မွေးသက္ကရာဇ်မသိသူအားဧကံသပညာဖြင့်ဟောနည်း
အဘဆရာကြီးမင်းသိင်္ခရဲ့ “ဧကံသဗျာကရဏဗေဒ”လို့ခေါ်တဲ့ ဧကံသဟောနည်းဟာ ထူးခြားတဲ့ဗေဒင်ဟောနည်းတစ်ခုဖြစ်ပါတယ် ။ အဘဆရာကြီးမင်းသိင်္ခမှာ တပည့်ပေါင်းများစွာရှိပါတယ် ။ အားလုံးကို ပညာစုံသင်ပေးထားပေမယ့် တပည့်တစ်ယောက်နဲ့ တစ်ယောက်ဟာ အထူးပြုလေ့လာတဲ့ ပညာရပ်ခြင်းမတူကြပါဘူး ။ ကိုယ်သန်ရာ သန်ရာပညာရပ်တွေကို လေ့လာကြရင်းနဲ့ မတူညီကြတဲ့ ပညာရှင်အသီးသီး ဖြစ်လာကြပါတယ် ။
ဥပမာအားဖြင့်…
ဆရာကြီးသိဒ္ဓိဆန်းဟာ ဂဏန်းဗေဒင်နဲ့ ဆန်းကျမ်းကို အထူးပြုလေ့လာပြီး ဟောကြားလေ့ရှိပါတယ် ။
🙏ဆရာကြီးသုတဇော်ဆိုရင် မဟာဘုတ်အပိုင်းကို အထူးပြုလေ့လာထားပါတယ် ။
🙏ဆရာကြီးဖြိုးဟန်ကျော်ဆိုရင် ဧကံသကို အထူးပြုလေ့လာထားပါတယ် ။
🙏ဒါတွေက နမူနာပြောပြတာပါ ။ ဒီဆရာကြီးတွေအားလုံးဟာ ပညာရပ်အသီးသီးကို တတ်ကျွမ်းထားကြပေမယ့်လည်း သူတို့စိတ်သန်ရာ ဘာသာရပ်အပေါ်မှာစိတ်ကိုနှစ်ထားပြီး အထူးပြု လေ့လာခဲ့ကြပါတယ် ။
🙏ဆရာကြီးဖြိုးဟန်ကျော်ဟာ ဧကံသပညာရပ်အပေါ် သစ္စာရှိရှိနဲ့ကို လေ့လာအားထုတ်ခဲ့သူပါ ။ ဟောပုံပြောပုံနဲ့ ယူဆပုံတွေကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ် ။ ကျွန်တော် ဒီပညာသင်စက ပညာသဘောကို သိနေခဲ့တာတောင်မှ ဆရာကြီးဖြိုးဟန်ကျော်ရဲ့ ဟောပေါက်ကို မျက်စိလည်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ် ။
🙏ဥပမာ….
