လူရာကျော် ပိသေဆုံးမှု သူ့မှာတာဝန်မရှိဘူးလို့ အိန္ဒိယ ဂုရုပြော

International News
လူရာကျော် ပိသေဆုံးမှု သူ့မှာတာဝန်မရှိဘူးလို့ အိန္ဒိယ ဂုရုပြော

လူပေါင်း ၁၂၀ ကျော်thayဆုံးခဲ့တဲ့လူအုပ်ပိမှုမှာ ‌ဆုံးပါးခဲ့ကြတဲ့ မိသားစုဆွေမျိုးတွေအတွက် ဝမ်းနည်းနေကြသူတွေ

အိန္ဒိယမှာ ဘာသာရေး ပွဲတော်အတွင်း လူအယောက် ၁၂၀ ကျော်အထိ လူအုပ်ပိ သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့အပေါ် ပြစ်တင် ပြောဆိုမှုတွေကို ဂုရု နရသန် ဆာခါ ဗစ်ရှ်ဝါ ဟာရီ (Narayan Sakar Vishwa Hari)က ငြင်းဆို ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇူလိုင် ၂ ရက်နေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း ဆောင်ရွက်သွားပါ့မယ်လို့ ဂုရု ဟာရီက ကတိပေးထားပါတယ်။

သူ့ကိုယ်သူ ဂုရုအသွင် ဖန်တီးထားတဲ့ Bhole Baba ဘိုလေးဘာဘာလို့ လူသိများတဲ့ နရသန်ဆာခါ ဗစ်ရှ်ဝါ ဟာရီ ရဲ့ ရှေ့နေကတော့ အခုလို လူရာကျော်သေဆုံးမှုဟာ လူ့ထုံးတမ်း ဥပဒေကို ချိုးဖောက်တဲ့ အချက်တချို့ကြောင့် ဖြစ်ပြီး သူ့အမှုသည်အပေါ် ရာဇဝတ်မှုနဲ့ မြောက်အောင် လုပ်ကြံဖန်တီးတာလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိတော့ အဲဒီဘာသာရေး အခမ်းအနား ကျင်းပမှု ကော်မတီမှာပါတဲ့ လူ ၆ ယောက်ကို ဖမ်းထားတယ်လို့ ရဲက ဇူလိုင် ၄ ရက် ကြာသပတေးနေ့က ပြောပါတယ်။

ရဲအရာရှိဟောင်းကနေ ဟိန္ဒူဘာသာဆိုင်ရာ ဂုရုအဖြစ် ကျော်ကြားလာတဲ့ Narayan Sakar Vishwa Hari ရဲ့ပုံကို မဏိပူရပြည်နယ်က Bichhawan ရွာမှာ ချိတ်ဆွဲထား
Hathras ဟသရက်စ် အရပ်မှာ ကျင်းပတဲ့ Satsang ဟိန္ဒူဘာသာရေး ပွဲတော်အတွင်း လူအုပ်ပိ သေဆုံးသူ အားလုံးနီးပါးဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။

အခင်း ဖြစ်ပွားမှုကြောင့် အိန္ဒိယမှာ အခမ်းအနားတွေအတွင်း လုံခြုံရေးဆိုင်ရာအရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ လူအများက ဒေါသထွက်ကာ မေးခွန်း ထုတ်နေကြပါတယ်။

ဘိုလေး ဘာဘာ ကတော့ စုံစမ်း စစ်ဆေးမှုအတွင်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်လို့ သူ့ရှေ့နေ အေပီ ဆင်းက ပြောပါတယ်။

ဒါ့အပြင် ဘိုလေးဘာဘာရဲ့ ဆုတောင်းမှုကို အနီးကပ်ကြည်ညိုဖို့ တွန်းထိုး တိုးဝှေ့ကြတဲ့ ပရိသတ်ကို ထိတ်လန့်တကြား ဖြစ်အောင် သူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဖန်တီး လုပ်ဆောင်ခဲ့တာ ဆိုတဲ့ ပြောဆိုချက်တွေကို သူ့ရှေ့နေ မစ္စတာ ဆင်းက ဒါတွေဟာ လုံး၀မှားယွင်း စွပ်စွဲတာ၊ လုံခြုံရေး ၀န်ထမ်းတွေက ဘိုလေးဘာဘာကို ယုံကြည်ကိုးကွယ်သူတွေ အပေါ် အမြဲတမ်း အကူအညီပေးလျက် ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အိန္ဒိယ သမိုင်းမှာ နှစ်ပေါင်း များစွာအတွင်း အဆိုးရွားဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

အခင်းဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ထရပ်ကား အသေးစားတွေ၊ သုံးဘီးကား အပြင် မော်တော်ဆိုင်ကယ်တွေနဲ့ပါ ဆေးရုံကို ပို့ဆောင်နေတာကို အွန်လိုင်းပေါ် တက်လာတဲ့ ပုံတွေမှာ တွေ့မြင်ရပါတယ်။

လူအုပ်ပိမှု ဘယ်လိုဖြစ်ခဲ့လဲ

အိန္ဒိယနိုင်ငံ ပူလိုင်းရွာမှာ ဘိုလေးဘာဘာ က ဘာသာရေးဆိုင်ရာ စုဝေးပွဲ ကျင်းပခဲ့ရာက အခမ်းအနားမှာ လူတွေ တိုးဝှေ့ရင်း ပိမိ သေဆုံးမှု ဖြစ်ခဲ့တာပါ။

