ဇော်ဝိတ်ကြီး၊ ပထမမြန်မာအိုလံပစ်သွား အားကစားသမား
ကာယဗလ ဦးဇော်ဝိတ်ငယ်စဉ်က
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက အိုလံပစ်ပြိုင်ပွဲ ဝင်ခဲ့ရာမှာ ပန်ချာပီခေါင်းပေါင်းတွေပတ်ပြီး အိန္ဒိယအင်ပါယာအသင်း အနေနဲ့ ဝင်ခဲ့ရလို့ ပါဝင်ခဲ့သူ ဦးဇော်ဝိတ်နဲ့ နည်းပြ ကာယဗလဦးရှိန်တို့ မကျေမချမ်း ဖြစ်ခဲ့ကြတယ်လို့ အဆိုရှိပါတယ်။ ဦးဇော်ဝိတ်ဟာ ကာယဗလ အားကစားကို မြန်မာလူငယ်တွေ လိုက်စား အောင် လှုံ့ဆော်ရာမှာ ကိုလိုနီခေတ် သခင်နိုင်ငံရေးသမားတွေနဲ့ ပူးတွဲဆောင်ရွက်ခဲ့သလို လွတ်လပ်ပြီးခေတ်မှာလည်း အားကစားနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးမှာ အားပေးမြှင့်တင်ခဲ့ပါတယ်။
ပွဲကျောင်းကလာ
မြန်မာပြည်မှာ အနောက်တိုင်းပုံစံ အားကစားလိုက်စားတာဟာ ဗြိတိသျှသိမ်းပိုက်ပြီးနောက်မှ ခေတ်စားလာတာ ဖြစ်ပေမယ့် ရိုးရာဘုန်းကြီးကျောင်း ပညာရေးမှာ ရှိတဲ့ ပွဲကျောင်းတွေဟာ လက်ဝှေ့လက်ပန်းနဲ့ တခြားကိုယ်ခံပညာတွေကို ရာစုနှစ်တွေနဲ့ချီ သင်ပေးခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပင်းယ၊ အင်းဝခေတ်က အောင်စည်းခုံသံဃရာဇာ စတဲ့ သာသနာပိုင်ဆရာတော်တချို့ဟာ လက်ဝှေ့ချန်ပီယံတွေလို့ နာမည်ကြီးခဲ့ပါတယ်။ ဒီလို ပွဲကျောင်းက သင်ကြားပေးလိုက်တဲ့ ပညာတွေ၊ ရပ်ရွာက နယ်ခံပညာရှင်တွေဆီမှာ တပည့်ခံ သင်ခဲ့မှုတွေနဲ့ပဲ ဘုရင့်တပ်မတော်နဲ့ နယ်စားမြို့စားတွေဆီမှာ မြန်မာစစ်သည်တွေ အမှုထမ်းခဲ့ကြတာပါ။ နန်းတွင်းက ဆင်ရေး မြင်းရေး ပြပွဲ၊ ဓားခုတ်လှံထိုးပြိုင်ပွဲတွေဟာလည်း ဒီလို သူရဲကောင်းတွေရဲ့ အစွမ်းသတ္တိကို ပြတဲ့ပွဲတွေ ဖြစ်ပြီး ဘုရင့်တပ်မှာ ရာထူးအဆင့်ဆင့်တက်ဖို့ အစွမ်းပြရတဲ့နေရာတွေ ဖြစ်ပါတယ်။
၁၈၉ဝ က မြန်မာလက်ဝှေ့ပွဲ
ကိုလိုနီခေတ်ရောက်ချိန်မှာတော့ ဘုန်းကြီးကျောင်းပညာရေး ဆုတ်ယုတ်ပြီး အနောက်တိုင်းပုံစံကျောင်းတွေ ဝင်လာပါတယ်။ သာသနာပြုကျောင်းတွေနဲ့ အစိုးရကျောင်းတချို့မှာ ဘောလုံး၊ ကြက်တောင်၊ ရေကူးစတဲ့ အနောက်တိုင်းအားကစားတွေ သင်ပေးခဲ့ပြီး ဒီထဲက ဘောလုံးကို မြန်မာတွေ အထူးနှစ်ခြိုက် ခဲ့ပါတယ်။ ရိုးရာကစားနည်းတွေ ဖြစ်တဲ့ ခြင်းလုံး၊ မြန်မာလက်ဝှေ့၊ သိုင်း စတာတွေကို ခေတ်နောက်ကျတဲ့ စည်းကမ်းမရှိ ကြမ်းတမ်းတဲ့ ကစားနည်းတွေ အဖြစ် ဗြိတိသျှအုပ်စိုးသူတွေက ယူဆတဲ့အတွက် မြို့ပြမှာ တိမ်မြုပ်လာပေမယ့် ကျေးလက်တွေမှာတော့ ဆက်ခေတ်စားဆဲ ဖြစ်ပါတယ်။