“အိမ်ရှေ့မှာ ရေတွင်းပျက်ကြီး တစ်ခုရှိနေတယ်မဟုတ်လား… ”
“ဟုတ်ကဲ့.. ရှိပါတယ် ။”
“အဲ့ဒါကြောင့် စီးပွားက ရှာမရတာကွ..။ အိပ်ပေါက်နဲ့ဖားကောက်ပဲ ။ ပြီးတော့ မင်းအိမ်ထောင်ကွဲရတာလည်း အဲ့ဒါကြောင့်ပဲ…။ ဒါပေမယ့် မင်းအခုယူထားတဲ့ မိန်းမက သောကြာထင်တယ် ။ အဲ့ဒါကြောင့် အိမ်ထောင်ထပ်ကွဲဖို့တော့ မရှိတော့ပါဘူး” ။
“ဟုတ်ပါတယ်… စီးပွားဖြစ်လာလည်း ခဏပါပဲ ။ ဘာမှအဖတ်မတင်ဘူး ။ မိန်းမက သောကြာသမီးပါ”
“အေး… အဲ့ဒီရေတွင်းကို ဖယ်ပစ်နိုင်ရင်တော့ ကောင်းတာပေါ့ကွာ… ။ ခက်တာက ရေတွင်းကြီးဖယ်ပစ်ဖို့က ဘယ်လွယ်လိမ့်မလဲ… ။ အဲ့ဒီတော့ အဲ့ဒီရေတွင်းထဲကို ရေသန့်သန့် တစ်ဖလားလောက် လောင်းထည့်ပေးလိုက်ကွ ၊ (၁၂) ကြိမ်လောင်းထည့်ပြီးရင် မင်းရဲ့စီးပွားရေးကောင်းလာမယ့်အပြင် ရှာသမျှစီးပွားအဖတ်တင်လိမ့်မယ် ။”
“စီးပွားရေးနဲ့ ရေတွင်းနဲ့ဘာဆိုင်လို့လဲခင်ဗျ”
“ဘာဆိုင်သလဲတော့ ငါလည်းမသိဘူးကွ… ငါသိတာကတော့ အဲ့ဒီရေတွင်းထဲကို ကလေးတစ်ယောက်ပြုတ်ကျပြီး အသက်ပျောက်ဖူးတယ် ။ အဲဒီကလေးက တနင်္ဂနွေသားလေးကွ ၊ တနင်္ဂနွေဆိုတော့ နာမည်အစလုံးဟာ အ ၊ ဥ ပေါ့ကွာ… အဲ့ဒီအဖြစ်အပျက်က အဲ့ဒီအိမ်ကို မင်းတို့မပြောင်းလာခင် (၅)နှစ်အလိုက ဖြစ်ခဲ့တာကွ ၊ မယုံရင် မင်းတို့ခေါင်းရင်းအိမ်မှာနေတဲ့ အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်ကို မေးကြည့်ကွ”
“ဆရာက ဘယ်လိုသိတာလဲ…အကြားအမြင်လား…ဒါမှမဟုတ် ကျနော့်အိမ်ကိုရောက်ဖူးလို့လား”
“အကြားအမြင်လည်းမဟုတ်ဘူး… မင်းအိမ်ရဲ့လိပ်စာကိုတောင် ပြောမထားတဲ့ဟာ ငါကဘယ်လိုရောက်ဖူးရမှာလဲ… အဲ့ဒါဧကံသပညာကွ..”
🙏ဒါက ဆရာကြီးဖြိုးဟန်ကျော်ရဲ့ နမူနာဟောပေါက်ပါ… ။ အဲ့ဒီအချိန်က ဆရာကြီးရဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ ရှင်းပြနေက ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့စတိုင်နဲ့တောင်တူတယ်လို့ ကျွန်တော့်စိတ်ထဲကနေ မှတ်ချက်ချခဲ့ဖူးပါတယ် ။ သင်တန်းခန်းမထဲက သင်တန်းသားတစ်ဦးကို နမူနာဟောပေးနေတာပါ ။ ဆရာကြီးမရှိမှ ကျွန်တော်အဲ့ဒီသင်တန်းသားကို စပ်စုဖြစ်တယ် ။ ဆရာကြီးဟောသွားတာ တကယ်မှန်တာလား… မေးတော့ သူကဟုတ်တယ်တဲ့… သူက ဥသျှစ်ကုန်းရွာကလာတာတဲ့…။ ဆရာကြီးပြောသလို သူ့ခြံဝိုင်းထဲမှာ ရေတွင်းပျက်ရှိပြီး အိမ်ရှေ့မျက်စောင်းထိုးမှာရှိတာတဲ့..