နိုင်ငံကူးလက်မှတ် အမြန်ရမည်ခေါင်းစဉ်ဖြင့် တစ်ရက်လျှင်ပျမ်းမျှ (၃)ဦး ထက်မနည်း အလိမ်ခံနေရ

Local News
နိုင်ငံကူးလက်မှတ် အမြန်ရမည်ခေါင်းစဉ်ဖြင့် တစ်ရက်လျှင်ပျမ်းမျှ (၃)ဦး ထက်မနည်း အလိမ်ခံနေရ

နိုင်ငံကူးလက်မှတ်အမြန်ရရှိမည်ဟုဆိုကာ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်နေပြီး အကြမ်းဖျင်း တစ်ရက်လျှင် ပျမ်းမျှ (၃)ဦးထက်မနည်း အလိမ်ခံနေရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့်နီးစပ်သူတစ်ဦးက NP News သို့ ခန့်မှန်းတွက်ချက်ပြောကြားသည်။

အဆိုပါပမာဏမှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အများဆုံးရှိသော တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ နေပြည် တော် နှင့် မြို့နယ် ၁၁ ခုတို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို Online Booking တင်၍ QR Code စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အလိမ်ခံရသည့်ဖြစ်စဉ်ကို ထုတ်ဖော်မပြောဝံ့သူများလည်းရှိနေကြောင်း သိရသည်။
“တစ်ရက်ကို (၃) ဦးထက်မနည်း အလိမ်ခံနေရတာ။ တချို့ကလည်း အလိမ်ခံရတာကို ရှက်လို့မ ပြောကြတာလည်းရှိတယ်။ QR တွေပေါ်လာပြီးနောက်ပိုင်း အမြန်ရချင်ဇောနဲ့လုပ်ကြရင်းနဲ့ အလိမ်ခံ ရတာတွေများတာပေါ့။ နောက်ပြီး ရန်ကင်းပန်းခြံနားမှာလည်း လိမ်တဲ့လူတွေရှိတယ်” ဟု အထက်ပါ နီးစပ်သူကဆိုသည်။
နိုင်ငံကူးလက်မှတ်အမြန်ရရှိလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်လုပ်ရာတွင် လူမှုကွန်ရက် Facebook စာမျက်နှာရှိ Passport ဝန်ဆောင်မှု အကောင့်တုများသို့ဆက်သွယ်မိကာ အလိမ်ခံရသည့် ဖြစ်စဉ် ပိုမိုများလာကြောင်း သိရသည်။ “ကျွန်တော်က နယ်ကဗျ။ တွေ့တာက Facebook ကနေ Passport လုပ်ပေးတယ်ဆိုတဲ့ အ ကောင့်တွေ့လို့ သွားပြောတော့ မှတ်ပုံတင်တောင်းတယ်။ ကျွန်တော်က အမြန်လိုချင်တယ်လို့ပြောတော့ (၃) သိန်းတောင်းတယ်ဗျ။ ပြီးတော့ QR အတုကြီးချ ပေးတယ်ဗျာ။ ကျွန်တော်လည်း မသိလို့လုပ်လိုက် ပြီး Passport ရုံးရောက်မှ အလိမ်ခံရမှန်းသိတာပါ” ဟု ရမည်းသင်းမြို့နယ်မှ အလိမ်ခံရသူတစ်ဦးက NP News သို့ပြောသည်။

လက်ရှိတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ်နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီ ပိတ်သိမ်းထားသော်လည်း ပြည်ပထွက်ခွာလိုသူများအနေဖြင့် လူမှုကွန်ရက် Facebook စာမျက်နှာရှိ အကောင့်တုများ သို့ဆက်သွယ်ကာ ပြောင်းလဲလျှောက်ထားရာမှတစ်ဆင့်လည်း အလိမ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေကြောင်း သိရသည်။

