ပြေလည်အောင် ဆောင်ရွက်ပါ ဆိုပြီး လင်ဂျီယန်က ပြောပါတယ်။

ဝါရှင်တန်က နေတိုး အစည်းအဝေးမှာ ယူကရိန်းကို ဘယ်လို ကူညီမယ်ဆိုတာကို အများဆုံး ဆွေးနွေးကြပေမယ့် တရုတ်ရဲ့ အခန်းကဏ္ဍကလည်း ပြောစရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်ဟာ ရုရှားအတွက် အဆုံးအဖြတ်ပေးတဲ့ အားပေးကူညီသူ ဖြစ်လာပြီလို့လည်း နေတိုးက ပြောပါတယ်။

တခါ ရုရှားကို ထောက်ခံတဲ့ ဘယ်လာရုစ်မှာ တရုတ်စစ်တပ်က ပူးတွဲ စစ်ရေး လေ့ကျင့် နေပါတယ်။

ကြာသပတေးနေ့မှာ နေတိုးနဲ့ အာရှ ပစိဖိတ် ခေါင်းဆောင်တွေ တွေ့ဆုံပြီး တရုတ်အကြောင်း ဆွေးနွေးဖို့ ရှိပါတယ်

ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးမယ့် နေတိုးရဲ့ ကတိကဝတ်ကိုလည်း ရုရှားဘက်က ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒါဟာ ရုရှား လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားက ဒါကို ဟန့်တားသွားမယ်လို့လည်း ဆိုပါတယ်။

နေတိုးစစ်အုပ်စုရဲ့ အခြေခံ အဆောက်အအုံတွေ ရုရှားနယ်စပ်နား နီးလာတယ်လို့လည်း သူက သတိပေးပါတယ်။

တခါ ယူကရိန်းကို နေတိုးထဲ ဝင်ခွင့်ပြုဖို့ ကတိပေးတဲ့အတွက်လည်း ယူကရိန်းနဲ့ နေတိုး ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဒ်ဗီဒဗ် က ပြောကြားခဲ့ပါတယ်။

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂျာမနီမှာ အမေရိကန် တာဝေးပစ် ဒုံးကျည်တွေကို ၂၀၂၆ က စပြီး အချိန်အကန့်အသတ်နဲ့ ချထားတော့မှာ ဖြစ်ကြောင်းလည်း နေတိုး အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

တိုမာဟော့က် ခရုဇ် ဒုံးကျည်၊ အက်စ်အမ်-၆ နဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ရှိရင်းစွဲ ဒုံးကျည်တွေထက် ပိုပြီး တာဝေးပစ်နိုင်ကြောင်း အမေရိကန်နဲ့ ဂျာမနီ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ဒုံးကျည်တွေကို ပိတ်ပင်ဖို့ ၁၉၈၈ မှာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်း အစိုးရတို့ကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပေမယ့် အရင် ငါးနှစ်ကပဲ အဲဒီ သဘောတူညီမှု ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီခြိမ်းခြောက်မှုအသစ်ကို စစ်ရေးနဲ့ တုံ့ပြန်သွားမယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး ရီအက်ဘ်ကော့ဗ်က ပြောပါတယ်။

ဒီလို ဒုံးကျည်တွေ လာချတာဟာ စစ်ရှိန်တက်အောင် လုပ်တဲ့နေရာမှာ ဆက်ကြောင်းတခုသာ ဖြစ်ကြောင်း သူက စောဒကတက်ပါတယ်။ နေတိုးနဲ့ အမေရိကန်က ရုရှားကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့လည်း သူက စွပ်စွဲပါတယ်။

ဒီလို ဒုံးကျည်တွေကို အချိန်အကန့်အသတ်နဲ့ ချထားတာဟာ အစပိုင်းမှာ ယာယီလို့ မြင်ကြပေမယ့် နောက်ပိုင်းမှာ အမြဲတမ်း ဖြစ်သွားမှာကို အမေရိကန်-ဂျာမနီ ပူးတွဲကြေညာချက်က ရှင်းရှင်းလင်းလင်း ပြနေပါတယ်။

ဒါဟာ နေတိုးနဲ့ ဥရောပရဲ့ ပူးပေါင်း ဟန့်တားမှုမှာ အမေရိကန်ရဲ့ ပိုင်းဖြတ်တာဝန်ယူမှုကို ပြတာလည်း ဖြစ်ပါတယ်။

ဒီအမေရိကန် အစီအစဉ်ရဲ့ နောက်ကွယ်မှာ ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံတွေကို တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ် ဝယ်ယူရာမှာ ရင်းနှီးမြှုပ်နှံကြဖို့ အားပေးချင်တဲ့ သဘောပါကြောင်း ဝါရှင်တန်က နေတိုးထိပ်သီးဆွေးနွေးပွဲမှာ စကားပြောနေတဲ့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

အမေရိကန်လက်နက်တွေကို ယာယီချထားတာဟာ နေတိုးမဟာမိတ်တွေအတွက် ပြင်ဆင်ချိန် ပေးတာလို့ သူက ရှင်းပြပါတယ်။

ဥရောပရဲ့ စစ်ရေး စွမ်းဆောင်ရည်မှာ သိသိသာသာ ကွာဟနေတဲ့အကြောင်း ဒီမှာ ပြောနေကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို ဒုံးကျည်တွေကို စစ်အေးခေတ်အပြီးမှာ ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် အဏုမြူ လက်နက်များ စာချုပ်နဲ့ တားမြစ်ပိတ်ပင်ထားပါတယ်။ ဒီစာချုပ်အရ ပိတ်ထားတဲ့ လက်နက်တွေထဲမှာ မိုင် ၃၀၀ ကနေ ၃၄ဝဝ ထိ ပစ်နိုင်တဲ့ မြေပြင်ပစ် ဒုံးကျည်တွေ ပါပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီစာချုပ်ကို တင်းကျပ်လွန်းတယ်ဆိုပြီး ယူဆသလို အမေရိကန်ကလည်း သူ့ကို ဒီသဘောတူညီမှု ချိုးဖောက်တယ်လို့ ၂၀၁၄ မှာ စွပ်စွဲပါတယ်။

အမေရိကန်က ၂၀၁၉ မှာ စာချုပ်က နုတ်ထွက်ပြီး ရုရှားလည်း ထွက်သွားခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိုလပ်ဖ် ရှော့လ်ဇ်ကို အမေရိကန် ဒုံးကျည်တွေကို ဂျာမန်မြေပေါ် အဝင်ခံလို့ ဆိုပြီး ဂရင်းပါတီက နိုင်ငံရေးသမားတွေက ဝေဖန်ကြပါတယ်။

မစ္စတာ ရှော့လ်ဇ်ရဲ့ အာဏာရ ညွန့်ပေါင်းအစိုးရမှာ ဂရင်းတွေလည်း ပါပြီး ဒီဆုံးဖြတ်ချက်အကြောင်း ရှော့လ်ဇ် မှတ်ချက်မပေးလို့ စိတ်ပျက်ကြောင်း ဂရင်းပါတီရဲ့ လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ဆာရာ နန်နီက ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...