။. ကလေးပြုတ်ကျမကျတော့ မသိပေမယ့် ပြန်ရောက်ရင် မေးကြည့်ဦးမယ်တဲ့… ။ ဘာမှမမေးရပဲ ငါ့အကြောင်းကိုဟောပြနေတာတွေကလည်း မှန်တယ်တဲ့… ။ တကယ်တော့ ဒီသင်တန်းသားကို ဆရာကြီးက ခုမှတွေ့ဖူးတာပါ ။ သူ့ပညာကို သူအရမ်း ယုံကြည်ပုံရပါတယ် ။ ကျွန်တော်တို့လည်း ဒီပညာကို သင်ခဲ့ရပေမယ့် ဆရာကြီးလောက် မဟောနိုင်တာကိုတော့ ဝန်ခံရမှာပါ ။ ဒါပေမယ့် ဆရာကြီးရဲ့ ပညာအယူအဆကိုတော့ ကောင်းကောင်းသိခွင့်ရခဲ့သလို… အဘမင်းသိင်္ခရဲ့ အကျယ်တဝင့် ရှင်းပြမှုတွေကြောင့်လည်း ကောင်းကောင်းနားလည်ခဲ့ရပါတယ် ။
🙏တကယ်တော့ ဧကံသပညာဆိုတာ Geomancy ဆိုတဲ့ပညာကို အဘက သူနားလည်တတ်ကျွမ်းထားတဲ့ ပညာရပ်တွေပေါင်းထည့်ပြီး သူ့ကိုယ်ပိုင်ပညာတစ်ရပ်အဖြစ် တီထွင်ထားခဲ့တာပါ ။ အခြေခံကျောရိုးက Geomancy ဆိုပေမယ့် တွက်ပုံ ၊ ယူဆပုံတွေက အဘမူစစ်စစ်တွေဖြစ်ပါတယ် ။ အောက်မှာ ကျွန်တော် နမူနာတွက်ပြထားပါတယ် ။
✅ တွက်နည်း ✅
✅ အကြောတွေကို ဖြေလျော့ထားပါ ။
✅ စိတ်ကို ဗလာထားပါ ။
✅ ခဲတံ ( သို့ ) ကျောက်တံလေးကို ခပ်စောင်းစောင်းကိုင်ပြီး စိတ်လွတ်ကိုယ်လွတ် အတွန့်ကလေးတွေရေးခြစ်ပါ ။ အတွန့်လေးခု ရေးရပါမယ် ။ အတွန့်တွေမှာ အစနဲ့အဆုံးက အရေးမကြီးပါဘူး ။ အလယ်ကလှိုင်းတွန့်ကလေးတွေကို ရေတွက်ပါ ။ မထင်ရှားတဲ့အတွန့်တွေ ၊ မထင်ရှားဖူးလို့ထင်ရတဲ့ အတွန့်တွေကို ချန်ထားလိုက်ပါ ။
✅ ရေတွက်လို့ရတဲ့ အတွန့်တွေကို စုံ ၊ မ ခွဲပါ ။ စုံဆို အစက်နှစ်စက် ၊ မ, ဆို တစ်စက်မှတ်သားပါ ။
✅ လေးခုလုံးရေတွက်ပြီးရင် သင်္ကေတရပါပြီ ။
✅ နမူနာဟောပြခြင်း ✅
🙏နမူနာအရ ကျွန်တော်တွက်ထုတ်လိုက်တဲ့ သင်္ကေတဟာ သောကြာအကောင် းသင်္ကေတဖြစ်ပါတယ် ။ ဒါပေမယ့် တဲရော့ကဒ်ထဲက နံပါတ် ၁၅ ဖြစ်တဲ့ The Devil ကဒ်နဲ့ညီကြောင်း အဘကဖွင့်ဆိုထားပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသင်္ကေတရဲ့အမှတ်ကလည်း (၁၅) ဖြစ်နေလို့ပါ ။ ဧကံသပညာမှာ သင်္ကေတ (၁၆) ခုပဲရှိပါတယ် ။ အဲ့ဒီသင်္ကေတကို ပြောင်းပြန်လှန်လိုက်ရင် နံပါတ် (၂) သင်္ကေတဖြစ်တဲ့ တနင်္လာအဆိုးကို ရပါတယ် ။ ဧကံသတံဆိပ်တွေရဲ့ နံပါတ်ကို ပုံသေ (၁၇) ကနေနုတ်ယူရင် ရလာတဲ့ဂဏန်းဟာ အဲ့ဒီသင်္ကေတရဲ့ ပြောင်းပြန်နံပါတ်ဖြစ်ပါတယ် ။
👉 ၁၅ = ၆
👉 ၁၅ သည် မ,ဂဏန်းဖြစ်၍
👉 ၆ သင်္ချာအရ သောကြာအကောင်း
👉 ၂ သည် စုံဂဏန်းဖြစ်၍
👉 ၂ သင်္ချာအရ တနင်္လာအဆိုး
✅ သောကြာပရိယာယ်… သံ ၊ သွပ် ၊ သစ် ၊ ခရီး ၊ ဇနီးမယား စသည် အကောင်းဟော…
တနင်္လာပရိယာယ် ငွေ ၊ ကား ၊ ကျောက် ၊ အချစ်ရေး စသည် အဆိုးဟော….