“ PJ ကနေပြီးတော့ PV ပြောင်းမယ်ဆိုပြီးတော့ ရုံးကိုသွားတော့ ရုံးကဖောင်ကပိတ်သွားတယ်။ အဲဒါနဲ့ မရဘူးဆိုပြီး လိုင်းပေါ်ကတွေ့တဲ့အစ်မကိုမေးကြည့်တော့ ရတယ်တဲ့။ ဘယ်လိုရတာလဲ မေး ကြည့်တော့ သူက အရင်က PJ ကနေ PV ပြောင်းမယ်ဆိုပြီး လာအပ်ထားတဲ့လူတွေထဲက မလုပ်တော့ တဲ့ တချို့လူတွေ ရဲ့ QR နေရာမှ နာမည်အစားထိုးပြီး လုပ်လို့ရတယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်တော် လည်း စရန်ငွေအပြင် ၁၈၅၀ဝ၀ ကျပ်ပေးလိုက်တာ။ ရုံးကိုသွားတော့ ဖုန်းဆက်ကြည့်တော့ Passport က ဒီနေ့ တစ်ခါတည်း လူကြီးကို ပိုက်ဆံပေးပြီးလုပ်ပေးမှာဖြစ်လို့ ကျန် တဲ့ပိုက်ဆံကိုတစ်ခါတည်း ပေးပါလို့တောင်းတယ်။ ကျွန်တော်က လူချင်းမတွေ့ဘဲမပေးနိုင်ဘူးပြောပြီး ရုံးထဲဝင်ပြီးမေးကြည့် လိုက်တော့ ရုံးမှာအဲဒီအမျိုးသမီး မရှိဘူးပြောတယ်။ ကျွန်တော်ဖုန်းထပ်ဆက်ကြည့်တော့ ဖုန်းကို Block သွားတယ်” ဟု အခြား အလိမ်ခံရသူအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနီးတွင်လည်း နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အမှုထမ်းဟန်ဆောင်ကာ လိမ်လည်မှုများရှိနေကြောင်း NP News က စုံစမ်းသိရှိရသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က အထက်ပါနေရာတွင် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အမှုထမ်းဟန်ဆောင်ကာ လူ(၄)ဦးထံမှ ငွေကျပ်သိန်း(၇၀)ကျော် လိမ်လည် သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

“ရွာကဦးလေးကြီးက ချိတ်ပေးတာပေါ့။ ကျွန်မတို့က လူ(၄)ယောက်လုပ်မှာ။ ပထမတော့ တစ် ယောက်ကို (၃၇၀ဝဝဝ) ကျတယ်ဆိုပြီး တောင်းတော့ ပေးလိုက်တယ်။ နောက်တစ်ခါ တစ်ယောက်ကို (၈၅၀ဝဝဝ)စီ ထပ်တောင်းတယ်။ အဲဒါနဲ့ (၈၅၀ဝဝဝ)ထပ်ပေးလိုက်တယ်။ ပြီးတော့ ထပ်ပေးလိုက် ရတာတွေနဲ့ အားလုံးပေါင်း (၇၂၅၀ဝဝဝ)ကျော်အထိ ပေးလိုက်ရတာ။ ရုံးထဲတောင်မရောက်ဘဲနဲ့ လိမ်သွားတယ်”ဟု အထက်ပါလိမ်လည်သည့်ဖြစ်စဉ်တွင် လိမ်လည်ခံရသူ(၄)ဦးအနက် တစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ်ကိုအမြန်ရရှိမည်ဟု အသိပေးထားသော လူမှုကွန်ရက် Facebook အကောင့်ထံ NP News က Passport လုပ်မည်ဟု အသွင်ယူ၍စာပို့မေးမြန်းခဲ့ရာ အဆိုပါအကောင့် ပိုင်ရှင်က ၎င်းသည် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး QR ဌာနမှဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ PJ (Passport for Job) အားတရားဝင်လုပ်ကိုင်ပေးကြောင်းနှင့် နိုင်ငံကူးလက်မှတ် အမြန် လိုချင်ပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ဓာတ်ပုံပေးပို့ရန် တောင်းဆိုပြီး တစ်ပါတည်း ငွေကျပ် (၆၅၀ဝဝဝ) ကိုလည်း ဝန်ဆောင်ခအဖြစ် ၎င်းပေးပို့ပေးသော ဖုန်းနံပါတ်ထံလွှဲပြောင်းပေးရန် ပြန်လည်အကြောင်းပြန် ရေးသားခဲ့သည်။

ရေးသားသူ -သန့်ဇင် (NP News)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...