တဘက်မှာတော့ ဗြိတိသျှသိမ်းပိုက်ချိန်က မြန်မာပြည်အထက်ပိုင်းမှာ ခုခံမှု နှစ်ရှည်ကြုံခဲ့ရတဲ့အတွက် လက်နက်ကိုင်ဆောင်ခွင့် တင်းကျပ်ထားသလို ကိုယ်ခံပညာတွေ သင်ကြားတာကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ ၁၉၃ဝ ဆရာစံခေတ်အထိ ခေတ်ဦးလက်နက်ကိုင်တော်လှန်ရေးတွေမှာ ဆေးဆရာ၊ ဘုန်းကြီး၊ သိုင်းဆရာ စတဲ့ ကျေးလက်ပညာရှင်တွေ ဦးဆောင်တာများခဲ့တဲ့အတွက် ခုလို သတိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပေါ်က အထက်လွှာနဲ့ လူလတ်တန်းစားတွေကြားမှာ ကြမ်းကြမ်းတမ်းတမ်း နေထိုင်တာကို အားမပေးတဲ့ ဓလေ့တခု ရှိလာခဲ့ပြီး အရင် နန်းတွင်းနေထိုင်မှုတွေက အစပြုတာ ဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေ ကာယဗလလိုက်စားတာ၊ သန်မာကြံ့ခိုင်မှုကို အားပေးတာတွေဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှ နိုင်ငံရေးသမားနဲ့ စာရေးဆရာတွေက အတင်းတွန်းတင်ခဲ့ရတယ်လို့လည်း လူထုဒေါ်အမာက ယောက်ျားမင်းသမီး အောင်ဗလအကြောင်းမှာ ရေးခဲ့ပါတယ်။
အီတာလျံ ဖက်ဆစ်မယ်တွေရဲ့ ကာယလေ့ကျင့်ပွဲ
ရဲသတင်းစာနဲ့ ခြောက်ပေကျော် လုလင်ကြီး
၁၉၃ဝ ကျော်မှာတော့ ကမ္ဘာ့စီးပွားပျက်ကပ်အရှိန်နဲ့အတူ ဖက်ဆစ်နဲ့ လက်ဝဲဝါဒတွေ ခေတ်စားလာပါတယ်။ ဒီလှိုင်းကြီးဟာ အနောက်တိုင်းကနေ အရှေ့ အာရှက ကိုလိုနီနယ်မြေတွေအထိ ရိုက်ခတ်လာပါတယ်။ ဖက်ဆစ်နာဇီဝါဒရဲ့ သြဇာအဖြစ် ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ အမျိုးသားရေးစိတ် တွဲတင်တဲ့ဓလေ့ လည်း မြန်မာပြည်ကို ရောက်လာပါတယ်။
မြန်မာပြည်မှာ ဒီကြံ့ခိုင်ရေးမျိုးချစ်စိတ်ကို ဖြန့်ဖြူးခဲ့သူတွေထဲမှာ မျိုးချစ်စိတ်လွန်ကဲတဲ့ စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေက အဓိက ခေါင်းဆောင် ခဲ့ပြီး သူတို့ထဲက အထင်ရှားဆုံးကတော့ မဟာဆွေ ဖြစ်ပါတယ်။ မဟာဆွေဟာ အမ်အေဦးမောင်ကြီးရဲ့ ရဲသတင်းစာမှာ ကိုယ်လုံးပေါ် အမျိုးသမီး အမျိုးသားပုံတွေကို အသားပေးဖော်ပြပြီး