၁၅ = အမှု ၊ အိမ်မှု ၊ အိမ်ပိုင် စသည် အကောင်းဟော…
၁၂ = အကြွေး ၊ အချစ် ၊ အိမ်ခြံ စသည် အဆိုးဟော…
၅၂ = ဗိုက်ခွဲ ၊ ဗိုက်ကြီး ၊ ပုလင်းကွဲ စသည် အဆိုးဟော…
ဥပမာ….
ခရီးဝေးသွားရမယ် ။ ကောင်းတယ် ။ ဇနီးမယားရတတ်တယ် ။ ( လက်တွေ့ဟောကွက်အရ အိမ်ထောင်ကျမယ်လို့ ဟောရမှာပါ ။ ) အိမ်ထောင်ကျပြီးသား ၊ ဇနီးမယားရှိပြီးသားဆိုရင် အိမ်ကမိန်းမက အကျိုးပြုမယ် ။ သူ့ဆီကနေ အကြံကောင်းတွေ ၊ ဘာတွေရတတ်တယ် ။ အိမ်ထောင်မရှိလို့ အိမ်ထောင်ကျမယ်လို့ဟောနိုင်ပေမယ့် အချစ်ဂြိုဟ်မကောင်းလို့ ရည်းစားနှစ်ယောက်ကြား ဗျာများနေရတတ်တယ် ။ အချစ်ရေး ကံမကောင်းနိုင်ဘူး ။ အိုးပိုင်အိမ်ပိုင် ရကံရှိတယ် ။ ငွေဂြိုဟ်မကောင်းလို့ ကိုယ်ပိုင်ငွေနဲ့ ဝယ်နိုင်တာမျိုးမဟုတ်ဘူး ။ ချေးငှားပြီးမှအရစ်ကျ ဝယ်တာဖြစ်ရင်ဖြစ် ၊ မဟုတ်ရင် အမွေကိစ္စ ၊ အမှုနိုင်လို့ ဝယ်နိုင်တာမျိုး ဖြစ်လိမ့်မယ် ။ အိမ်နဲ့ခြံ ဝယ်တော့မယ်ဆိုရင် သတိထားရမယ် ။ ရုတ်တရက် အကြွေးလည်း တင်သွားတတ်တယ် ။ ကျန်းမာရေးအနေနဲ့ ပုလင်းကွဲရှတာတွေ ၊ ဗိုက်ခွဲရတာတွေ ဖြစ်တတ်တယ် ။ ( လက်တွေ့အဟောပိုင်းအရ အူအတက်ပေါက်တာမျိုးကြောင့် ခွဲစိတ်ရတာမျိုးလို့ ဟောနိုင်ပါတယ် ။ ) အိမ်ကို ဗိုက်ကြီးသည် ( ကိုယ်ဝန်ဆောင် ) လာရင် လာပြီးမကြာခင် နိမိတ်ပြည့်စုံတဲ့အတွက် ကျန်းမာရေးညံ့တတ်ပါတယ် ။
ဒါတွေက နမူနာကိုပြထားတဲ့ ပရိယာယ်တွေသုံးပြီး တိုက်ရိုက်ဟောပြတာပါ ။ တကယ့်လက်တွေ့ ဟောကွက်အရ စကားအစီအစဥ်ကျအောင်သုံးပြီး အကျယ်ဟောသင့်ပါတယ် ။
ရေးသားသူ –သာထက်ဇော် ( မကွေး )
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။