အဲဒီ ဟိန္ဒူအခမ်းအနားကို အာဏာပိုင်တွေက လူရှစ်သောင်းလောက်သာ ခွင့်ပြုခဲ့ပေမယ့် တကယ်တန်းမှာတက်ရောက်သူ နှစ်သိန်းခွဲ လောက်ရှိခဲ့တယ်လို့ ကနဦး ရဲတပ်ဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘိုလေး ဘာဘာ ကားဟာ ဘာသာရေး ပွဲတော်ကနေ ထွက်ခွာဖို့ ပြင်စဉ် လူအုပ်အတွင်း ကစဉ့်ကလျား ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မျက်မြင်တွေ အပြောအရ ဂုရုက ထွက်ခွာဖို့ ပြင်နေတုန်း လူတွေက သူ့ဆီကို ပြေးအသွားမှာ တယောက်ပေါ် တယောက် ပိမိကြတာလို့ ဆိုပါတယ်။

မောင်းထွက်သွားတဲ့ သူ့ကားနောက်က လိုက်တဲ့အခါ မြေကြီးပေါ် ထိုင်နေတဲ့သူတွေ တော်တော်များများ အကြိတ် ခံရတာလို့လည်း အသက်မသေဘဲ ကျန်ရစ်သူတွေက ပြန်ပြောပြပါတယ်။

ဒေသခံ တယောက်ဖြစ်တဲ့ ယိုဂတ်ရှ် ယိုဒေ့ဗ် ကတော့ ဘိုလေးဘာဘာ ကားထွက်သွားတဲ့အခါ ရာနဲ့ချီတဲ့ အမျိုးသမီးတွေက သူ့ကားနောက်က ပြေးလိုက်ကြတယ်လို့ အခင်းဖြစ်ပွားမှုကို တွေ့လိုက်ရသူ တယောက်က ပြောပါတယ်။

သူ့ကားကို ကောင်းကောင်းမြင်ရဖို့ တချို့ဆို လမ်းမကျယ်ကြီးကို ဖြတ်ကူးကြတယ်၊ အမျိုးသမီး တော်တော်များများဆိုရင် အဝေးပြေး လမ်းဆုံက မြောင်းထဲ ကျတာတွေ ရှိတယ်။ အဲဒီနောက် လူတွေ တယောက်ပေါ် တယောက် ပိမိကုန်ကြတယ်လို့ မစ္စတာ ရာဗ် က ပြောပါတယ်။

တချို့ ဆိုရင် ရွံ့ညွှန်ပေါတဲ့ ကွင်းထဲကနေ လမ်းပေါ်ကို ပြေးတက်ကြတာတွေ ရှိပေမယ့် ပွဲစီစဉ်သူတွေက အတင်းအကျပ် တားတာကြောင့် တိုက်မိကုန်ကြတာလို့လည်း ရဲမှတ်တမ်းတွေမှာ ဆိုထားပါတယ်။

ဘိုလေး ဘာဘာရဲ့ နာမည်ရင်းက ဆူရပ်ဂျ် ပါးလ် ဖြစ်ပေမယ့် သူ့ကိုယ်သူ နရာရန် ဆာခါ ဗစ်ရှ်ဝါ ဟာရီလို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

အူတာပရာတက်ရှ် က ထိပ်တန်း ရဲအရာရှိ တယောက်က ဘီဘီစီ ဟိန္ဒူ ဌာနကို ပြောကြားရာမှာ ဘိုလေး ဘာဘာ ဟာ အရင်က ရဲဝန်ထမ်းတယောက်ဖြစ်ပြီး ရာဇဝတ်မှုနဲ့ တရားစွဲ ခံရပြီးနောက်မှာ ရာထူး ရပ်ဆိုင်း ခံခဲ့ရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရားရုံးက သူ့မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်မှာ သူ့အလုပ်ထွက်သွားခဲ့တယ်လို့ အဲဒီ ထိပ်တန်း ရဲ အရာရှိက ပြောပါတယ်။

ဟာသရပ်စ် နဲ့ အနီးဝန်းကျင် ဒေသတွေမှာ ဘိုလေးဘာဘာကို ကိုးကွယ်သူ သိန်းသောင်းချီ ရှိပြီး သူဟာ ပူရိုင်းရွာကနေ ၆၂ မိုင်အကွာမှာ ရှိတဲ့ မဏိပူရပြည်နယ်ထဲက ဟိန္ဒူဘာသာဝင်တို့ ဆုတောင်း တရားကျင့်ရာ နေရာမှာရှိနေတယ်လို့ ပြောပါတယ်။

သူ့ရှေ့နေက ဘီဘီစီကို အပြောအရ ဘိုလေးဘာဘာဟာ သူမွေးရပ်မှာရှိတဲ့ ဟိန္ဒူဘာသာဝင်တို့ ဆုတောင်း တရားကျင့်ရာ နေရာမှာပဲ ဆက်ရှိနေပြီး ကနဦး ရဲစစ်ချက်မှာတော့ သူ့အပေါ် တိုင်ကြား စွဲဆိုထားတာ မရှိဘူးလို့ သိရပါတယ်

 

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...