ကိုယ်လက်လှုပ်ရှားမှုကို လိုက်စားဖို့ အားပေးခဲ့ပါတယ်။ နောက် သူရေးတဲ့ ဝတ္ထုထဲက ဇာတ်လိုက်တွေဟာလည်း အရပ် ခြောက်ပေကျော်တဲ့ လုလင်အမျိုးသား ခေတ်ပညာတတ် လူချမ်းသာတွေ ဖြစ်ကြပြီး လက်ပစ်ဗုံးလုပ်တတ်တဲ့ မျိုးချစ်တွေလည်း ဖြစ်တတ်ပါတယ်။ ကျားမ လိင်ဆန်တဲ့ အရေးအသားတွေနဲ့ ဆွဲဆောင်တတ်တဲ့ ဒီဝတ္ထုတွေမှာ အားကြီးမှ ခုခံနိုင်တဲ့သဘောကို လူငယ်တွေ လက်ခံအောင် စည်းရုံးပညာပေး ခဲ့ပါတယ်။
ဒီအကျိုးဆက်အဖြစ် နိုင်ငံအနှံ့ ကိုယ်လက်ကြံ့ခိုင်ရေး အသင်းအဖွဲ့တွေ အများအပြား ပေါ်လာသလို ခြေလျင်လမ်းလျှောက် လှုပ်ရှားမှုကြီးလည်း ထွန်းကား လာပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ကာယဗလနာမည်နဲ့ ဂုဏ်တင်ခေါ်ဆိုကြပြီး ကာယဗလ ဦးရှိန်၊ ဦးရွှေဆင့်၊ ဦးနေဝင်း စတဲ့ နာမည် အသီးသီးနဲ့ ကာယကြံ့ခိုင်ရေး လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်ခဲ့ကြပါတယ်။ ခြေလျင်လမ်းလျှောက်တဲ့ဘက်မှာတော့ နဂါးနီစာပေတိုက်က မန်နေဂျာ ဦးအုန်းခင် ထင်ရှားပြီး ခြေလျင်ဦးအုန်းခင်လို့ လူသိများခဲ့ပါတယ်။
,နာဇီဝါဒအမွှမ်းတင်တဲ့ ဘာလင်အိုလံပစ်
ကျေးလက်မှ ဘာလင်သို့
အရှေ့တောင်အာရှကနေ ပထမဆုံး အိုလံပစ်ဝင်ပြိုင်ခဲ့သူ ဆိုတဲ့ ကိုဇော်ဝိတ်ဟာ မြို့ပြအထက်လွှာက အားကစားလိုက်စားနိုင်တဲ့ အခြေအနေမှာ ကြီးပြင်းခဲ့သူ မဟုတ်ပါဘူး။ ရန်ကုန်တောင်ဘက် ကွမ်းခြံကုန်းအပိုင် နတ်စင်ကုန်းဆိုတဲ့ရွာမှာ ကြီးပြင်းခဲ့တဲ့ ကျေးရွာသားတယောက်သာ ဖြစ်ပါတယ်။ ငယ်စဉ်က ချူချာတဲ့အတွက် ကျန်းမာရေးနဲ့ သိပ်ပြည့်စုံသူလည်း မဟုတ်ပါဘူး။ လယ်မလုပ်နိုင်လို့ မြို့ပေါ်တက်ပြီး အလယ်တန်းဆရာဖြစ် သင်ရာက ကာယဗလ လေ့ကျင့်ပေးမယ့် ဆရာကောင်း ဦးရှိန်နဲ့ တွေ့ပြီး ကျန်းမာသန်စွမ်းလာခဲ့တာ ဖြစ်ပါတယ်။
သူ ဒီလိုလေ့ကျင့်လာရာက အိန္ဒိယထိ သွားပြီး ယှဉ်ပြိုင်နိုင်တဲ့အထိ အောင်မြင်လာပါတယ်။ သူ့ကို ကူညီကြတဲ့ မိတ်ဆွေကောင်းတွေနဲ့ ကြုံခဲ့ပြီး ဒီထဲမှာ ကြီးပွားရေး မဂ္ဂဇင်းထုတ်တဲ့ ကိုလှလည်း ပါပါတယ်။ သူ့လိုပဲ အလေးမနဲ့ အားကစားလိုက်စားတဲ့ ကိုလှက ကိုဇော်ဝိတ်ကို သူ့မဂ္ဂဇင်းမှာ လစဉ် ကာယ ဗလဆိုင်ရာတွေ ရေးခိုင်းသလို အိန္ဒိယမှာ အလေးမနဲ့ ကာယဗလချန်ပီယံဆုတွေပိုက် ပြန်လာတဲ့ ကိုဇော်ဝိတ်ကို ငွေဖလားဆုချတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုမိတ်ဆွေတွေ ကူညီမှုနဲ့ တိုင်းပြည်ကို အလှူခံပြီး ၁၉၃၆ ဘာလင်အိုလံပစ်မှာ ဇော်ဝိတ်ကြီး အလေးမပြိုင်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောတတန်၊ မီးရထားတတန်နဲ့ ဘာလင်ထိ သွားခဲ့ရတဲ့ ကိုဇော်ဝိတ်နဲ့ ဦးရှိန်တို့ ဆရာတပည့်ဟာ ခရီးပန်းတဲ့ကြားက လေ့ကျင့်ချိန်လည်း ကောင်းကောင်းမရဘဲ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ခဲ့တာတောင် ၁၂ စတုံတန်းမှာ အဆင့် ၁၁ ချိတ်ခဲ့ပြီး အမြန်မမှာ တတိယရခဲ့တယ်လို့ မင်းယုဝေရဲ့ ပထမမြန်မာများမှာ ဖော်ပြပါတယ်။ အိုလံပစ်အပြီးမှာ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန်မှာ ရှိတဲ့ အားကစားလုပ်ငန်းတွေကို ကြည့်ရှု့လေ့လာ ခဲ့ကြပါတယ်။
သူတို့သွားခဲ့တဲ့ ဘာလင်အိုလံပစ်ဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင် နောက်ဆုံးကျင်းပတဲ့ အိုလံပစ် ဖြစ်သလို ဟစ်တလာရဲ့ နာဇီဝါဒကို ပွဲထုတ်တဲ့ အိုလံပစ် ကြီးလည်း ဖြစ်ပါတယ်။ အာရိယံသွေးသာ အမြတ်ဆုံးဆိုပြီး ကြွေးကြော်တဲ့ ဒီပွဲမှာ အမေရိကန်လူမည်း ကစားသမား ဂျက်စီအိုဝင် ရွှေတံဆိပ်လေးခုထိ ရခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီလို အာဏာရှင်တွေ လက်စောင်းထက်တာကို မြင်ခဲ့တဲ့ ကိုဇော်ဝိတ်ဟာ သူ့အပေါင်းအသင်းထဲက အာဏာရှင်တယောက် ပေါ်ထွန်းလာပြီး မြန်မာပြည်ကို နှစ်ရှည်အုပ်စိုးမှာကိုတော့ ကြိုမသိနိုင်ခဲ့ပါဘူး။
လန်ဒန်အိုလံပစ်မှာ ဘီဘီစီရောက်လာတဲ့ မျိုးသန့် (ယာစွန်)
တော်လှန်ရေးနဲ့ အားကစား
မြန်မာပြည်ပြန်ရောက်ပြီးနောက် ပထမဆုံး မြန်မာအားကစားပွဲကြီးတွေ ကျင်းပဖို့ ကိုဇော်ဝိတ်နဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းခဲ့ကြပါတယ်။ သခင်ခေါင်းဆောင် တွေရဲ့ တရားပွဲတွေမှာလည်း ဇော်ဝိတ်ရဲ့ ကာယအလှပြတွေနဲ့ ဆွဲဆောင်ခဲ့ပြန်ပါတယ်။ ကမ္ဘာစစ်အတွင်းမှာတော့ ဗိုလ်နေဝင်းနဲ့ သခင်ချစ်၊ သခင်လင်းစတဲ့ တခြားတော်လှန်ရေးသမားတွေနဲ့အတူ ကိုဇော်ဝိတ်တို့ မြေအောက်လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စစ်ပြီးခေတ်မှာတော့ ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ထူထောင်ပြီး ကိုဇော်ဝိတ် ညွှန်ကြားရေးဝန် ဖြစ်ခဲ့ပါတယ်။ လန်ဒန်အိုလံပစ်မှာ ပထမဆုံး မြန်မာအားကစားအဖွဲ့ လာရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် သူနဲ့ သီဟဗလ ဦးသော်ဇင်စတဲ့ လူကြီးတွေ တာဝန်ယူခဲ့ကြပါတယ်။
