အသက်မကြီးခင် အလုပ်ကနေ အနားယူနိုင်ဖို့ နှစ် ၂၀ ကျော်အတွင်း ယန်းငွေ ၁၃၂ သန်းအထိ ချွေတာစုဆောင်းခဲ့သူ

International News
အသက်မကြီးခင် အလုပ်ကနေ အနားယူနိုင်ဖို့ နှစ် ၂၀ ကျော်အတွင်း ယန်းငွေ ၁၃၂ သန်းအထိ ချွေတာစုဆောင်းခဲ့သူ

ဂျပန်အမျိုးသားတစ်ဦးဟာ အသက်မကြီးခင် အလုပ်ကနေ အနားယူနိုင်ဖို့အတွက် ခြစ်ကုပ်စုဆောင်းခဲ့ရာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း ယန်း ၁၃၂ သန်းအထိ စုဆောင်းနိုင်ခဲ့လို့ သူ့ရည်မှန်းချက်ပြည့်ဝခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက အလွန်ပင်ပန်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ခဲ့ရတာပါ။ အချိန်ပိုလည်း မကြာခဏ ဆင်းရပါတယ်။ ဝင်ငွေလည်းကောင်းပြီး တစ်နှစ်ကို ယန်း ၅ သန်းကျော် ရပါတယ်။

သူဟာ အသက်မကြီးခင် အလုပ်ကနေ အနားယူဖို့ ရည်မှန်းချက်ရှိသူဖြစ်လို့ ခြိုးခြံချွေတာ စားသောက်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရည်မှန်းချက်ကတော့ ယန်းသန်း ၁၀၀ စုဆောင်းနိုင်ရေးပါပဲ။ အဲဒီအတွက် သူ့ရဲ့နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ငှားထားတဲ့အိမ်ခန်းကို ပြန်အပ်ပြီး ဈေးနည်းနည်းပဲ ပေးရတဲ့ ကုမ္ပဏီအဆောင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ နွေရာသီမှာ လေအေးပေးစက် မဖွင့်သလို ဆောင်းတွင်းမှာလည်း အပူပေးစက် မဖွင့်ပါဘူး။ အရမ်းအေးရင် လေ့ကျင့်ခန်းလုပ်တာ၊ စောင်ထူထူခြုံတာမျိုးပဲ လုပ်လေ့ရှိပါတယ်။ အကုန်အကျသက်သာအောင် နေထိုင်ပြီး သူ့ရဲ့ တစ်နေ့တာ စားသောက်မှုပုံစံကိုလည်း လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

လျှော့ဈေးကူပွန်တွေကိုသာ သုံးပြီး ဈေးပေါတဲ့ အစားအစာတွေကိုပဲ ဝယ်စားလေ့ရှိပါတယ်။ သူဟာ အပြင်ကိုလည်း ထွက်လည်လေ့မရှိပါဘူး။ အားလပ်ချိန်တွေဆိုရင် အဆောင်မှာ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေလေ့ရှိပါတယ်။ အကျဉ်းသားဇာတ်လမ်းတွဲတွေပဲ ကြည့်လို့ လူတွေက သူ့ကို အကျဉ်းသားဘဝမှာ နေထိုင်နေသူလို့တောင် စနောက်တတ်ကြပါတယ်။

အခုနှစ်အစောပိုင်းမှာတော့ သူက ယန်း ၁၃၂ သန်းအထိ စုဆောင်းနိုင်ခဲ့ပြီဖြစ်လို့ အလုပ်ကနေ အနားယူနိုင်တော့မယ်လို့ ကြေညာခဲ့တာပါ။ ဒါ့အပြင် သူက အချိန်စောစီးစွာ အနားယူနိုင်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ၊ အစီအမံတွေအကြောင်းကိုလည်း စာအုပ်တစ်အုပ် ရေးသားထုတ်ဝေဖို့ ရှိနေပါတယ်။ သူ့အနေနဲ့ စုဆောင်းချွေတာပြီး သန်းကြွယ်သူဌေး ဖြစ်လာပေမဲ့ အခုနှစ်အစောပိုင်းကစတင်ပြီး ယန်းငွေတန်ဖိုး ကျဆင်းလာတာကြောင့် အလုပ်ကနေ အနားယူဖို့တော့ အချိန်စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...