ကမ္ဘာကျော်စကားထာတစ်ခု (သို့မဟုတ်) Sphinx’s Riddleးပန်းချီကားတစ်ချပ်ကို နမူနာယူ တည်ဆောက်ထားတဲ့ မိုးမျှော်အဆောက်အအုံ

Knowledge
ကမ္ဘာကျော်စကားထာတစ်ခု (သို့မဟုတ်) Sphinx’s Riddle

စကားထာတွေဟာ လူ့သမိုင်းမှာ ရှေးအကျဆုံးဖျော်ဖြေမှုပုံစံတွေထဲက တစ်ခုဖြစ်ပါတယ်။ အချို့စကားထာတွေဆိုရင် နှစ်ထောင်ပေါင်းများစွာကြာတဲ့တိုင်အောင် သစ်လွင်လတ်ဆတ်ဆဲဖြစ်ပြီး လူတွေရဲ့ပါးစပ်ဖျားမှာ ယနေ့အချိန်အထိ ပြောဆိုနေကြဆဲရှိတုန်းပါ။ အဲ့ထဲမှာမှ ရှေးအကျဆုံးနဲ့ ကျော်ကြားလူသိအများဆုံးစကားထာလို့ သတ်မှတ်နိုင်တာကတော့ စဖင့်(Sphinx)က သူရဲကောင်းအီးဒိပက်စ်(Oedipus)ကို မေးခဲ့တဲ့ စကားထာပဲ ဖြစ်ပါတယ်။

စဖင့်ဆိုတာ အမျိုးသမီးဦးခေါင်း၊ ခြင်္သေ့ကိုယ်၊ လင်းယုန်တောင်ပံတို့ ပေါင်းစပ်ထားတဲ့ ဒဏ္ဍာရီလာသတ္တဝါ ဖြစ်ပါတယ်။ သူ့ကို အီဂျစ်နဲ့ ဂရိဒဏ္ဍာရီတွေထဲမှာ တွေ့ရတယ်။ ဂရိစဖင့်နဲ့ တစ်ခုကွဲပြားတာကတော့ အီဂျစ်စဖင့်တွေမှာ တောင်ပံတွေမပါတာပါပဲ။ ဒီနာမည်ကျော်စကားထာကတော့ ဘီစီ(၅)ရာစုက ရေးသားခဲ့တဲ့ ဂရိမစ်သ်(Myth) “Oedipus the King” ကနေ ဆင်းသက်လာတာဖြစ်တယ်။

ဒီ Myth ရဲ့အပိုင်းတစ်ပိုင်းမှာ ဘုရင်လိုင်းယက်စ်(Laius)လုပ်ကြံခံရပြီးနောက် သီးဘီးစ်(Thebes)မြို့ကို စဖင့်တစ်ကောင်က နှောင့်ယှက်ဒုက္ခပေးနေတယ်။ ဒီစဖင့်က သီးဘီးစ်မြို့ဝင်ပေါက်ကို စောင့်ကြပ်နေပြီး ဖြတ်သန်းသွားလာသူ ခရီးသွားမှန်သမျှကို စကားထာတစ်ခု မေးလေ့ရှိတယ်။ အဖြေမှန်သူကိုသာ မြို့ထဲဝင်ထွက်ခွင့်ပြုပြီး မဖြေနိုင်သူကိုတော့ သူမက သတ်ဖြတ်စားသောက်ပစ်မှာဖြစ်တယ်။ စဖင့်ရဲ့မေးခွန်းကို ဘယ်သူမှမဖြေနိုင်ကြတဲ့အတွက် အကုန်အစားခံနေကြရတယ်။ ဒီစဖင့်ကြောင့် သီးဘီးစ်တစ်မြို့လုံး စိတ်ဒုက္ခရောက်နေကြရတဲ့အတွက် လက်ရှိသီးဘီးစ်ရဲ့ဘုရင် ခရီယွန်(Creon)က ဒီစဖင့်ကို ရှင်းလင်းပေးနိုင်တဲ့သူကို သူ့နှမတော်(အရင်ဘုရင်ရဲ့မိဖုရား)ဂျိုကက်စတာ(Jocasta)နဲ့ ထိမ်းမြားပေးမယ်လို့ ကြေငြာထားတယ်။ စဖင့်မေးတဲ့ စကားထာကတော့-

“ ဘယ်အရာက မနက်မှာ ခြေလေးချောင်း, နေ့လည်မှာ ခြေနှစ်ချောင်းနဲ့ ညနေမှာ ခြေသုံးချောင်းရှိတာလဲ ” တဲ့။