ဟယ်လ်ဆင်းကီး အိုလံပစ်ရောက် ကျားဘငြိမ်း
ဦးဇော်ဝိတ်လက်ထက် မြန်မာ့အားကစားမောင်မယ်တွေဟာ အရှေ့တောင်အာရှနဲ့ အာရှပွဲတွေမှာ ယှဉ်ပြိုင်ပြီး ဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ကြပါတယ်။ အိုလံပစ်မှာတော့ အနှစ် ၈ဝ ကျော်ကြာတဲ့အထိ မြန်မာက ဘာဆုမှ မချိတ်နိုင်သေးပါဘူး။ ဦးဇော်ဝိတ်ရဲ့ အားကစားဆောင်ရွက်ချက်တွေအတွက် ရန်ကုန်တက္ကသိုလ်က ၁၉၅၄ မှာ ဂုဏ်ထူးဆောင်ဘီအေဘွဲ့ အပ်နှင်းခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်း နိုင်ငံမှာ စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့ပြီး အားကစား လေ့ကျင့်ရေး လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် လွတ်လပ်ရေးရစကလောက် အောင်မြင်မှုတွေ မဆွတ်ခူးနိုင်တော့ပါဘူး။
ဦးဇော်ဝိတ်ဟာ ၁၉၉ဝ ကျော် နဝတ အစိုးရခေတ် အမျိုးသားအားကစားပွဲတော်တွေမှာ လမ်းလျှောက်ချီတက်တာတွေ လုပ်ခဲ့ပါသေးတယ်။ ဒီလို ဦးဇော်ဝိတ်ကို စစ်အစိုးရအဆက်ဆက်က ထုတ်သုံးခဲ့ပေမယ့် တကယ်တမ်း အားကစားအောင်မြင်မှုတွေ ရရှိရေးမှာတော့ သူနဲ့ တခြား အားကစားချန်ပီယံဟောင်းတွေဆီက မည်မည်ရရ အကြံဉာဏ် ယူခဲ့ပုံ မရှိပါဘူး။
ကစားသမားတယောက်တည်းနဲ့ ချီတက်ခဲ့ရတဲ့ ၂ဝ၂ဝ မြန်မာအိုလံပစ်အသင်း
၂ဝ၂၁ တိုကျို အိုလံပစ်မှာတော့ မြန်မာစစ်အစိုးရကို ကိုယ်စားပြု မယှဉ်ပြိုင်လိုဘူးလို့ ကန့်ကွက်သူ ရေကူးအားကစားသမား ရှိလာသလို သွားရောက် ယှဉ်ပြိုင်သူတွေလည်း ရှိခဲ့ပါတယ်။ ကိုဗစ်ကာလ အားကစားလှုပ်ရှားမှုတွေ ငြိမ်သက်နေပေမယ့် အိုလင်းပစ်ကိုသွားကာပြိုင်မယ်မြန်မာတို့ ဂုဏ်တက်အောင် ကြံရွယ်စတဲ့ မကြည်အောင်ရဲ့ ကမ္ဘာတလွှားသီချင်းကတော့ တချိန်က ဇော်ဝိတ်ကြီးရဲ့ အောင်မြင်မှု၊ အားကစားနဲ့ နိုင်ငံရေး လွတ်လပ်ရေး လှုပ်ရှားခဲ့မှု တွေကို ပြန်ပြောင်း အောက်မေ့စေပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။