ဒီ ဒဏ္ဍာရီလာစကားထာမေးခွန်းဟာ သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး စကားထာလည်း ဖြစ်ခဲ့တယ်။ အဲ့ဒီ ဘယ်သူမှမဖြေနိုင်တဲ့စကားထာကို သီးဘီးစ်မြို့ကိုရောက်လာတဲ့ အီးဒိပက်စ်(Oedipus)က မှန်အောင်ဖြေနိုင်ခဲ့တယ်။ စဖင့်လည်း အီးဒိပက်စ်ကို မြို့တွင်းဝင်ခွင့်ပြုခဲ့ပြီး သူမကတော့ ကိုယ့်ကိုကိုယ်ဖျက်စီးပစ်ကာ သတ်သေသွားခဲ့တယ်။ သီးဘီးစ်တစ်မြို့လုံးက စဖင့်အန္တရာယ်ကို ဖြေရှင်းပေးခဲ့တဲ့ အီးဒိပက်စ်ကို သူရဲကောင်းအဖြစ်သတ်မှတ်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြတယ်။ ဘုရင်ခရီယွန်လည်း သူ့ကတိအတိုင်း မုဆိုးမဖြစ်နေတဲ့ သူ့နှမတော်ဂျိုကက်စတာမိဖုရားနဲ့ အီးဒိပက်စ်ကို ထိမ်းမြားပေးခဲ့တယ်။ နောက်ပိုင်းမှာ အီးဒိပက်စ်ဟာ သီးဘီးစ်ဘုရင်ဖြစ်လာပြီး မိဖုရားဖြစ်သူဂျိုကက်စတာနဲ့ သားသမီး(၄)ယောက် ထွန်းကားခဲ့တယ်။

*(အခုရေးထားတာလောက်ပဲ ဖတ်ကြည့်လိုက်ရင် ဒီ Myth ဟာ Happy Ending နဲ့ အဆုံးသတ်တယ်လို့ ထင်ကြမှာပါ။ တကယ်တော့ မဟုတ်ပါဘူးနော်။ အီးဒိပက်စ်ယူထားတဲ့ ဂျိုကက်စတာဟာ သူ့အမေအရင်းပါ။ ကိုယ့်အမေကို အီးဒိပက်စ်က မိဖုရားပြန်လုပ်ထားမိတာပေါ့။ ဂျိုကက်စတာရဲ့ အရင်ယောကျာ်း ဘုရင်လိုင်းယက်စ်ကတော့ အီးဒိပက်စ်ရဲ့အဖေပါ။ သားဖြစ်သူက သူ့ကိုပြန်သတ်လိမ့်မယ်လို့ အပိုလိုနတ်ဘုရားက ဟောကိန်းထုတ်ထားတာကြောင့် လိုင်းယက်စ်က အီးဒိပက်စ်ကို နို့စို့အရွယ်မှာပဲ စွန့်ပစ်ခိုင်းခဲ့ပြီး သေအောင်ကြံစဉ်ခဲ့တာပါ။ ဂရိ Myth တွေဟာ အရမ်းလည်းရှုပ်သလို အရမ်းလည်းနာမည်ကျော်ပါတယ်။ ဒီ အီးဒစ်ပက်စ် Myth ဟာလည်း ထင်ရှားတဲ့ Myth တစ်ခုပါ။ လူ့သမိုင်းပရိသတ်တွေ စိတ်ဝင်စားရင်တော့ အလျင်းသင့်သလို ဒီ Myth တွေကို တင်ဆက်ပေးပါ့မယ်။)

ဘာပဲဖြစ်ဖြစ် ဒီ Oedipus Myth မှာ စဖင့်မေးခဲ့တဲ့ စကားထာကတော့ လူ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး စကားထာ ပဟေဠိတစ်ခု ဖြစ်လာခဲ့ပါတယ်။ အီးဒိပက်စ်တစ်ယောက်တည်း မှန်အောင်ဖြေနိုင်ခဲ့တဲ့ စဖင့်စကားထာရဲ့ အဖြေမှန်က ဘာလဲ? လူ့သမိုင်းပရိသတ်တွေလည်း comment မှာ ဖြေကြည့်ပေးကြပါဦး။ လွယ်မယ်လို့တော့ ထင်ပါတယ်ဗျာ။

*(ပုံကတော့ ပြင်သစ်ပန်းချီဆရာ Gustave Moreau(1826-1898)ရေးဆွဲထားတဲ့ နာမည်ကျော် Oedipus and the Sphinx(1864) ပန်းချီကားပဲ ဖြစ်ပါတယ်။ အလွန်လက်ရာမြောက်တဲ့ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ပါ။ Metropolitan Museum of Art(New York,US)မှာ ပြသထားရှိပါတယ်။)
#Credit to Photo.

ရေးသားသူ – လူ့သမိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...